ကိုယ်ပျောက်မှော်

“အေး ဟုတ်တယ်ကွ၊ ကြောင်သိန်း မင်းလည်း သတိထားနော်၊ အခြေအနေမဟန်ရင်တော့ သုံးယောက်လုံး ဝင်လုံးရုံပဲဟေ့”
ပုရစ်က ကျုပ်တို့ကို သတိပေးနေတာဗျ။ဘထွေးချစ်ထွန်းက ကင်းတဲပေါ်ကို လှေကားလေးနင်းပြီး တက်လာတယ်ဗျ။ ကျုပ်
တို့ကင်းတဲက ခြေတံရှည်လေဗျာ။
“ဟေ့ကောင် တာတေ၊ မင်းက ဘယ်လိုလုပ်ပြီး ဒီကိုချက်ချင်းရောက်နေတာတုံး၊
ငါ အခုပဲ မင်းကို သိန်းတင်တို့ဝိုင်းမှာ
တွေ့ခဲ့သေးတာ”
“ဟာ မဟုတ်တာ ဘထွေးကလည်း၊
တာတေ မိုးချုပ်ကတည်းက ဒီမှာရောက်နေတာ၊ ဘယ်မှကို သွားတာမှမဟုတ်တာ၊ ကျုပ်ရယ်၊ တာတေရယ်၊ ဟော
ဒီက ကြောင်သိန်းရယ် စကားပြောနေကြတာလေဗျာ”
ပုရစ်ကပဲ ဘထွေးကို ပြန်ပြောတာဗျ။
“ဟေ…မဟုတ်ပါဘူး၊ အခုလေးတင်သိန်းတင်တို့ ဝိုင်းက ကင်းပုန်းစောင့်နေတဲ့အထဲမှာ တာတေပါတာပဲဟာ”
“ဘထွေး လူမှားတာဖြစ်မယ်ဗျ၊
တာတေ ဘယ်မှမသွားဘူး”
“ဟကောင် ပုရစ်၊ ငါနဲ့ တာတေနဲ့တောင်ဘန့်ဘွေးကုန်းက ကျော်ဝတို့သမီးရည်းစာ ညကပြဿနာတက်တဲ့အကြောင်း
ပြောလာသေးတယ်”
ကျုပ်က ပုရစ်ကို လက်ကာပြလိုက်
ပြီးတော့ …
“ဘထွေး၊ သိန်းတင်တို့ဝိုင်းမှာ ကျုပ်ကို
တွေ့ခဲ့တာ သေချာတယ်မို့လား”
“သြော် ဟုတ်ပါတယ်ဆို တာတေရာ၊မင်းနဲ့ ငါနဲ့ အခုလေးတင်ပဲ စကားပြောလာကြတာလေကွာ”
ကျုပ်တွေးနေတာဗျ။ ကိုယ်ပျောက်ကကျုပ်ပုံစံလုပ်ပြီး ကျုပ်သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စကားပြောနေတာ။ ရွာရဲ့သတင်းကို စုံစမ်းတာ ဖြစ်မယ်ဗျ။ ကျုပ်ချက်ချင်းအကြံရသွားတယ်ဗျ။
“ကဲ…ဘထွေးချစ်ထွန်း လာဗျာ၊
သိန်းတင်တို့ဝိုင်းကို သွားမယ်”
ကျုပ်နဲ့ ဘထွေး သိန်းတင်တို့ဝိုင်းကို
ရောက်တော့ …
“ဟေ့ကောင် တာတေ၊ အိမ်ခဏပြန်ဦး
မယ်ဆိုပြီး ထွက်သွားတာ၊ အခု ဘယ်လို
ဖြစ်လို့ ဘထွေးနဲ့ ပြန်ပါလာတာတုံး”
“ကဲ တာတေ၊ ငါမပြောဘူးလား၊ စော
စောက မင်း ဒီမှာ ရှိနေပါတယ်ဆို”
ဘထွေးပြောလိုက်တော့ သိန်းတင်တို့
ကင်းပုန်းအောင်းနေတဲ့ ကောင်တွေက
အံ့သြသွားကြရောဗျို့။
“ဘယ်လိုဗျ၊ ဘထွေးရဲ့၊ တာတေကဘာပြောလို့တုံး၊ စောစောကပဲ ဘထွေးနဲ့တာတေနဲ့ ဘန့်ဘွေးကုန်းကအကြောင်း
တွေ ထိုင်ပြီး ပြောနေကြတာလေဗျာ”
သိန်းတင်က အံ့သြပြီးပြောနေတာဗျ
“အေးလေ သိန်းတင်ရာ၊ အဲဒါကို တာတေက မဟုတ်ပါဘူးလို့ ငြင်းနေ
လို့ကွ၊ ငါသွားတော့ တာတေက ရွာလယ်ကင်းမှာ ကင်းစောင့်လို့ ”
