***အစိမ်းသေကျတ်တစ္ဆေ***(စ/ဆုံး)

 

သို့နှင့် ဦကျော်ဖေက အလောင်းရဲ့ ပုခုံးနှစ်ဖက်ကိုကိုင်၊
အောင်စည်က အလောင်းရဲ့ ခြေအစုံကိုကိုင်ကာ
အလောင်းကို စောင်းပစ်လိုက်ကြ၏။

” အင်္ကျီကို နည်းနည်း မ,ကြည့် ”
အောင်ဝင်းသိန်း ထိုသို့ပြောတဲ့အခါ စိုးစိုးက မယုံသင်္ကာ
အကြည့်ဖြင့် ကြည့်ပြန်၏။

” စိုးစိုး၊ နင့်အကြည့်ကို ငါသိတယ်နော်၊ ငါပြောသလိုပဲ
လုပ်စမ်းပါဟာ ”
စိုးစိုးလည်း အလောင်းရဲ့ အနားသို့တိုးကပ်ကာ
အင်္ကျီစကို နည်းနည်း မ,ကြည့်လိုက်၏။

” အောင်မလေး ”

အလောင်းရဲ့ ကျောမှာ ဟောင်းလောင်းဖြစ်နေ၍
လေးယောက်လုံး အထိတ်တလန့်ဖြစ်သွားခဲ့ရတော့၏။

အလောင်းရဲ့ ဝမ်းဗိုက်ထဲ အူစတဲ့အရာတွေ တစ်ခုမှရှိမနေ
ပဲ သည်အတိုင်း ဟောင်းလောင်းကြီးဖြစ်နေ၏။

” ဒါ ဒါက … ”

” စိုးစိုး၊ အလောင်းလာပို့တဲ့သူက ဘာတွေပြောခဲ့တုန်း”

” အင်း၊ ပြောခဲ့ ပြောခဲ့တယ်၊ သူတို့ ပြောခဲ့တာက၊ မြို့ပြင်
မြို့စွန်က ဆည်ထဲ ခုန်ချ သတ်သေသွားတာတဲ့ ”

” ဟာ၊ ဒီအလောင်းက ရေနစ်သေတဲ့အလောင်းမှ မဟုတ်
တာ၊ ပြီးတော့ ဒီမြို့စွန်မှာ ဘာဆည်မှမရှိဘူးလေ၊
အဲဒါကို နင်မေ့နေတာလား ”

ထိုအခါမှ စိုးစိုးရော ဦးကျော်ဖေပါ ထပ်အံ့သြရပြန်၏။

မာလီ အောင်ဝင်းသိန်းပြောသလိုပင်၊ မြို့ရဲ့ အနောက်
စွန်းစွန်းမှာ ပင်လယ်ကြီးကလွဲပြီး၊ လူသေလောက်တဲ့အထိ
နက်တဲ့ ဘာဆည်မှ မရှိချေ။

လေးယောက်သား ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေ
တုန်း၊ အလောင်းမှာ ဝုန်းကနဲ တစ်ဖက်သို့ လိမ့်သွားပါ
တော့၏။

” အောင်မလေး ”
လေးယောက်လုံး နောက်ဆုတ်သွားကြ၏။

” အဖေ၊ သားတို့သွားကြရအောင် ကျနော် ကြောက်နေပြီ
ဗ် ”
အောင်စည် ထိုသို့ပြောကာ ဇရပ်ပေါ်မှ ဆင်းပြေးမလို
လုပ်နေ၍ မနည်းဆွဲထားရ၏။

” ဦးကျော်၊ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ”
စိုးစိုးလည်း မိတ်ကပ်ပစ္စည်းတွေကို ဂရုမစိုက်နိုင်တော့ပေ။

