အောင်မြတ်သာနှင့်နန်းစဉ်သခင်မြနန်းရှင်

 

စျေးလာဝယ်သူရဲ့ ဒုတိယအကြိမ်မေးတဲ့အသံကိုကြား​တဲ့ အဖိုးညိုမောင်က ကြားထဲကနေဝင်ပြီးကူရောင်းပေးခဲ့တယ်။ စျေးဝယ်သူပြန်သွားတဲ့အချိန်မှာတော့

“ သခင်မလေး ဒီလူကိုယ်ကနေ အမျိုးအမည်မသိတဲ့ လှိုင်းတစ်ခုထွက်နေတာသတိထားမိလား”

“ သတိထားမိတာပေါ့ အဖိုးရယ်… ဒီလူက ကျွန်မတို့ရှာနေတဲ့အဖွဲ့ထဲကပဲဖြစ်ရမယ်…”

“ ဒီတော့ သခင်မလေး ဘယ်လိုလုပ်ချင်လဲ… သူတို့ကြောင့်ရွာတော့အပျက်မခံနိုင်ဘူး”

“ သိပ်လဲ အလောမကြီးပါနဲ့ အဖိုး… သူတို့တွေ နန်းစဉ်ရွာကို မထိသေးသရွေ့ မြနန်းတို့ရန်သူမဟုတ်သေးပါဘူး”

မြနန်းစကားကိုကြားတော့ အဖိုးညိုမောင်မျက်နှာ အနည်းငယ်ပျက်သွားပြီးကာမှ ပြန်ထိန်းလိုက်ပြီး

“ သခင်မလေး ဆန္ဒအတိုင်း ဆုံးဖြတ်ပါ”လို့ပြောကာ အသက်ရွယ်နဲ့မလိုက်အောင် လှည်းပေါ်ကိုတက်သွားခဲ့တယ်။

ညနေမှောင်စပျိုးတဲ့အချိန်မှာတော့ ပုခက်တွင်းရွာထဲကနေ ထွက်သွားတဲ့ နွားခလောက်သံတွေနဲ့အတူ ခွေးဟောင်သံအချို့ထွက်လာခဲ့တယ်။
++++++++

“ အောက်အီးအီးအွတ်”

ညဦးပိုင်းမှာတွန်တဲ့ကြက်သံကြောင့် မြေစိုက်တဲတစ်ခုအတွင်းမှာရှိနေတဲ့အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရက ရေးဆွဲထားတဲ့ အင်းစမတွေကို လွယ်အိတ်ထဲထည့်လိုက်ပြီး

“ အဲဒီမိန်းကလေးက နန်းစဉ်ရွာရဲ့အကြီးအကဲဖြစ်နိုင်ပါ့မလားဆရာ”

“ ဘာဖြစ်လို့ ဒီမေးခွန်းကိုမေးတာလဲ”

“ ဟိုလေ ဒီအသက်အရွယ်နဲ့ အထင်ကရရွာတစ်ခုရဲ့ အကြီးအကဲဖြစ်နိုင်ပါ့မလားဆိုပြီး တွေးမိလို့ပါ”

“ ဒါကတော့ သူနဲ့ရင်ဆိုင်တဲ့အခါ သိရမှာပေါ့…”

“ ဆရာ ကျွန်တော်လဲတစ်ခုလောက်မေးကြည့်ချင်လို့”

“ ဘာများမေးချင်လို့လဲ …”

“ ကျွန်တော်တို့ကြောင့် လွတ်သွားတဲ့ နန်းတွင်းကဝေအချုပ်ရဲ့ဝိဉာဉ်ကို ဘာကြောင့်ပြန်ဖမ်းရတာလဲသိချင်လို့ပါ”

“ မင်းတို့ စိတ်ရှင်းအောင်ပြောရရင် လွတ်သွားတဲ့ကဝေမကြီးကြောင့် အပြစ်မဲ့တဲ့သူတွေမသေစေချင်လို့ ပြန်ဖမ်းရတာပဲ”

“ အခုဆို သူတို့ဘက်ကလဲ ကျွန်တော်တို့ကိုအနံ့ခံပြီး လိုက်လာတာ ဆရာအမြင်ပဲ… တကယ်ဆို ကျွန်တော်တို့က လက်ဦးမှုယူပြီး ဖမ်းရမှာမဟုတ်ဘူလား”