“ဗျာ၊ ဟုတ်လား တာတေ”
“အေး၊ ဟုတ်တယ်သိန်းတင်၊ ဒီညငါ့ကင်းလှည့်ကွ၊ ငါရယ်၊ ပုရစ်ရယ်၊
ကြောင်သိန်းကြီးရယ် မိုးချုပ်ကတည်းက ကင်းတဲမှာ ရောက်နေကြတာကွမင်းတို့နဲ့ စကားပြောနေတာ ငါမဟုတ်
ဘူးကွ၊ အဲဒါ ကိုယ်ပျောက်ပဲဖြစ်မယ်”
“ဟေ …ဟုတ်လား ”
သိန်းတင်တို့အုပ်စု တအားကိုလန့်သွား
ကြတာဗျ။
“ဒီလိုမှန်းသိရင်ကွာ ၊ စောစောကတည်းက
ဝိုင်းရိုက်ပြီး အမိဖမ်းလိုက်ပါတယ်”
သိန်းတင်နဲ့ အတူ ကင်းပုန်းစောင့်နေတဲ့
အောင်ဖြိုးကပြောတာဗျို့။ ကျုပ် ယုံတယ်ဗျ။ ဒီကောင်တွေအုပ်စု လက်ချက်မိလို့ကတော့ ကိုယ်ပျောက်မသေရင် ကံ
ကောင်းလို့ပဲဗျို့။
“နေပါဦးကွ၊ မင်းတို့တွေ ကိုယ်ပျောက်
ရှေ့မှာ ရွာထဲက အကြောင်းတွေပြောမိကြသေးလား”
” ဟာ…ပြောတာပေါ့ကွ တာတေရ၊
မင်းလို့ ငါတို့က ထင်တာကိုး၊ ရွာထဲကအကြောင်းတွေ ဘန့်ဘွေးကုန်းကအကြောင်းတွေ အိုကွာ ပြောလိုက်တာမှ
စုံနေတာဟေ့”
မတတ်နိုင်တော့ဘူးဗျာ၊ မေးရတော့မှာပဲ။ကျုပ်က စိတ်ရှည်လက်ရှည်နဲ့ ဒီကောင်တွေပြောခဲ့တာ တစ်ခုချင်းပြန်မေးတယ်။ ဒီကောင်
တွေပြောတဲ့ အကြောင်းတွေက စုံနေပေမယ့်ကျုပ်လိုချင်တဲ့အကြောင်း မပါဘူးဗျ။နောက်တော့ ဘအုန်းဆိုတဲ့ကောင်က ဝင်ပြောတာ။
“ဟေ့ကောင် သိန်းတင်၊ မင်းတို့ဟိုကိစ္စ
လည်း ပြောကြတယ်လေကွာ”
“ဟေ…ဘာကိစ္စတုံး ဘအုန်းရဲ့”
“ကိုစစ်ရှိန်အကြောင်းလေကွာ”
“ဘယ်ကိုစစ်ရှိန်တုံး၊ ရွာတောင်ပိုင်းက
မြင်းရှိတဲ့အိမ်က အသားဖြူဖြူလူလား”
ကျုပ်က ဝင်ပြီးမေးတာဗျ။
“သြော်…ဟုတ်သားပဲ ဘအုန်းရ၊အေး အေး ၊ ဟုတ်တယ် တာတေရ၊
ကိုစစ်ရှိန် မိန်းမခိုးမယ့်အကြောင်း မင်းကိုငါတို့ ပြောလိုက်သေးတယ်”
” ကိုစစ်ရှိန်က ဘယ်သူ့ကို ခိုးမှာတုံးကွ”
“ရွာမြောက်ပိုင်းက မခင်မိကို ခိုးမှာကွ”
“ဟေ…မင်းက ဒါကို ဘယ်လိုလုပ်ပြီး
သိတာတုံး”
ကျုပ်က သိန်းတင်ကို မေးလိုက်တယ်။
သိန်းတင်က ဂုဏ်ယူတဲ့အပြုံးနဲ့ ပြုံးပြီးပြန်ပြောတာဗျို့။
“ဟကောင် တာတေရ၊ ငါက အောင်သွယ်လေကွာ၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ငါအောင်သွယ်လုပ်ပေးလို့
သူတို့နှစ်ယောက် ကြိုက်သွားတာကွ”
တော်သေးတာပေါ့ဗျာ။ ဘထွေးချစ်ထွန်းက သူ့အိမ်ကို စိတ်မချလို့ဆိုပြီး ပြန်သွားပေလို့ပေါ့။ ဒီကိစ္စတွေ ဘထွေးချစ်ထွန်း
သာ ကြားသွားရင် ဒုက္ခပဲဗျာ။
” သိန်းတင် စောစောက ဒီအကြောင်းကို
