လေအဝှေ့မှာ ဝါးရုံပင်တွေ ယိမ်းနွဲသွားတော့ ထွေးစိန်ရင်ထဲ ဒိတ်ခနဲဖြစ်သွားတယ်။ မှတ်ကြီး ဝါးချွန်စူးတာ ဒီဝါးရုံတောများလား။ ထွေးစိန် နင်းလျှောက်နေတဲ့ ဝါးရွှက်ခြောက်တွေဟာ ခုမှ အသံပိုမြည် လာသလိုပဲ။ ထွေးစိန် မြန်မြန်လျှောက်ခါမှ ဝါးရုံပင်တွေက ပိုပြီး ယိမ်းနွဲ့လာသလို…၊ သစ်ရွက်ခြောက်သံတွေ ပိုပြီး ဆူညံလာသလို…။
ဘုရား မခြောက်နဲ့နော်။ ငါကြောက်တတ်တာ နင်သိရဲ့သားနဲ့။ နင် နင်က အမဲသားများကို ငမ်းငမ်းတက်။ အမလေး ဒါလေးတော့ မလုလိုက်ပါနဲ့ဟယ်…။ နင့်သားအတွက် ဟဲ့ နင့်သားလေး နေမကောင်းဖြစ်နေလို့ ခေါစာပစ်ဖို့ဟဲ့…။
ထွေးစိန် ခြေလှမ်းတွေ ပိုမြန်လာရင်း ကြောက်စိတ်က ထိန်းမရတော့ဘူး။ ဝေါကနဲ့ ဝါးရုံတော လေပြင်းတချက် အဝှေ့မှာတော့ သစ်ရွက်ခြောက်တွေပေါ်မှာ ထွေးစိန် ကဆုန်ပေါက်ပြေးပြီ။ ပုဆိုးအိတ်ထောင်ကို ကျစ်ကျစ်ပါဆုပ်ရင်း ဆံပင်ဖားလျား ဦးရေဖားလျားနဲ့ပေါ့။ အမေသာသိရင် ဘယ်လောက် ဆူလိုက်မလဲ။ ကြောက်တယ် အမေရဲ့…။ မှတ်ကြီး…ရှစ်ကြီးခိုးပါရဲ့…။ ငါ့နောက်လိုက်မလာနဲ့နော်။
—
ကျပ်တီးကုန်းရဲ့ နေဝင်ရီတရောက အမှောင်ဘက်ကို လုချင်နေပြီ။ ရွာပြင်ဘက် သစ်ပင်အုပ်တွေရဲ့ အရိပ်က ပိုပြီး မှောင်အောင် လုပ်နေသလိုပဲ။ အမေ ရက်ထားတဲ့ ဝါးဗန်းအသစ်လေးက ဝါးစိမ်းနံလေးမွှေးနေတယ်။ ဗန်းကလေးထဲမှာ ငှက်ပျောဖက်ခင်းပြီး ဆန်ထမင်း ခုနှစ်ပုံ ပုံထားတယ်။ ဆန်ထမင်းပေါ်မှာ အမဲသားဟင်းကို ပုံလို့ပေါ့။
ရွာပြင်ဘက် ချုံပုတ်တွေနားမှာ ခေါစာဗန်းကို ထွေးစိန်ချလိုက်တယ်။ ပြီးတော့ အမေမှာတဲ့အတိုင်း ဝါးယောက်မအသစ်လေးနဲ့ ခေါစာဗန်းကို တဒေါက်ဒေါက် ခေါက်ရင်း အမေသင်ပေးတဲ့အတိုင်း
“ အရှင်ကြီး အရှင်ကောင်းတို့အား ဆန်ဖြူထမင်းနဲ့ အမဲသားဟင်းဖြင့် ခေါစာများ ကျွေးပါတယ်ဘုရား၊ အပြစ်ရှိက ကျေတော်မူပါ၊ တပည့်တော်မ၏ သားလေးအား အမြန်နေကောင်းအောင် မတော်မူပါ ”
ဆိုတဲ့ စကားကို အထပ်ထပ် ရွတ်တယ်။ အမေက ခေါစာပစ်ပြီးတာနဲ့ မြန်မြန်ပြန်ခဲ့တဲ့။ ကလေးက တအီအီနဲ့ ထွေးစိန်ဆီ လက်ကလေး လှမ်းလို့…။ ဘယ်လိုလုပ် ချီအားပါ့မလဲ…။ အမေ့ရင်ခွင်ထဲက ကလေးကို တချက် ငုံ့နမ်းခဲ့ရတယ်။ မျက်နှာလေးက ပူတုန်းပဲ။ ဒါပေမယ့် မနက်ဖြန်ဆို သက်သာသွားမှာပါ။
အမေ့စကားကို နားမထောင်ဘဲ ခေါစာဗန်းနဲ့ မလှမ်းမကမ်းက အင်ရွက် ခြောက်တွေပေါ်မှာ ထွေးစိန်ထိုင်ချ ပစ်လိုက်တယ်။ ခုမှ မောလာတယ်။ တနေကုန် တနေခန်း သွားခဲ့ရတဲ့ ဗိုက်ထဲမှာ ရေပဲရှိတယ်။
အဲ အမျိုးတွေ ကျွေးတဲ့ ထန်းလျက် နှစ်လုံးရယ်ပေါ့။