“ ဒီကိစ္စက မင်းတို့ထင်သလောက်မလွယ်ဘူး … နန်းစဉ်ရွာကပညာသည်အားလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ထူးခြားတဲ့အစီအရင်လိုတယ်”

“ ဗျာ…. “

“ ဟုတ်တယ် … ဒီအစီအရင်က ဘာဖြစ်မလဲဆိုတာ ငါကိုယ်တိုင်လဲမသိသေးဘူး… အခုလောလောဆယ် မင်းတို့ကိုယ်မှာရှိတဲ့ လေပွေအင်းကို ဖြုတ်ထားလိုက်ကြ”

အောင်မြတ်သာစကားကြောင့် သက်နဲ့တောက်ရတို့ရဲ့ညာဘက်လက်မောင်းရင်းမှာပတ်ထားတဲ့ လေပွေပုံစံအင်းစမကို ဖြုတ်နေရင်း
“ ဆရာရှိနေရင် ဘယ်လိုရန်သူမဆိုမကြောက်ပါဘူး… ဟုတ်တယ်မလား ဆရာသက်ခိုင်”

“ ဟုတ်တာပေါ့ ဆရာရှိနေရင် ငါတို့မဲ့တစ်ပေါက်မစွန်းစေရဘူးဆိုတာယုံပြီးသား” လို့ပြောကာ ဖြုတ်ထားတဲ့ လေပွေအင်းကိုလွယ်အိတ်ထဲထည့်လိုက်တဲ့အချိန် အောင်မြတ်သာ မျက်နှာအနည်းငယ်ပြုံးယောင်သမ်းသွားခဲ့တယ်။

ညသန်းခေါင်အချိန်ရောက်တော့ အောင်မြတ်သာက

“ ငါတို့တွေ နန်းစဉ်ရွာကိုသွားဖို့အချိန်ကျပြီ… “ လို့ပြောကာ လွယ်အိတ်ကိုလွယ်ပြီး ထွက်သွားခဲ့တယ်။

ဖုန်တွေခြေမျက်စိထိမြုပ်တဲ့ လှည်းလမ်းကြောင်းကနေ နှစ်နာရီလောက်သွားပြီးတဲ့အချိန်မှာတော့ လက်ငါးသစ်လောက်ထူတဲ့ ကျွန်းပြားပေါ်မှာ ပန်းကနုတ်တွေနဲ့အလှဆင်ထားတဲ့ နန်းစဉ်ရွာဆိုတဲ့စာလုံးကိုမြင်လိုက်ရတယ်။

အောင်မြတ်သာက ရွာထိပ်ကိုရောက်တော့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး

“ အခုချိန်ကစပြီး သတိထားကြတော့ … ရွာထဲမှာ စက်ကြိုးတွေက သပွတ်အူလိုရှုပ်ထွေးနေပြီ” လို့ပြောကာ ညှင်သာတဲ့ခြေလှမ်းနဲ့ရွာထဲကိုဝင်လာခဲ့ကြတယ်။

လရောင်က မလင်းလွန်း မမှိန်လွန်းဖြစ်နေတဲ့အတွက် ရွာလမ်းမတစ်လျောက်ကိုကောင်းစွာမြင်တွေ့နေခဲ့တယ်။ အဲဒီအချိန် အနောက်ကနေ ကပ်ပါလာတဲ့ခြေသံကြောင့် အောင်မြတ်သာရဲ့ခြေလှမ်းတွေရပ်လိုက်ပြီး လွယ်အိတ်ထဲပါကနေ တစ်ထွာသာသာရှိတဲ့ ဝါးမင်းသားကိုထုတ်ကာ မြေကြီးပေါ်ကိုလက်ပြန်ထိုးစိုက်လိုက်တယ်။ ဝါးမင်းအသားလဲာမြေကြီးပေါ်အစိုက် ရွာအလယ်မှာရှိတဲ့ အိမ်တစ်အိမ်ကနေ နာကျင်စွာအော်လိုက်တဲ့အသံကို ကြားလိုက်ရတယ်။

“ ဆရာ … သူတို့က ကျွန်တော်တို့လာမှာ ဘယ်လိုသိနေကြတာလဲ”

တောက်ရစကားကို အောင်မြတ်သာက ချက်ချင်းမဖြေသေးပဲ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီး

“ အင်းလေပွေကိုဖယ်လိုက်တဲ့အတွက် ငါတို့ဘယ်ရောက်နေတယ်ဆိုတာ သိနေခဲ့တာ… ဒါက သူတို့အတွက် အကြီးမားဆုံးအမှားပဲ” လို့ပြောကာ လွယ်အိတ်ထဲမှာပါလာတဲ့ အင်းစမ ရှစ်ရွက်ကိုထုတ်ပြီး လေထဲပစ်တင်လိုက်တယ်။

အင်းစမချပ်တွေက လေထဲရောက်တာနဲ့ ပြာမှုန်တွေအဖြစ်ပြောင်းသွားပြီးတစ်ရွာလုံးကို ထွက်ပေါက်မရှိအောင် ပိတ်ထားလိုက်ကြတယ်။ အဲဒီအချိန်

“ ဆရာ …. ဟိုမှာကြည့်ဦး”

အောင်မြတ်သာလဲ သက်ခိုင်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်ရာ ပဝါအမဲကိုခြုံထားပြီးတောင်ဝှေးကို တစ်ဒေါက်ဒေါက်ထောက်ကာ လာနေတဲ့ ပုံရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

“ ဟင် အရိပ်လဲမထွက်ဘူးဆရာ”

“ အရိပ်မထွက်မှတော့ လူမဖြစ်နိုင်ဘူး… ဒီကောင်ကနာနာဘာဝပဲဖြစ်ရမယ် .. မှန်းစမ်း”

သက်ခိုင်စကားသံအဆုံးမှာ တောင်ဝှေးကိုထောက်ပြီးလာနေတဲ့ပုံရိပ်က ရုတ်တရက်ငြိမ်သက်သွားခဲ့တယ်။

“ သက်ခိုင် သတိထား….”

အောင်မြတ်သာစကားမဆုံးခင်မှာပဲ ငြိမ်နေတဲ့ပုံရိပ်က ဖျတ်ခနဲပြေးအဝင် သတိကပ်ထားတဲ့သက်ခိုင်က အနားမရောက်ခင်မှာပဲ လက်ပြန်ရိုက်ချလိုက်ရာ အနောက်ကိုငါးပေလောက်လွင့်ထွက်သွားခဲ့တယ်။

မကြာခင် ကြောက်မက်ဖွယ်အသံတွေနဲ့အတူ အပုတ်နံ့တွေလှိုင်ခနဲထွက်လာခဲ့တယ်။

“ ဒီကောင်တွေ ငါတို့စိတ်ကိုလှည့်စားနေတာ အားလုံးသတိမလွတ်စေနဲ့”

အောင်မြတ်သာရဲ့သတိပေးသံကြောင့် သက်ခိုင်နဲ့ တောက်ရတို့နှစ်ယောက်လုံး စိတ်မထွေပြားအောင် သတိကပ်ထားလိုက်ကြတယ်။

“ ငါတို့ရွာထဲကနေထွက်သွားစမ်း…”

“ ပြောလို့မရရင် ရိုက်သတ်ပစ်”

“ ဟုတ်တယ် ဒီကောင်တွေကို အရှင်မထားနဲ့ သတ်ပစ်သတ်ပစ်” ဆိုတဲ့အသံတွေက နေရာအနှံ့ကနေထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန် ပြင်းထန်တဲ့လှိုင်းတစ်ခုက ကျောအနောက်ဘက်ကနေဝင်လာပေမယ့် အောင်မြတ်သာကာထားတဲ့စည်းကြောင့် “ ဖောင်း” ဆိုတဲ့အသံနဲ့အတူ မီးစတွေပွင့်ထွက်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ အဲဒီတော့မှ အနောက်ကိုလှည့်ကြည့်လိုက်ရာ ဆံပင်ကိုတစ်ပတ်လျှိုထုံးထားပြီး မျက်ထောက်နီနဲ့စူးစိုက်ကြည့်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဆရာ ဒီမိန်းကလေးက ပုခက်တွင်းရွာမှာတွေ့ခဲ့တဲ့သူပဲ”

သက်ခိုင်စကားအဆုံးမှာ စူးစိုက်ကြည့်နေတဲ့ မိန်းကလေးရဲ့ ကိုယ်ထဲကနေ ညိုညစ်ညစ်အခိုးငွေ့တွေထွက်လာခဲ့တယ်။

“ သူ့ပညာအကုန်ထုတ်သုံးတော့မယ့်ပုံပဲ… သတိထားကြ”