မင်းတို့ပြောတော့ ဘထွေးချစ်ထွန်း ရှိလား”
“ဟာ…မရှိပါဘူးကွ တာတေရ၊ဘထွေး
ချစ်ထွန်း မင်းတို့ကင်းတဲကို သွားတော့မှ
ငါတို့ပြောကြတာပါ”
“တော်သေးတာပေါ့ကွာ၊ မခင်မိက ဘ
ထွေးတို့နဲ့ ဆွေမျိုးမကင်းဘူးကွ”
“ဟ ငါသိပါတယ် တာတေရ”
သိန်းတင်က သူ သတိမမေ့တဲ့အကြောင်း
ပြောသဗျ။
“နေဦး သိန်းတင်၊ မင်းတို့ ကိုစစ်ရှိန်နဲ့မခင်မိခိုးပြေးမယ့် အကြောင်းပြောပြီးတော့ ကိုယ်ပျောက် ဘာလုပ်တုံး”
“အေး အဲဒီအကြောင်းပြောပြီးတာနဲ့ငါအိမ်ကိုခဏ ပြန်လိုက်ဦးမယ်ကွာ
လို့ ပြောပြီး ထပြန်တာပဲကွ”
“သေချာပြီ သိန်းတင်၊ ဒါဆိုရင် ငါထင်ထားတာ ဟုတ်နေပြီကွ”
“ဟေ…ဘာတွေသေချာတာတုံး တာတေရ၊ မင်းက ဘာတွေ ထင်နေလို့တုံး”
“အဲဒါတွေ ငါ နောက်မှပြောပြမယ်သိန်းတင်၊ ကိုစစ်ရှိန်က မခင်မိကို
ဘယ်လိုခိုးမှာတုံး၊ ဘယ်နေ့မှာခိုးမှာတုံး”
“ကိုစစ်ရှိန်က သန်ဘက်ခါ ညမှာ မြင်းနဲ့ခိုးမှာကွ၊ ရွာမြောက်ဘက်မှာ ခရိုးပေါက်နေတဲ့နေရာရှိတယ်၊ အဲဒီနားမှာ ကိုစစ်ရှိန်က သူ့မြင်း အောင်ဘော်ကြီးနဲ့ စောင့်နေမှာကွ၊ မခင်မိက ပေါက်နေတဲ့ ခရိုး
ပေါက်ကနေထွက်လာမှာကိုစစ်ရှိန်ကမခင်မိကို
အောင်ဘော်ကြီးပေါ်တင်ပြီး ဆပ်သမြှောင်ဘက်ကို ခိုးပြေးမှာ”
(ခရိုးပေါက်ဆိုတာ ခြံစည်းရိုးကိုပြောတာပါ)
“ဒါတွေအားလုံး မင်းတို့ ပြောလိုက်တယ်ပေါ့”
“အေး ပြောတာပေါ့ကွ၊ ငါတို့က
မင်းပဲ ထင်နေတာကိုး”
ကျုပ်က မျက်ကွင်းဆေး ကွင်းပြီးသားလေဗျာ။
ကျုပ်သိန်းတင်ကိုခေါ်ပြီး ဝိုင်းထဲက ထွက်လာခဲ့တယ်။
ပြီးတော့ မခင်မိတို့ဝိုင်းဘက်ကို သွားပြီးအကဲခတ်တယ်။
သိပ်ဟုတ်တာပေါ့ဗျာ။မခင်မိတို့ဝိုင်းရှေ့ကညောင်ကျပ်ပင်ကြီးအောက်မှာ လူတစ်ယောက်ဗျ
“သိန်းတင်၊ မင်းဟိုညောင်ကျပ်အောက်
က လူကိုတွေ့လား”
“ဟာ လူမရှိပါဘူးကွ၊ မင်းမျက်စိက
ဘာတွေမြင်နေတုံး တာတေရဲ့၊ လူ
တစ်ယောက်မှ မရှိဘူး”
“ဒါဆိုရင် မင်းပါးစပ်ပိတ်ထား သိန်းတင်၊
လှည့်လည်း မကြည့်နဲ့ ”
ဒီအတိုင်းဆိုရင် ဒီကိုယ်ပျောက်ကကိုယ်ဖျောက်ပြီး မခင်မိတို့အိမ်ကို
ထောက်လှမ်းနေတာပဲပေါ့ဗျာ။ညောင်ကျပ်ပင်ကြီးဘေးက ကျုပ်နဲ့
သိန်းတင် ဖြတ်လျှောက်တော့ ဒီလူတစ်ချက် လှည့်ကြည့်တယ်။
ကျုပ်က မမြင်ချင်ယောင်ဆောင်နေတာပေါ့ဗျာ။ ဟုတ်ပါ့ဗျာ၊ လည်ပင်းမှာ မာဖလာ ပတ်လို့ဗျ။ ခေါင်းမှာတော့ နှင်းကာဦးထုပ်မပါဘူး။ မှောင်နေတော့ ဒီလူမျက်နှာကို သဲသဲကွဲကွဲ မမြင်ရဘူးဗျ။