ခေါစာဗန်းဘက်ကို ထွေးစိန် လှည့်ကြည့်တယ်။ ခေါစာထမင်းနဲ့ အမဲသားဟင်းပုံလေးတွေက ဒီအတိုင်းပဲရှိနေဆဲ။
“ အလို…ဘုရား…ဘုရား ချုံပုတ်တွေ နားဆီက ရိပ်ခနဲ အလိုလိုမြင်လိုက်ရသလား ”
ထွေးစိန် တကိုယ်လုံး ကြက်သီးတွေ တဖြန်းဖြန်း ထသွားတယ်။ ခေါစာကို စားဖို့ နတ်တွေ လာကြပြီလား။ နတ်တွေက တကယ် စားသလား။ အမေ ပြောဖူးတာ ထွေးစိန် မှတ်မိပါတယ်။ နတ်ဆိုတာ အငွေ့ပဲ စားတာတဲ့။ ထွေးစိန် ဒီဘက် ပြန်လှည့်လိုက်တယ်။ အမေကတော့ မျှော်နေတော့မှာပဲ။ ပြန်ရကောင်းမလား။ အို မပြန်သေးဘူး။ နတ်တွေ အငွေ့စားက သိပ်ကြာမှာ မဟုတ်ပါဘူး။ ချွတ်ချွတ်နဲ့ ချုံပုတ်လှုပ်ရှားသံတွေ…။ ထွေးစိန် လန့်ဖျပ်ပြီး ခုန်ထလိုက်တယ်။
ခေါစာဗန်းဆီ ကြည့်လိုက်တော့…ကြည့်စမ်း…ကြည့်စမ်း ထွေးစိန်ထက် အကြံဦးသူတွေ၊ လက်ထဲက ဝါးယောက်မကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း ထွေးစိန် တဟုန်ထိုး ပြေးတယ်။
ဝက်ကြီး၊ ဖိုးလုံး၊ သံခဲ၊ ဂေါက်တေးမ ကလေးတွေ ဝိုင်းနေတဲ့ ခေါစာဗန်းနားကို ထွေးစိန် ရောက်တာနဲ့ ကလေးတွေကို အတင်း တွန်းထိုးပစ်လိုက်တယ်။
“ ဟဲ့…ဖယ်စမ်း၊ ဖယ်စမ်း နင်တို့နော် နင်တို့နော် ”
ကလေးတွေက ထွေးစိန်ကို နည်းနည်းမှ အရေးမလုပ်ဘဲ ထမင်းဆုပ်တွေကို လုစားကြတော့ ထွေးစိန်တယောက် ကလေးတွေကို ဝါးယောက်မနဲ့ခုတ်ရင်း သူပါအတင်း လုစားပစ်လိုက်တယ်။
ထမင်း…ထမင်း၊ ဆန်ဖြူထမင်းနဲ့ အမဲသားဟင်းတလုပ်က ရေပဲရှိတဲ့ ဗိုက်ထဲကို အရသာရှိရှိခုန်ဝင်သွားကြတယ်။
“ ပေးဦးဟေ့…ငါ့ပေးဦး၊ သွား…သွား…သွားကြတော့ ကုန်ပြီ ဗန်းပဲ ကျန်တော့တယ် ”
အမေသာသိရင်တော့ ထွေးစိန်ကို ဝါးစိမ်းတုတ်နဲ့ ဆော်ပလော်တီး လိမ့်မယ်။ ပါးစပ်ထဲက ထမင်းလုတ်ကို အားရပါးရ ဝါးရင်း ထွေးစိန် ပြန်ပြေးခဲ့တယ်။ဝက်ကြီးတို့ ဖိုးလုံးတို့ ကလေးတသိုက်က ဆံပင်ဖို့ရို့ဖားရှား ထဘီရင်ရှားနဲ့ ထွေးစိန်နောက်က တဟေးဟေးနဲ့၊ တဲပေါက်ဝမှာ အမေထိုင်နေတယ်။ အမေ့ကို ကြောက်ကြောက်နဲ့ အမေ့ရင်ခွင်ထဲက သားလေးကို ပွေ့ယူလိုက်တယ်။
“ ဟယ် အမေ ခေါစာပစ်လိုက်တာ ကလေးကိုယ်အေးသွားပြီ ”
နွေးနွေးလေးပဲ ရှိနေတဲ့ ကလေးခန္ဓာကိုယ်ကို စမ်းသပ်ရင်း ဝမ်းသာအားရအော်တဲ့ ထွေးစိန်အသံ အဆုံးမှာ အော်သံနက်နက်ကြီးပေါ်လာတယ်။
“ ဟဲ့ အရူးမ အပေါမရဲ့ နင့်သား သေနေတာဟဲ့ သိရဲ့လား၊ နင့်သားသေပြီ မိထွေးစိန်ရဲ့ ”
ကျောက်ရုပ်တရုပ်လို ငြိမ်သက် တောင့်တင်းသွားတဲ့ ထွေးစိန်ရဲ့ မေးစေ့ပေါ်မှာတော့ ထမင်းစေ့ ဖြူဖြူလေးတွေက ဖိတ်စင်လို့…။
—
#နုနုရည်အင်းဝ
#ခေါစာ