” ဟ၊ ဘယ်လိုလုပ်ရမလဲဟ၊ ငါတို့ ဒီအတိုင်း မနက်ရောက်
တဲ့အထိ စောင့်ရုံပဲရှိတော့တာပေါ့၊ မနက်ရောက်လို့
အလောင်းပိုင်ရှင်တွေလာမှ ဒီကိစ္စကို ရှင်းရမယ် ”

” ဝုန်း ”

ပြောနေရင်း အလောင်းက တစ်ဖက်သို့ စောင်းသွားပြန်၏။

အလောင်းရဲ့ အနေအထားက ဦးကျော်ဖေတို့ဖက်သို့
ကျောပေးအနေအထားဖြစ်နေ၏။

” အောင်ဝင်းသိန်း၊ အလောင်းကို ဖျာပေါ်တင်ရအောင်ဗျာ”

” အင်း ”

ဦးကျော်ဖေ နှင့် အောင်ဝင်းသိန်းတို့ အလောင်းရဲ့ အနား
သို့ ကပ်သွားကြ၏။

” အဖေ၊ မထိနဲ့ ”
အောင်ဝင်းသိန်း အလောင်းရဲ့ ခြေကို ထိခါနီး အောင်စည်
အော်ပြောလိုက်၏။

” ဘာမှ မဖြစ်ပါဘူးကွာ ”
” ကြိ ကြိ ”

ဦးကျော်ဖေ နှင့် အောင်ဝင်းသိန်းတို့ အလောင်းကို ထိမည်
အပြု၊ အလောင်းရဲ့ ခြေလက်တွေက ရုတ်တရက် ကွေး
ကောက်သွားပါတော့၏။

” အောင်မလေးဟ ”
နှစ်ယောက်လုံး နောက်ဆုတ်သွား၏။

အလောင်းမှာ တစ်ဖက်သို့ စောင်းပြီး ကွေးနေတာကြောင့်
ဟောင်းလောင်းဖြစ်နေတဲ့ ကျောပြင်က သွေးပျက်စရာ
ဖြစ်နေ၏။

လေးယောက်လုံး ဇရပ်ပေါ်မှ ဆင်းလိုက်ကြ၏။

” ဦးကျော်၊ တစ်ခုခုလုပ်ပါအုန်း၊ ဒီမှာ ကျုပ် ကြောက်လို့
သေတော့မယ် ”
စိုးစိုးကား အကြောက်လွန်၍ အသားပင် တစ်ဆက်ဆက်
တုန်နေ၏။

” ငါဘာလုပ်ရမှာလဲ စိုးစိုး၊ သုဘရာဇာ လုပ်လာတဲ့ တစ်
လျောက် ဒီလို တစ်ခါမှ မကြုံဖူးတာ၊ ခုလို လှုပ်ရှားနေတဲ့
အလောင်းနဲ့ ကြုံရလိမ့်မယ်လို့ ငါထင်ပါ့မလားဟာ ”

” အောင်ဝင်းသိန်း၊ ခင်ဗျား ရင်ခွဲရုံမှာ လုပ်ဖူးတယ်ဆို၊
ဒါဆို ဒီအလောင်းက ဘာဖြစ်နေတာလည်း ခင်ဗျား မပြော
ပြနိုင်ဘူးလားဗျာ ”

” ဘုန်း ”

“အောင်မလေးတော့ ”

ဦးကျော်ဖေ စကားပြောနေတုန်း ဇရပ်ပေါ်မှ တစ်ခုခုပြုတ်
ကျသွား၍ စိုးစိုး လန့်အော်လိုက်၏။

ဦးကျော်ဖေ နှင့် အောင်ဝင်းသိန်းတို့ ပြေးကြည့်လိုက်ကြတဲ့
အခါ ပြုတ်ကျသွားသည့်အရာကား အလောင်းကောင်ပင်
ဖြစ်နေပါတော့၏။

” ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ”
အောင်ဝင်းသိန်းကမေး၏။

ထိုအခါ အောင်ဝင်းသိန်း၏ သားဖြစ်သူက အနားသို့ရောက်
လာပြီး၊

” အဖေ၊ ဘာလုပ်ရှင်သေးလို့တုန်း၊ ဒီမှာ ကျနော်ကြောက်
လွန်းလို့ မတ်တပ်တောင်ကောင်းကောင်း ရပ်မရတော့ဘူး၊
ကျနော်တို့ ပြန်ကြရအောင် အဖေ ” ဟု ပြောလိုက်၏။

” သား၊ မင်းနဲ့ စိုးစိုး သွားကြကွာ၊ အဖေ ဦးကျော်ဖေ့ကို
ကူညီလိုက်မယ်၊ ဒီလို အခြေအနေမှာ သူ့ကို တစ်ယောက်
တည်း ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ ”

” ဟာဗျာ ”

” စိုးစိုး၊ နင် သွားချင်သွားတော့၊ မနက်မှ ပြန်လာခဲ့၊
တစ်ယောက်ယောက်ကတော့ အလောင်းစောင့်နေခဲ့ရမှာ
ပဲ၊ ဒီအတိုင်း ထားခဲ့လို့မှ မဖြစ်တာ ”

စိုးစိုး အနီးနားက အိုဟောင်းနေတဲ့ အုတ်ဂူတစ်ခုပေါ်တွင်
ထိုင်ချလိုက်၏။

” ကျုပ် ကြောက်နေတာ မှန်ပါတယ်၊ ဒါပေမဲ့ ဦးကျော်ကို
ထားခဲ့ပြီး ကိုယ်လွတ်ရုံးဖို့အထိတော့ သူရဲဘောမကြောင်
သေးပါဘူး၊ စောင့်ချင်းစောင့် မနက်ထိ အတူတူစောင့်ကြ
တာပေါ့၊

အဆိုးဆုံး ဘာဖြစ်နိုင်မှာမို့လဲ ”

စိုးစိုး ထိုသို့ ပြောပြီးတဲ့အခါ ဦးကျော်ဖေတို့ အနားသို့လာ
ရပ်၍၊ အောင်စည်လည်း ဘာမှ မပြောတော့ပဲ သူတို့နဲ့အတူ
ရပ်လိုက်တော့၏။
**** *****

လေးယောက်သား အချိန် အနည်းငယ်ကြာတဲ့အထိ
အလောင်းကို မနီးမဝေးလေးက ကြည့်နေပြီးတဲ့အခါ
နောက်ထပ်ရွေ့လျားတာကို မမြင်ရတော့၍၊ ဇရပ်ပေါ်သို့
ပြန်ရွှေ့ရန် ဆုံးဖြတ်လိုက်ကြ၏။

စိုးစိုးနှင့် အောင်စည်က ဇရပ်ပေါ်တတ်ပြီး၊ မီးအိမ်ကို ယူခဲ့
လိုကျကွ၏။

ဦးကျော်ဖေ နှင့် အော်ဝင်းသိန်းတို့က အလောင်းကို
မ, ကာ ဇရပ်ပေါ်သို့ ရွှေ့ရန်ပြင်ကြပါတော့၏။

ဇရပ်ပေါ်သို့ရောက်ပြီး၊ အလောင်းကို ဖျာပေါ်တွင်
နေရာတကျ ချပြီးသည်အထိ ဘာမှ မဖြစ်ပေမဲ့၊
လေးယောက်သား ဇရပ်ပေါ်မှ ဆင်းကာနီး …

” ဖူး ”
စိုးစိုး လက်ထဲမှ မီးအိမ်ကို တစ်ယောက်ယောက်က မှုတ်
လိုက်၍၊ မီးငြိမ်းသွားပါတော့၏။

” ဟာ ”

” ဟေ့၊ ဘယ်လို ဖြစ်တာလဲ၊ မီးမြန်မြန် ထွန်းဟ ”

” ဟင် ”