ဒါဆိုရင် မျက်ကွင်းဆေးက ဒီလူကိုယ်ဖျောက်ထားရင် မြင်ရတာပဲဗျ။
ဒီလူ ကိုစစ်ရှိန်တို့ဝိုင်းကိုလည်း သေချာပေါက်သွားမှာပဲဗျ။ သိန်းတင် သူ့ဝိုင်းထဲကို ဝင်သွားတော့ ကျုပ်က ရွာလယ်ကင်းကို ပြန်ခဲ့တယ်။ ကင်းတဲရောက်တော့နဂါးဆေးပေါ့လိပ်ကလေးတစ်လိပ်ကို
မီးညှိပြီးဖွာလိုက်တယ်ကြောင်သိန်းကြီးကျိုထားတဲ့ရေနွေးကြမ်းတစ်ခွက်ကိုလည်းဖူးကနဲသောက်လိုက်တယ်ဗျ။
“တာတေ ဟုတ်လား၊ သိန်းတင် ဘာပြောတုံး”
ပုရစ်ကမေးတာဗျကြောင်သိန်းကလည်းကျုပ်ကိုစိတ်ဝင်တစားကြည့်နေတယ်။ကျုပ် ဘာပြောမှာလည်းဆိုတာ သိချင်
နေတဲ့ပုံပဲဗျ။
“ဟုတ်တယ် ပုရစ်၊ ကိုယ်ပျောက်က ငါ့ပုံစံလုပ်ပြီး ဒီကောင်တွေဆီက ရွာ
သတင်းတွေ နားထောင်သွားတာ”
“ဟေ …ဟုတ်လား၊ ဒီကောင်တွေကလည်း
ပြောတာပဲလား”
“ဒီကောင်တွေက ငါလို့ထင်ပြီး ပြောကြ
တာပေါ့ကွာ”
“ဟေ…ဒါဆိုရင် ဒီလူ ဘာသတင်းတွေရသွားတုံး”
“အရေးကြီးတဲ့သတင်းတစ်ခု ရသွားတယ်ကွ၊ ဒါပေမဲ့ အဲဒါ မမေးနဲ့ဦး၊ သိပ်အရေးကြီးတယ်၊ ငါစီစဉ်မယ်၊ မင်းတို့အားလုံး
ပါရမယ်”
“ဟေ…ဟုတ်လား”
“လုပ်စမ်းပါ တာတေရာ၊ ဒီကိုယ်ပျောက်နှိပ်စက်လို့ ငါတို့ရွာရော ဒီအနီးအနားကရွာတွေပါ ထိတ်လန့်နေကြတာကွ၊ ညဆိုရင် ဘယ်
ရွာမှ ကောင်းကောင်းမအိပ်ကြရဘူး”
ပုရစ်ရော၊ ကြောင်သိန်းရော တက်တက်ကြွကြွ ပြောကြတာဗျ။ အဲဒီညက နှစ်ယောက်စောင့်၊ တစ်ယောက်အိပ် စနစ်နဲ့
ပုရစ်တစ်လှည့်၊ ကြောင်သိန်းတစ်လှည့်အိပ်ကြတယ်။ ကျုပ်ကတော့ မအိပ်ဘူးဗျ။ဒီတော့မှ ကျုပ်သိသွားတာဗျို့။ကိုယ်ပျောက်ကနဲက
ကိုယ်ဖျောက်ပြီး ရွာထဲမှာ လျှောက်သွားနေတာကိုး။ ကျုပ်တို့ ကင်းတဲရှေ့ကတင် ဖြတ်သွားတာ သုံးခေါက်ဗျ။
ဒါပေမဲ့ ကျုပ်မေးကြည့်တယ်။ ပုရစ်တို့ကြောင်သိန်းတို့က ဒီလူကို မမြင်ရဘူးဗျ။ကျုပ်ကသာ မျက်ကွင်းဆေးအစွမ်းကြောင့်
မြင်ရတာ။ ဒါပေမဲ့ ကျုပ်လည်း မမြင်ချင်ယောင်ဆောင်နေရတော့ ဒီလူရုပ်ကိုသေသေချာချာကို မမြင်ရပါဘူးဗျာ။
နောက်ညရောက်တော့ ကျုပ်ရွာထဲမသွားတော့ဘူးဗျ။ နေမကောင်းဘူးလို့ ပြောထားပြီး အိမ်မှာအိပ်တယ်။ အိပ်ခါနီး ကျုပ်
က မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေးထုတ်ပြီးလက်ထဲမှာ ကိုင်ထားတယ်။
ဆံပင်ဖားလျားနဲ့ မဖဲဝါရဲ့ ရုပ်ထုလေးက တကယ်ကို အသက်ဝင်ပြီး ကျုပ်ကို ကြည့်နေသလိုပဲ။