အောင်မြတ်သာစကားမဆုံးခင်မှာပဲ အရပ်လေးမျက်နှာကနေ အရှိန်ပြင်းတဲ့စက်တွေလာရောက်ရိုက်ခတ်ပါလေရော။ ပညာစွမ်းမြင့်တဲ့စက်တွေက အောင်မြတ်သာကာထားတဲ့ စည်းကို ထိုးဖောက်ဖို့ကြိုးစားကြပေမယ့် အထဲကိုမဝင်နိုင်ပဲ ဘေးနဲ့အပေါ်ကိုသာ လွင့်ထွက်သွားခဲ့တယ်။

“ ဆရာ သူတို့က တစ်ရွာလုံးအားနဲ့ ကျွန်တော်တို့ကို တိုက်နေပြီ… ဘာဆက်လုပ်ရမလဲ”

“ ဟုတ်တယ်ဆရာ သူတို့စက်တွေက အရမ်းအားကောင်းလွန်းတယ်… “

သက်ခိုင်နဲ့ တောက်ရက ဝင်လာတဲ့ စက်တွေကို အစွမ်းရှိသလောက်ခုခံနေသလို အောင်မြတ်သာကလဲ သူ့ဆီရောက်နေတဲ့ စက်ကိုဖြတ်တောက်နိုင်ဖို့ ကြိုးစားနေခဲ့တယ်။ အဲဒီအချိန် ပါးရည်နားရည်တွေတွန့်လိပ်ပြီး တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေတဲ့ အဖိုးကြီးတစ်ယောက် အမှောင်ထုထဲကနေထွက်လာပြီး

“ မောင်ရင်တို့ရဲ့ ပညာကလဲ စွမ်းပါပေတယ်… ဒီလို ဆရာတွေကို အသေသတ်ဖို့ဆိုတာ အရမ်းနှမျောစရာကောင်းတယ်… ဒါပေမယ့်လဲ အမေကြီးနဲ့ ရွာအတွက် ဆူးညှောင့်ခလုပ်ဖြစ်တဲ့မောင်ရင်တို့ကို မနာကျင်ပဲ လူလောကကနေထွက်သွားလို့ရအောင်လုပ်ပေးပါမယ်”လို့ပြောကာ တောက်ရကိုစိုက်ကြည့်ပြီး မြေကြီးကိုဖနောင့်နဲ့ပေါက်ချလိုက်တဲ့အချိန် အားအရမ်းပြင်းတဲ့ စက်တစ်ခုက ကာထားတဲ့စည်းကိုဖောက်ဝင်သွားခဲ့တယ်။

“ ဖောင်း” ဆိုတဲ့အသံနဲ့အတူ တောက်ရခန္ဓာကိုယ်တစ်ခုလုံး လွင့်စဉ်သွားပြီး နှုတ်ခမ်းကနေသွေးစက်အချို့ကျလာခဲ့တယ်။

တောက်ရမရှိတော့တဲ့အတွက် တစ်ရွာလုံးကပညာသည်တွေရဲ့စက်က သက်ခိုင်နဲ့ အောင်မြတ်သာဆီကို ရောက်ရှိလာခဲ့တယ်။

“ တောက်ရ … ဘာဖြစ်သွားသေးလဲ”

သက်ခိုင်က စိုးရိမ်ကြီးစွာနဲ့အော်လိုက်ပေမယ့် တောက်ရဘက်ကနေ အကြောင်းမပြန်လာတဲ့အတွက် ပိုပြီးစိတ်ပူသွားပြီး အောင်မြတ်သာကို အားကိုးတကြီးလှည့်ကြည့်လိုက်တဲ့အချိန် အဖိုးအိုဆီကနေ ထပ်ရောက်လာတဲ့ လှိုင်းတစ်ခုက သကိခိုင်ရဲ့ ရင်ဝဆီကို စူးခနဲဝင်ရောက်လာခဲ့တယ်။