” အောင်စည်၊ ရော့ မီးခြစ်ဆံဘူးကိုယူ မီးညှိ၊ ကျုပ် မီးအိမ်
ကို ကိုင်ထားပေးမယ် ”
အောင်စည် စိုးစိုးလက်ထဲမှ မီးခြစ်ဆံဘူးကို ယူကာ
မီးညှိရန် ကြိုးစားပါတော့၏။

” ချွန်း ”

” ဖူး ”

သည်အကြိမ်တွင် မီးခြစ်ဆံမှ မီးကို မှုတ်ပစ်လိုက်သော
မျက်နှာကို အောင်စည် တစ်ယောက် အသေအချာမြင်
လိုက်ရပါတော့၏။

ထိုမျက်နှာပိုင်ရှင်ကား …

” အောင်မလေး၊ အမေ့!!!

အောင်စည် အထိတ်တလန့်အော်ကာ ဇရပ်ပေါ်မှ ခုန်ချ
သွား၍၊ တစ်ခြားသူတို့လည်း လျင်မြန်စွာပင် ဆင်းလိုက်
ကွ၏။

” အောင်စည်၊ ဘာဖြစ်တာလည်း၊ ဘာမြင်လိုက်လို့လဲ ”

” အဖေ၊ အဖေ၊ သား သား မြင်လိုက်တယ် ”
အောင်စည် ဇရပ်ပေါ်သို့ ကြည့်ကာ ပြောလိုက်၏။

” သား၊ ဘာမြင်လိုက်တာလဲ၊ အဖေ့ကိုပြော အဖေ့ကိုပြော”
ထိုအချိန်၌ စိုးစိုးကား ဇရပ်အနီးမှာ မွှေးထားတဲ့ မီးပုံက
မီးစတစ်စကိုယူ မီးအိမ်မှာ မီးညှိပြီး၊

မီးအိမ်ကို မြှောက်ကာ …

” ဦးကျော်၊ အောင်ဝင်းသိန်း ဟိုမှာ ” ဟု ပြော၍၊
ဦးကျော်ဖေ ဇရပ်ပေါ်သို့ ကြည့်လိုက်တော့၊

သူတို့ကို ကျောပေးကာ ဇရပ်ပေါ်မှ ခြေကို တွဲလျားချပြီး
ထိုင်နေသော ကောင်မလေးကို တွေ့လိုက်ရပါတော့၏။
***** *****

ထိုတစ်ညလုံး မည်သူမျှ ဇရပ်အနားသို့မကပ်ကြပဲ
မနီးမဝေးကသာ စောင့်ကြည့်နေကြ၏။

ကောင်မလေးလည်း ဇရပ်ပေါ်မှာ ခြေတွဲလျားချကာ
တစ်ညလုံး ထိုင်နေပြီး၊ တစ်ခါတခါ ခြေကို လှုပ်ယမ်းတတ်
သေး၏။

သို့နှင့် အရုဏ်တက်မည့်အချိန်သို့ နီးကပ်လာပါတော့၏။

” ဟာ၊ မရှိတော့ဘူးဟေ့ ”
ရုတ်တရက် ထ ပြောလိုက်သည်က ဦးကျော်ဖေပင်။

ဦးကျော်ဖေရဲ့ စကားကြောင့် ကျန်တဲ့သူတွေလည်း ဇရပ်
ပေါ်သို့ ကြည့်လိုက်တော့ ကောင်မလေးကို မတွေ့ရတော့
ချေ။

ထိုအခိုက်မှာပင် သုဿာန်အဝင်ဝဖက်က မီးရှုး၊ မီးတုတ်
ကိုယ်စီနှင့် ဆူဆူညံညံဖြင့် လာနေသော လူတစ်စု၏ အသံကို ကြားလိုက်ကြရပါတော့၏။

” ဦးကျော်၊ သေဆုံးသူရဲ့ မိသားစုဝင်တွေ လာကြပြီထင်
တယ်၊ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲတော့ ”
စိုးစိုး၊ စိုးရိမ်စွာ ပြောလိုက်၏။