“သင်္ချိုင်းရှင်မကြီး မဖဲဝါကို ကျုပ်တာတေက အကြောင်းပြုပါတယ်၊ မဖဲဝါ ကျုပ်တို့ရွာမှာ ကိုယ်ပျောက်တဲ့လူတစ်ယောက်
ဒုက္ခပေးနေတယ်ဗျ။ အဲဒီလူဟာ မနက်ဖြန်ညမှာ ကျုပ်တို့ရွာက မိန်းကလေးတစ်ယောက်ကို ရုပ်ပြောင်းရုပ်လွဲလုပ်ပြီး ခိုးသွားဖို့ ကြိုးစားနေတယ် မဖဲဝါ၊ အဲဒီလူကိုမနက်ဖြန်မှာ မိအောင်ဖမ်းချင်တယ်ဗျာ၊ဘယ်လိုဖမ်းရမယ်ဆိုတာ မဖဲဝါပြောပြပါဗျာ”
ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့ မဖဲဝါအရုပ်ကလေးက ဆတ်ကနဲ နှစ်ချက်ဖြစ်သွားတယ်ဗျ၊ ကျုပ်က အရုပ်ကလေးကို ခေါင်း
အုံးအောက်မှာထားပြီး အိပ်လိုက်တယ်။
ကျုပ်ကို မဖဲဝါ အိပ်မက်ပေးတယ်ဗျ။
ခါတိုင်းလိုပဲ လေတွေ တဟူးဟူး တိုက်
နေတဲ့ နေရာမှာ ကျုပ်ရောက်နေတယ်။
ကျုပ်ရှေ့မှာ ဆယ့်နှစ်ရာသီ အဝါပွင့်တွေတစ်ပင်လုံးပွင့်နေတဲ့ အပင်ကြီးဗျ။လေတွေ အဲဒီလောက်တိုက်နေတာတောင် ဆယ့်နှစ်ရာသီပင်ကြီးက အရွက်ကလေးတစ်ရွက်တောင်
မလှုပ်ဘူးဗျို့။
ဟော…မဖဲဝါ ထွက်လာပြီ။ ဆယ်နှစ်ရာသီပင်ကြီးရဲ့
နောက်ကနေ မဖဲဝါ ထွက်လာတယ်။
ခါတိုင်း ကျုပ်မြင်နေကျ ပုံစံပေါ့ဗျာ။
ဆံပင်ဖားလျားလေး ချလို့ဗျ။ နားအပေါ်လေးမှာ ဆယ့်နှစ်ရာသီပွင့်အဝါ
လေးတစ်ပွင့် ပန်ထားတယ်။ ကျုပ်နဲ့ရွယ်တူလောက် ကောင်မလေးပုံစံ
ဖန်ဆင်ထားတာ။ သူ့ရဲ့နဂိုပုံစံကိုကျုပ် ကြောက်သွားမှာစိုးလို့ဗျ။
အင်္ကျ ီက ခါးထောင်အင်္ကျ ီအဝါလေးဝတ်လို့ဗျ။ ထမီကလည်း အ
ထက်ဆင် အနက်က အပြားခပ်ကြီးကြီးနဲ့ အဝါရောင်ပဲဝတ်ထား
တာ။
လေတွေ တဟူးဟူးတိုက်နေပေမယ့် မဖဲဝါရဲ့အဝတ်အစားတွေ
က လေတိုက်ထဲမှာလှုပ်တောင်မလှုပ်ဘူးဗျ။
ဆံပင်တွေကလည်း လေမှာ လွင့်မနေဘူး။ အနီးအနားက သစ်ပင်တွေ
ကတော့ ကျိုးကျကုန်တော့မလိုကို ယိမ်းထိုးနေတာဗျို့။
ကျုပ်နားတွေကိုတိုက်သွားတဲ့လေတွေက ဝူးကနဲ
ဝူးကနဲကို မြည်နေတာ။
” တာတေ နင်တို့ရွာကို ရောက်နေတာကိုယ်ပျောက်မှော်အောင်ထားတဲ့ ကိုယ်ပျောက်မြဒင် ဆိုတဲ့အကောင်ဟဲ့၊ ဒီအကောင်က တိုင်းပြည်ထဲကိုလှည့်ပြီးကာမေသုမိစ္ဆာကံ ကျူးလွန်နေတဲ့
မှော်ဆရာပဲ၊ နင်ပြောတာ ဟုတ်တယ်၊ဒီကောင် မနက်ဖြန် နင်တို့ရွာက
ကောင်မလေးကို ခိုးပြေးလိမ့်မယ်၊နင်တို့မိအောင် ဖမ်းကြ၊ မမိရင်တော့
ကောင်မလေး ပါသွားလိမ့်မယ်၊သူ့မယားဖြစ်သွားရင် ဒီကောင်က
ဆေးဝါးတွေနဲ့ စီရင်တော့မှာ၊ သူ့ကိုကောင်မလေးက တန်းတန်းစွဲဖြစ်