မောပန်းနေတဲ့အချိန် အရှိုက်ကိုထိုးခံထိတဲ့ခံစားချက်မျိုးကြောင့် သက်ခိုင်တစ်ယောက်အသက်ကို အပြင်းအထန်ကြိုးစားရှူရင်း မျက်လုံးတွေပြာဝေလာကာ အမှောင်အတိကျသွားခဲ့တယ်။ ခဏနေတော့ အမှောင်ထုကနေ မျက်စိကြိမ်းမတတ်အလင်းတန်းတွေထွက်ပေါ်လာလို့ မျက်လုံးကိုလက်နဲ့ကာပြီးကြည့်လိုက်ရာ ဖြူစင်ပြီးသန့်ရှင်းနေတဲ့အဝတ်အစားဝတ်ထားတဲ့တောက်ရကိုမြင်လိုက်ရတယ်။ သူ့ဘေးမှာတော့ ဖန်ရည်ဆိုးတဲ့သင်္ကန်းကို အချိုးစားကျနစွာဝတ်ဆင်ထားတဲ့ ဆရာတော်တစ်ပါးက တည်ကြည်တဲ့မျက်နှာထားတဲ့ရပ်နေခဲ့တယ်။

တောက်ရက လဲကျနေတဲ့သက်ခိုင်ကို တွဲတူလိုက်တဲ့အချိန် ဆရာတော်က
“ လောကမှာ အထက်လမ်းပညာကိုသင်ယူပြီးမြောက်တယ်ဆိုတာမရှိဘူး ဒကာလေး… ဓါးတစ်လက်ဟာ မသုံးပဲထားရင် တုံးသွားတတ်သလို ဉာဏ်ပညာကလဲ မစဉ်းစားမတွေးခေါ်တာများရင် ထိုင်းသွားတတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ကူးဉာဏ်ကိုချဲ့ထွင်ပြီးအသုံးချကြပါ… ဒကာလေးတို့က ပါရမီရှင်တွေဖြစ်တဲ့အပြင် ဘုန်းကြီးတို့နဲ့လဲ ရေစက်ပါတဲ့အတွက် အခုလိုလာရောက်သတိပေးရခြင်းဖြစ်ပါတယ်။ ဒါကြောင့် အခုချက်ချင်း သင်တို့ရဲ့ဉာဏ်စွမ်းကိုအသုံးချပြီး ဆရာထက်သာတဲ့ တပည့်တွေဖြစ်အောင် ကြိုးစားကြပါ” လို့မိန့်တော်မူပြီးပျောက်ကွယ်သွားခဲ့တယ်။

ဆရာတော်ပျောက်ကွယ်သွားတာနဲ့တစ်ပြိုင်နက် သက်ခိုင်သတိရလာပြီး ဆရာဖြစ်သူကိုကြည့်လိုက်ရာ ဘက်ပေါင်းစုံကနေ တိုက်ခိုက်မှုကို ပြန်မတိုက်ပဲ တည်ငြိမ်စွာခုခံနေတာကိုမြင်လိုက်ရတယ်။

သက်ခိုင်လဲ ချက်ချင်းဆိုသလို ဆရာတော်ရဲ့ဆုံးမမှုကိုနှလုံးသွင်းကာ စိတ်ကိုစုစည်းလိုက်တဲ့အချိန် မျက်လုံးထဲမှာ ပြာမှုန်တွေအဖြစ်လွင့်ပျံနေတဲ့ အင်းစမစာလုံးတွေကိုမြင်လိုက်ရတယ်။

နဂိုထဲက ပါရမီဓါတ်ခံပါလာတဲ့သူမို့ တိုက်ပွဲမစမီ လေထဲလွှင့်ထားတဲ့ အင်းကိုချက်ချင်းသတိရပြီး တန်ပြန်ထပ်ဆင့်ရှစ်ကွက်အင်းကို မြေကြီးပေါ်မှာရေးဆွဲလိုက်တဲ့အချိန် မြူမှုန်တွေအဖြစ်လွင့်ပျံ့နေတဲ့ အင်းပြာမှုန်တွေကနေ ပိုးသားလိုနူးညံ့တဲ့ကြိုးမျှင်တွေထွက်လာပြီး ပညာစက်နဲ့တိုက်နေတဲ့ သူတွေရဲ့ခြေတွေလက်တွေကိုလှုပ်မရအောင် ရစ်ပတ်ထားခဲ့တဲ့အတွက် အောင်မြတ်သာဆီတိုးဝင်နေတဲ့စက်တွေအားလုံး တစ်မဟုတ်ချင်းရပ်တန့်သွားခဲ့တယ်။

အဲဒီအချိန် တောက်ရလဲကျနေတဲ့ဘက်ကနေ နီညိုရောင်အဆင်းရှိတဲ့မြွေနဂါးတွေ မြေကြီးကိုခွဲထွက်လာပြီး ပညာသည်တွေအားလုံးရဲ့ခန္ဓာကိုယ်ကို လှုပ်မရအောင်ရပ်ပတ်ထားခဲ့ပါလေရော။

ရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေတွေကြောင့် နန်းစဉ်ရွာသူရွာသားတွေအားလုံး အံ့ဩမှင်သက်သွားပြီး အောင်မြတ်သာတို့ကို မီးဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေခဲ့တယ်။

အောင်မြတ်သာကတော့ သက်ခိုင်နဲ့ တောက်ရတို့ကိုကြည့်ပြီး
“ အခုချိန်ကစပြီး မင်းတို့နှစ်ယောက်ရဲ့ အစွမ်းအစနဲ့ ကဝေအချုပ်ဝိဉာဉ်ကို ဖမ်းကြပေတော့”လို့ပြောကာ ဘေးမှာထွက်ရပ်နေလိုက်တယ်။

သက်ခိုင်နဲ့တောက်ရလဲ ခန္ဓာကိုယ်မှာပေကျံနေတဲ့ သွေးစတွေကိုသုတ်လိုက်ပြီး

“ နန်းတွင်းကဝေအချုပ်ဝိဥာဉ်က ဒီရွာထဲမှာပဲရှိတယ်ဆိုတာ ကျုပ်တို့သိပါတယ်။ သင့်အနေနဲ့ ကျုပ်တို့ဆီမှာ အသာတကြည်အညံ့ခံမလား… ကျုပ်တို့ကထွက်လာအောင်လုပ်ရမလား” လို့မေးလိုက်ပေမယ့် ရွာသားတွေထဲကနေ ဘာသံမှထွက်မလာခဲ့ဘူး။

“ ကောင်းပြီလေ ဒါဖြင့်ရင် ကျုပ်တို့က သင်ကိုယ်တိုင်ထွက်လာအောင်လုပ်ရတော့မှာပေါ့…တောက်ရ မင်းရဲ့ နဂါးပတ်အင်းအစွမ်းထပ်ကြည့်ရဦးမယ်ထင်ပါတယ်”

သက်ခိုင်စကားကြောင့် တောက်ရက လွယ်အိတ်ထဲမှာ ရှိတဲ့ အင်းကွက်တစ်ခုကိုထုတ်ကာ နဂါးပတ်အင်းဆွဲမလို့အလုပ်

“ ငါ အရှုံးပေးတယ်…. “ဆိုတဲ့အသံက ဆံပင်ကိုတစ်ပတ်လျှိုထုံးထားတဲ့မိန်းကလေးဆီကနေထွက်လာခဲ့တယ်။

“ သင်ကဘယ်သူလဲ…. ကျုပ်တို့က နန်းတွင်းကဝေအချုပ်ကိုခေါ်တာနော်”

“ ငါက နန်းတွင်းကဝေအချုပ်ပဲ… ဒီသူငယ်မရဲ့ဝိဥာဉ်နဲ့ ငါ့ဝိဉာဉ်လဲပြီး နင်တို့ဆီလာခဲ့တာပဲ”

“ ဒါဆို သင်အခုနေရာယူထားတဲ့မိန်းကလေးရဲ့ ဝိဉာဉ်ကဘယ်မှာလဲ”

“ ငါ့ရွာသားတွေကို ဒုက္ခမပေးဘူးဆိုရင် ငါအကုန်ပြောပြမယ်”

“ ကျုပ်တို့ကတိပေးတယ်… သင်ရွာသားတွေအနေနဲ့ ကျုပ်တို့ပေးတဲ့သစ္စာကိုတည်မယ်ဆိုရင် လက်ရှိပညာရပ်တွေကိုမသိမ်းပဲထားပေးမယ်”

“ သူငယ်မရဲ့ဝိဉာဉ်ကို ငါ့ကျွန်တော်ရင်းညိုမောင်အိမ်မှာ ချုပ်ထားတယ်… ငါထွက်သွားတာနဲ့ သူ့ဝိဉာဉ်က ဒီထဲကိုပြန်ရောက်လာလိမ့်မယ်”

“ ဒါဆိုရင် ဒီအဖိုးက မိန်းကလေးကိုယ်ထဲ သင်ဝိဉာဉ်ဝင်ဖို့ ကူညီခဲ့တဲ့သူပေါ့”