” ပြဿာနာပါပဲ၊ ငါတို့ ဘာလုပ်ကြမလဲဟ၊ ကောင်မလေး
ရဲ့ အလောင်း တစ်နေရာရာမှာများ ရှိနိုင်လောက်မလား၊
ရှာကြည့်ကြတာပေါ့ ”

သို့နှင့် လေးယောက်သား ဂူတွေကြားထဲ ရှာကြည့်ကြပေမဲ့
ရှာမတွေ့ပေ။

သုသာန်ထဲ ဝင်လာသည့် လူအုပ်ရဲ့ အသံကလည်း
တဖြည်းဖြည်းနီးကပ်လာနေ၍၊ အကုန်လုံး အထိတ်တလန့်
ဖြစ်နေကြ၏။

” ဒုက္ခပဲကွာ၊ မိသားစုဝင်တွေရောက်လာလို့ ကောင်မလေး
ရဲ့ အလောင်းကို မတွေ့ရင် ငါတို့တော့ မရှုမလှ ဒုက္ခ
ရောက်တော့မှာပဲ၊

စိုးစိုး၊ နင် ဇရပ်ပေါ်သို့ သွားကြည့်လိုက်ဟာ၊ ငါတို့ အောက်
မှာ ရှာကြည့်မယ် ”

စိုးစိုးလည်း ဦးကျော်ဖေရဲ့စကားကို မငြင်းတော့ပဲ ဇရပ်
ပေါ်သို့ ချက်ချင်းတက်သွား၏။

” အားးးး၊ ဦးကျော်၊ ဦးကျော်၊ ဒီမှာ လာကြည့်ပါအုန်း ”
စိုးစိုးရဲ့ အော်သံကြောင့် ဦးကျော်ဖေတို့လည်း ဇရပ်ပေါ်
သို့ ပြေးတက်လာခဲ့ကြ၏။

” စိုးစိုး၊ ဘာဖြစ်လို့လဲ၊ ဘာမြင် ….. ”
ဦးကျော်ဖေ အသံတိတ်သွားတော့၏။

သူမြင်လိုက်ရသည်က ဟောင်းနွမ်းညစ်ပေကာ၊ သဲတွေ
လူးကပ်နေတဲ့ ဖျာနှင့် လိပ်ထားသော ဧရာမဖွတ်ကြီးတစ်
ကောင်ကို တွေ့လိုက်ရပါတော့၏။

” ဒါ၊ ဒါက …. ”

ဦးကျော်ဖေက ဖွတ်ကြီးရဲ့ ကျောဘက်ကိုကြည့်လိုက်တဲ့
အခါ၊ ကောင်မလေးရဲ့အလောင်းလို ဟောင်းလောင်းဖြစ်
နေပါတော့၏။

” ဦးကျော်၊ ဒါက ဘယ်လိုဖြစ်တာတုန်းတော့၊ ခဏနေ
မိသားစုတွေရောက်လာရင် ကျုပ်တို့ ဘယ်လိုပြောရမတုန်း
တော့ ”
စိုးစိုး၊ စိုးရိမ်စွာဖြင့်၊ ဟိုဘက်သည်ဘက်လမ်းလျှောက်လိုက်၊
ဖျာနဲ့လိပ်ထားတဲ့ဖွတ်ကြီးကို ကြည့်လိုက်နှင့် ပြော၏။

” ဟေ့၊ နေအုန်း၊ ခုနက မီးရှုးမီးတုတ်တွေနဲ့ လာနေကြတဲ့
လူတွေရဲ့ စကားပြောသံကို ကြားကြသေးလား ”

သုံးယောက်လုံး ခေါင်းခါပြ၏။

“ခုနက မီးရှုးမီးတုတ်တွေနဲ့ လာနေကြတဲ့ လူအုပ်ကို
မြင်လိုက်ကြသလို၊ သူတို့ စကားပြောသံတွေကိုလည်း
ကြားလိုက်ကြတယ်မလား ”