တော့မှာဟဲ့၊ ဒီကောင်မှာ အဲဒီလိုယူထားတဲ့မယားတွေ လေးငါး
ယောက်လောက်ရှိတယ်”
“ဒီလူက ဘယ်ကို ခိုးသွားမှာတုံး မဖဲဝါ”
“မြို့ကို ခိုးသွားမှာ၊ မြို့သွားတဲ့လမ်းကနင်တို့ ပိတ်စောင့်ကြ ၊ ငါနင့်ကို ဆေးပေးလိုက်မယ်၊ အဲဒီဆေးကိုဖျော်ပြီး
ဒီကောင့်ပါးစပ်ထဲကို လောင်းထည့်လိုက်၊
ဒီကောင်မှော်တွေ အကုန်လုံးပျောက်သွားလိမ့်မယ်”
မဖဲဝါက ကျုပ်လက်ထဲကို ဖက်ရွက်နဲ့
ထုပ်ထားတဲ့ ဆေးထုပ်ကို ထည့်ပေး
လိုက်တယ်။
“ဒါ လူသေပြာရယ်၊ လူသေသွေးရယ်၊တစ္ဆေတံတွေးရယ် ရောပြီး စီရင်ထားတဲ့ဆေးပဲ တာတေ၊ မှော်ဖျက်ကြီးဆေးလို့ခေါ်တယ်၊ ဒီဆေးကို ငါပဲဖော်တတ်တယ်၊အဲဒီကောင်ကို တိုက်လိုက်၊ ဒီကာမေသုကောင် တဖြည်းဖြည်းရူးပြီး သေသွားလိမ့်မယ်”
ကျုပ်လန့်နိုးတော့ ဆရာတော့်ကျောင်းက
တုံးမောင်းတောင် ခေါက်နေပြီဗျ။
“တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ”
ကျုပ်လက်ထဲမှာဆုပ်ထားတဲ့ ဆေးထုပ်ကလေးကို သတိရလို့ ကြည့်လိုက်တော့တကယ်ကို ရှိနေတာဗျို့။ သုံးပန်လှပန်း
ပင်က အရွက်ကလေးနဲ့ ထုတ်ထားတာဗျ။
(သုံးပန်လှပန်းဆိုတာ အဖြူရောင်၊
ပန်းရောင်၊အနီရောင် တနေ့တည်း
အရောင်သုံးမျိုးပြောင်းတဲ့ ပန်းလေဗျာ)
ကျုပ် တစ်နေ့လုံး တိုးတိုးတိတ်တိတ်နဲ့စီစဉ်ရတော့တာဗျို့။ သူကြီးကို အကျိုးအကြောင်းအားလုံး ပြောပြပြီး ရွာထဲကကာလသားကြီးကြီးတွေ၊ ဗလကောင်းကောင်းလူတွေ သုံးဆယ်လောက် စုလိုက်ပြီး သူကြီးအိမ်မှာ တိုးတိုးတိတ်တိတ် အစီအစဉ်လုပ်ရတယ်။
ကိုယ်ပျောက်မြဒင်မရိပ်မိအောင် လူခွဲပြီး
လွှတ်ရတာဗျ
မြို့သွားတဲ့လမ်းက အကျဉ်းဆုံးနေရာမှာ ချုံပုတ်တွေကြားမှာ ဝပ်ပြီးစောင့်ကြရမှာ။ ဆယ်အိမ်ခေါင်းတွေလည်းပါတယ်။
လူငယ်တွေကိုတော့ ရွာထဲမှာ ဟန်မပျက်ကင်းစောင့်ခိုင်းထားတယ်။ ကျုပ်ကတော့မဖဲဝါပေးတဲ့ မှော်ဖျက်ကြီး ဆေးလုံးလေးကို ရေနဲ့ဖျော်ပြီး ဖန်ပုလင်းလေးနဲ့ ထည့်လာခဲ့တယ်ဗျ။
ကျုပ်လက်ထဲမှာလည်း ယင်းတိုက်သားအနှစ်ကိုလုပ်ထားတဲ့ တုတ်တစ်ချောင်းကိုင်ထားတယ်။ ကျုပ်လည်း ကင်းပုန်းဝပ်နေရတာပေါ့ဗျာ။ ညသန်းခေါင်လောက်ကျတော့ စောင့်တဲ့လူတွေပျင်းတောင်လာကြပြီဗျို့။
“တာတေ၊ မင်းကောင် လာရောလာပါ့မလား၊ အခုပဲ ဆယ့်နှစ်နာရီထိုးနေပြီကွ”
“လာမှာပါဗျာ၊ ဟော ပြောရင်းဆိုရင်း
မြင်းခွာသံ ကြားပြီဗျို့”