“ သူကလဲ ငါခိုင်းလို့လုပ်ရတာ… ဒါကြောင့် နင်တို့အပြစ်တင်ချင်ရင်ငါ့ကိုတင်ပါ… ငါ့ရွာသားတွေကိုတော့ ကတိအတိုင်းလွှတ်ပေးပါ”

“ သင်က ဒီမိန်းကလေးကိုယ်ထဲကို ဘာကြောင့်ဝင်ရောက်ခဲ့တာလဲ”

“ ငါ့ကို ဒုက္ခပေးခဲ့တဲ့ သူတွေကိုသတ်ဖို့ သူငယ်မကိုယ်ထဲကိုဝင်ခဲ့တာ… ဒါပေမယ့် နင်တို့က ရွာကိုဦးဆုံးရောက်လာတာမို့ ငါ့ရည်ရွယ်ချက်တွေ မပြည့်ခဲ့ဘူး”

“ သင်က အတော်အငြိုးကြီးတာပဲ… နှစ်ပေါင်းများစွာကြာခဲ့တာတောင် မပြေပျောက်နိုင်သေးပါလား… “

“ ဟုတ်တယ် ငါမကျေနပ်နိုင်ဘူး… အခုတောင် နင်တို့လက်ဦးသွားလို့ သက်သာသွားတယ်မှတ်ပါ… ငါလွတ်လာရင်လဲ ငါ့ကိုဒုက္ခပေးခဲ့တဲ့သူတွေရဲ့ ဆွေစဉ်မျိုးဆက်ကိုသတ်ဦးမှာ”

သက်ခိုင်က နန်းတွင်းကဝေအချုပ်ရဲ့စကားကိုကြားပြီး သက်ပြင်းရှည်တစ်ချက်ချကာ
“ အထက်ဆရာကြီးများနဲ့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များရဲ့ခွင့်ပြုချက်အရ ဤသို့အမိုက်မှောင်ဖုံးလွှမ်းနေသူအား စတုမဟာရာဇ်နတ်ဘုံရဲ့အောက်ဆုံးမှာ ဂုမ္ဘာန်ညီနောင်အစောင့်အရှောက်ဖြင့် ထိန်းသိမ်းစေ” လို့ပြောလိုက်တာနဲ့ ကဝေအချုပ်ရဲ့ဝိဉာဉ်ထွက်သွားပြီး မိန်းကလေးရဲ့ဝိဉာဉ်ပြန်ဝင်လာခဲ့တယ်။

နန်းစဉ်ရွာကပညာသည်တွေထဲက အချို့ပညာသည်တွေကတော့ မကျေနပ်ကြပေမယ့် အောင်မြတ်သာတို့ဆရာတပည့်ရဲ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့အတွက် မိမိကိုယ်မျက်ရည်ပေါက်ကြီးငယ်သုံးကြိမ်ကျအောင်မလုပ်ပဲ သူတစ်ပါးကိုမပြုစားရ… မျက်ရည်ပေါက်ကြီးငယ်သုံးကြိမ်ပြည့်အောင်လုပ်ခဲ့သော်လည်း သေစေလောက်တဲ့ထိမပြုစားရန်… ပြုစားခဲ့ပါကသွေးပွက်ပွက်အန်သေပြီး မဟာအဝီဇိငရဲမှာ အဖန်ငါးရာငါးကမ္ဘာကျခံစေဆိုပြီး ကျိန်ဆိုကာသစ္စာရေသောက်ခဲ့ကြတယ်။

နန်းစဉ်ရွာကလေးရဲ့ အကြီးအကဲနေရာကိုတော့ မြနန်းကပဲဆက်လက်တာဝန်ယူခဲ့ပြီး ရွာအနီးတစ်ဝိုက်မှာ နန်းစဉ်သခင်မြနန်းရှင်ဆိုတဲ့နာမည်နဲ့ ပယောဂတွေကုသပေးခဲ့တယ်။

အောင်မြတ်သာတို့ နန်းစဉ်ရွာကနေထွက်လာပြီးတဲ့နောက်ပိုင်း သက်ခိုင်နဲ့တောက်ရတို့လဲ အင်းစမအသစ်တွေကို ဉာဏ်ရှိသလို အသုံးပြုခဲ့ကြတယ်။ နောက်ဝတ္တုမှာတော့ စီးပွါးမတက်အောင်လုပ်ထားတဲ့ အတိုက်တစ်ခုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် လူခြောက်အတိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)