” အင်းလေ ”

” ဒါဆို၊ အဲ့လူအုပ်ကြီးက ခု ဘယ်မှာတုန်း ”
ထိုအခါမှ တစ်ခြားသူများလည်း သဘောပေါက်သွားကြ၏။

” ငါထင်တယ်၊ အစကတည်းက ဒီအလောင်းက ထူးဆန်း
နေပါတယ်လို့၊ သေချာပေါက် သူတို့တွေက လူစင်စစ်
မဟုတ်ဘူး ”

” ဟင် ”

” အဲဒါ၊ ကျတ်တစ္ဆေတွေနေမှာ ”

ကျတ်တစ္ဆေဆိုတာကို စိုးစိုး နားလည်ပေမဲ့၊ မာလီတို့သား
အဖကား ခေါင်းကုတ်နေကြ၏။

” ဦးကျော်၊ ဒါဆို မနေ့ညက ဦးကျော်တူးထားတဲ့ကျင်း … ”

စိုးစိုးဘာကို ဆိုလိုမှန်း ဦးကျော်ဖေ သဘောပေါက်၍၊

” မပူပါနဲ့ဟာ၊ ငါလည်း ၂ပေ ၃ပေလောက်ပဲ တူးရသေး
တယ်စိုးစိုးရ၊ မြေမြှပ်မလား၊ မီးသင်္ဂြိုလ်မလား ငါမှ မမေး
လိုက်ရသေးတာ ”

သို့နှင့် ဖွတ်ကြီးရဲ့ အလောင်းကို ဖျာလိပ်ကလေးနဲ့ပဲ
လိပ်ပြီး၊ ဦကျော်ဖေတူးထားတဲ့ ကျင်းထဲ ထဲမြှပ်လိုက်ကြ
တော့၏။

မြေဖို့ခါနီး၊ စိုးစိုး တစ်ယောက် အလောင်းလာပို့တဲ့လူထဲမှ
လူတစ်ယောက်ပေးထားတဲ့သော လက်စွပ်ကို သတိရ၍
ထုတ်ကြည့်လိုက်တော့၊

သေပြီး ခြောက်ကပ်နေသော အိမ်မြှောင်တစ်ကောင်ဖြစ်နေ
သည်ကို တွေ့လိုက်ရ၍၊
ကျင်းထဲပစ်ချကာ တစ်ခါတည်းမြေမြှပ်ပစ်လိုက်တော့၏။

ကိစ္စတွေပြီးတဲ့အခါ မာလီသားဖလည်း ပြန်သွားသလို၊
စိုးစိုးလည်း မိတ်ကပ်ပစ္စည်းတွေကို သွားသိမ်း၏။

ဦးကျော်ဖေကား ဖွတ်ကြီးကို မြှပ်ထားတဲ့ မြေစာပုံနဘေးမှာ
ထိုင်ကာ ….

” အော်၊ လူတွေကို မြှပ်တဲ့ သုဿာန်မြေမှာ မြှပ်နှံ့ခွင့်ရတဲ့
ကျတ်တစ္ဆေလေးပါလား၊
ကောင်းရာမွန်ရာရောက်ပါစေကွယ် ” ဟု မေတ္တာပို့ပြီး၊

” ဟူးး၊ ငါ့မှာဖြင့် ကြောက်လိုက်ရတာ တစ်ညလုံးပဲ၊
လက်စသက်တော့ လူမှမဟုတ်ပဲကိုး ” ဟု ညဉ်းကာ

ကိုယ့်အဖြစ်ကိုယ်ပြန်တွေးပြီး ပြုံးလိုက်ပါတော့၏။
**** ***** ***** *****

(ပြီးပါပြီ )

#likeနဲ့shareလေးလုပ်ပြီးအားပေးပါဦးနော်