“အေး အေး၊ ဟုတ်တယ်ဟေ့၊
မြင်းခွာသံ ကြားတယ်”
“ခွပ်၊ ခွပ်၊ ခွပ်၊ ခွပ်၊ ခွပ်”
မြင်းကို အသားကျစီးလာတဲ့ အသံဗျ။
ဒီခွာသံကြားတာနဲ့ မြင်းစီးတဲ့လူဟာမြင်းစီးကောင်းဆိုတာ ကျုပ်တို့အညာသားတွေ သိပြီးသားဗျ။ တစ်ယောက်ကိုတစ်ယောက် လက်ကုတ်လိုက်ကြတယ်။
ဟော…လာပြီဗျို့။ လာပြီ။
မဖဲဝါပြောတာ ဟုတ်လိုက်တာဗျာ။
ကိုယ်ပျောက်မြဒင်က မခင်မိကို
ကိုစစ်ရှိန် အယောင်ဆောင်ပြီး ခိုး
လာပြီပေါ့ဗျာ။
လာပြီ။ လာပြီ။ ကျုပ်တို့ရှေ့ကို
ရောက်တော့မယ်ဗျို့။
“ဝိုင်းဟေ့၊ ဝိုင်းဟေ့၊ မလွတ်စေနဲ့
ဝိုင်းဟေ့”
ကျုပ်တို့ရွာသားတွေ ညာသံပေးပြီးချုံပုတ်တွေထဲက ပြေးထွက်လာကြ
တာဗျို့။ဓါတ်မီးနဲ့ထိုးတဲ့လူက ထိုးထားကြတာ။ ကျုပ်လည်း ယင်းတိုက်
သား တုတ်ကိုကျစ်ကျစ်ပါအောင်ကိုင်ပြီး ပြေးထွက်တာပေါ့ဗျာ။
“ဟာ…ပျောက်သွားပြီဟေ့၊
ပျောက်သွားပြီ”
ကိုယ်ပျောက်မြဒင်က မြင်းကို တုံ့ကနဲရပ်လိုက်ပြီး လူတွေပြေးထွက်လာတာတွေ့တော့ ချက်ချင်းကိုယ်ဖျောက်ပစ်
လိုက်ရောဗျို့။
ကျုပ်က မျက်ကွင်းဆေး
ကွင်းထားတာဆိုတော့ မြင်နေရတော့
တာပေါ့ဗျာ။
“ကိုစစ်ရှိန်ကို မလုပ်ကြပါနဲ့ရှင်”
မခင်မိကတော့ အခုထိ ကိုစစ်ရှိန်လို့ပဲထင်နေတုန်းဗျ။ ပျာပျာသလဲ တောင်းပန်နေတာ။
ဟော ပြေးတော့မယ်ဗျို့။
ကိုယ်ပျောက်မြဒင် လှည်းလမ်းကြောင်းကနေ ဘေးက ကုန်းပေါ်ကို တက်ပြေးမလို့ လုပ်နေတာဗျ။ ကျုပ် လွှားကနဲတစ်ချက်ခုန်လိုက်ပြီး လက်ထဲကယင်းတိုက်သားတုတ်နဲ့ ခေါင်းကို
ရိုက်ချလိုက်တယ်။
“ခွပ်” “ဘုန်း”
‘ခွပ်’ဆိုတာက ခေါင်းကို ရိုက်လိုက်တာဗျ။
‘ဘုန်း’ဆိုတာက ကျောကုန်းကိုဖြတ်ချရိုက်တာ။
ကိုယ်ပျောက် ကျောကုန်းကြီး တစ်ချက်ကော့သွားပြီ။ ခွေကနဲ လဲကျသွားရောဗျ။
ကျုပ်တို့ရွာသားတွေက ကိုယ်ပျောက်မြဒင်ကို မမြင်ရပေမဲ့ ကျုပ်ရိုက်ချလိုက်တဲ့ အသံကိုတော့ ကြားကြတာပေါ့ဗျာ။
ကျုပ်ဆီကို ဓါတ်မီးတွေ ထိုးပြထားကြတာဗျို့။ ကျုပ်က သတိလစ်နေတဲ့ ကိုယ်ပျောက်ကို ပက်လက်ဆွဲလှန်လိုက်ပြီး ဖန်ပုလင်းလေးနဲ့ ဖျော်ပြီးယူလာတဲ့ မဖဲဝါရဲ့ မှော်ဖျက်ကြီးဆေး
ကို ပါးစပ်ထဲလောင်းထည့်လိုက်တယ်။
ကိုယ်ပျောက်မှော်မြဒင်ရဲ့ ကိုယ်လုံးကြီး တစ်ချက်တွန့်လိမ်သွားပြီး ဘွား
ဘွားကြီး ပေါ်လာရောဗျို့။
“ဟာ…ပေါ်လာပြီဟေ့၊ ရိုက်ကွာ၊
ငါတို့ရွာကို ဒုက္ခပေးတဲ့ ကောင်ကို
အသေရိုက်သတ်စမ်းကွာ”
“ဟေ့ကောင်တွေ မလုပ်နဲ့၊
ဥပဒေမဲ့ မလုပ်ကြနဲ့ ”
ဆယ်အိမ်ခေါင်းတွေက အတင်းဝင်ဆွဲကြရတာပေါ့ဗျာ။ ဒီတော့မှ မခင်မိ
လန့်သွားတာဗျို့။
“အောင်မယ်လေးတော်၊ ကိုစစ်ရှိန်
မဟုတ်ဘူးလား၊ ဘုရား ဘုရား၊
ကျုပ် ရေတိမ်နစ်တော့မလို့တော်”
ပြောရင်းနဲ့ မခင်မိ ငိုတော့တာပေါ့ဗျာ။
“တာတေ မင်းအစ်မ ခင်မိကို့မြင်းနဲ့
ခေါ်သွားတော့၊ သူကြီးအိမ်ကို ခေါ်သွား”
ဆယ်အိမ်ခေါင်း ကိုကံကအမိန့်ပေးတာဗျ။
ကျုပ်လည်း အောင်ဘော်ကြီးပေါ်တက်ပြီး
အစ်မမခင်မိကို ရွာပြန်ခေါ်ခဲ့တော့တာပေါ့
ဗျာ။
ကျုပ် မြင်းမမောင်းခင် လှည့်ကြည့်
လိုက်တော့ ဆယ်အိမ်ခေါင်းတွေက
ကိုယ်ပျောက်ကို ကြိုးနဲ့တုပ်နေကြသဗျို့။
ညတွင်းချင်းပဲ ကိုယ်ပျောက်ကို စစ်ကြဆေးကြတယ်ဗျ။ သူကြီးအိမ်မှာ လူတွေအုံနေတာပေါ့ဗျာ။ မဖဲဝါရဲ့ဆေးချက်မိသွားတဲ့ ကိုယ်ပျောက်ကတော့ မှော်တွေအားလုံး ပျောက်သွားပြီး သူကြီးရဲ့
ထိတ်တုံးမှာ ကားကားကြီး ဖြစ်နေတော့တာပေါ့ဗျာ။
သူကြီးက ညတွင်းချင်းပဲ ကိုစစ်ရှိန်နဲ့မခင်မိကိစ္စကို စီစဉ်တယ်။ ကိုစစ်ရှိန်
ကို လိုက်ရှာတော့ မြောက်ဘက်ခရိုးက ခရိုးပေါက်နားမှာ ငုတ်တုတ်ကြီး
ထိုင်ပြီး သတိမေ့နေတာကို တွေ့လို့တွဲခေါ်လာကြရတာဗျ။
သူကြီးက ကျုပ်ဆရာတော်ဦးဂုဏကိုသွားပင့်ခိုင်းလို့ ဆရာတော်ကြွလာပြီးသစ်စုန်းဆေးတော်ကို သွေးတိုက်လို့
ကိုစစ်ရှိန်ရော မခင်မိရော ကိုယ်ပျောက်ရဲ့ တို့ဆေးတွေပြယ်ကြတာပေါ့ဗျာ။
သူကြီးက နှစ်ဖက်မိဘကို ခေါ်ပြီး နားချတယ်။တစ်ယောက်နဲ့ တစ်ယောက် ဘာအာဃာတမှမထားတော့ဘဲ လူငယ်တွေ
ကိစ္စကို စီစဉ်ပေးကြဖို့၊အခုလို ဆွေတွေမျိုးတွေ ဖြစ်ပြီဆိုတော့အရင်က အဆင်မပြေမှုတွေကို ခွင့်လွှတ်လိုက်ဖို့ သူကြီးကပြောတော့ အားလုံးခေါင်းညိတ်ကြတာပေါ့ဗျာ။ မကြာခင်မှာ ကိုစစ်ရှိန်နဲ့မခင်မိ
တို့နဲ့ မင်္ဂလာပွဲကြီးက ကျုပ်တို့ရွာမှာ ခြိမ့်ခြိမ့်သဲ ကျင်းပဖို့ပြောကြဆိုကြ
တဲ့အထိ ရောက်သွားကြသဗျို့။
နောက်နေ့မနက်စောစောထပြီး လှည်းတွေနဲ့ ကိုယ်ပျောက်ကို မြို့က ရဲဌာနကို ပို့ကြတယ်။ ကိုယ်ပျောက်မြဒင်ကကြိုးတုပ်ရက်ကြီးပါသွားတာဗျ
သူကြီးကိုယ်တိုင် ဦးဆောင်ပြီး ပို့တာ
ဆိုတော့ ဆယ်အိမ်ခေါင်းတွေ အကုန်လုံးလိုက်သွားကြရတော့တာပေါ့ဗျာ။
အဲဒီနေ့က ကျုပ်လည်း မိုးလင်းမှ
အိမ်ပြန်ရောက်တော့တာဗျို့။..
ပြီးပါပြီ