“မင်းအစ်မ မယ်ဆင့်ရဲ့ အဖေ သိပ်နေမကောင်းလို့ဆိုလို့
သတင်းမေးကြမလို့ဟေ့”
“သြော် …ရုံးထောင့်ကိုပေါ့”
“အေးလကွာ ရုံးထောင့်သွားမှာမင်းအလည်လိုက်မလား
တာတေ”
“ဟာ မလိုက်သေးပါဘူး ဘထွေးရ”
“ဟဲ့နွား တည့်တည့်ဆွဲစမ်း ”
လှည်းက ဆက်မောင်းသွားတယ်။
အရီးနဲ့အစ်မမယ်ဆင့်ကကျုပ်ကို ပြုံးပြီး
နှုတ်ဆက်သွားကြတယ်ဗျ။
လှည်းကျော်သွားတော့မှ ကျုပ်က တွေးမိတာ
ဒီလှည်းပေါ်မှ ကိုကြီးဒီပလည်းပါမှာပဲလို့။
ကျုပ်က သိပြီးသားဗျ။ဆရာ့တော်ကျောင်းကို
ရောက်ရင်တော်တော်နဲ့ပြန်ရတာမဟုတ်ဘူးဗျ။
ကျောင်းဝေယျာဝစ္စတွေကို ဆရာတော်က
ခိုင်းတာဗျ။တစ်ခါတစ်လေကျတော့လည်း ဆရာတော်က
အဂ္ဂိရတ်ထိုးတဲ့ ဖိုခန်းထဲမှာခေါ်ပြီး
ဖိုဆွဲခိုင်းနေတာဗျ။ကျုပ်က ဖားဖိုတော့
ကောင်းကောင်းဆွဲတတ်တယ်ဗျို့…
“အဂ္ဂိရတ်ပညာဆိုတာ မီးအဓိကပဲကွ တာတေရ
မင်းနားလည်ရမှာက မီးကြီး မီးလတ် မီးနုံ့
ဒီသုံးမျိုးသိရမှာ မီးကြီးကို ဒဟတေဇောလို့ခေါ်တယ်
မီးနုံ့ကိုတော့ သီတတေဇောလို့ခေါ်တယ်
ပါစကတေဇောလို့လည်း ခေါ်ကြတယ်ကွ
ထမင်းအိုးဆူအောင်ချက်တဲ့ မီးကဒဟမီးပေါ့ တာတေရ”
ဒီနေ့တော့ ဆရာတော်က အဂ္ဂိရတ်ဆရာကြီး
တစ်ယောက်နဲ့အကြိတ်အနယ် ဆွေးနွေးနေကြတာဗျို့။
ကျုပ်က ဆွမ်းပွဲသေသေချာချာ ပြင်ဆင်နေတာဗျ။
ကိုရင်လေးတွေက ကျုပ်ကို ကူပြီးပြင်ပေးကြတယ်။
ဆွမ်းခံကြွတဲ့ ကိုရင်တွေလည်း ခုမှဆွမ်းခံဝင်ရုံ ရှိသေး
တာဗ်။
“ဒကာကြီးရဲ့ ကျောက်နဂါး အသားကိုထု
အရည်ကိုညှစ် လေးတူဖားနဲ့
နဂါးတစ်ကောင်နှောစီးလေဖောင်သင်္ဘော
ရေကျောရေဖြတ်ကိုလည်း နားလည်စေလို့
အိန္ဒာစရိယဆရာတော်မိန့်ခဲ့တယ် မဟုတ်လား
ကျောက်နဂါးဆိုတာ ကျောက်ဆေးဒန်းကို
ပြောတာလေဗျာ”
“မှန်ပါဘုရား”
“ဖားဆိုတာ ငွေဗျ နဂါးဆိုတာ နာကို ပြောတာဗျ”
“မှန်ပါဘုရား”
“ဟဲ့ တာတေ ဆွမ်းချိုင့်လာပို့တာလား
မင်းလည်း ခုတလော တော်တော်ငြိမ်တယ်နော်
မင်းဆရာကြီးတွေလည်း မရောက်လာတာ ကြာပေါ့ကွဲ့”
“မှန်ပါ့ဘုရား ဆရာကြီးတွေ ရောက်မလာကြတော့
တပည့်တော်လည်း ငြိမ်နေရတာပါဘုရား”
“အေး အေး ဒကာကြီး ဒကာမကြီးရော
နေကောင်းကြရဲ့လားကွ”
“နေကောင်းကြပါတယ်ဘုရား”
“အေး အေး ဒကာမကြီးက ဘာဆွမ်းဟင်းတွေများ
ချက်ပေးလိုက်တာတုံး တာတေ”
“ဝက်သားဟင်းပါဘုရား”
“အေး အေး သာဓုကွယ် သာဓု သာဓု”
ဆရာတော်ကို ဝပ်ချပြီး ကျုပ်က ချိုင့်လေးဆွဲပြီး
ပြန်လာခဲ့ရောဗျ။ဒီတစ်ခါတော့
ဆရာတော်ဘာမှမခိုင်းဘူးဗျို့။
ဧည့်သည့်ရောက်နေတော့ စကားကောင်းနေတာကိုဗျ။
ကျုပ်လည်း တစ်နေ့လုံး ဘယ်မှမရောက်တော့ပါဘူးဗျာ။
အဘဆီကြိတ်တာကို ကူပြီလုပ်ပေးနေရတာဗျ။
ဆီဆုံစီးပေးလိုက် ပဲကြုံးပေးလိုက်နဲ့
ညနေရောက်တော့ အဘရော ကျုပ်ရော
ပင်ပန်းနေကြတော့တာပေါ့ဗျာ။
ဒါပေမဲ့ ကျုပ်ဒို့ အညာသားနဲ့ အညာနွားက
ပင်ပန်းမှလည်း နေကောင်းကြတာဗျ။
မပင်ပန်းရင် နေလို့ကောင်းတာ မဟုတ်ဘူး။
လူနဲ့နွားဒိုးတူဘောင်ဖက် အလုပ်လုပ်ကြရတာဗျ။
ညရောက်တော့ ကျုပ်ရော အဘတို့ရော
စောစောအိပ်ရာဝင်ကြတာဗျို့။
ကျုပ်က အိပ်ပျော်သွားတာနဲ့ အိပ်မက် မက်တော့တာဗျို့။
“တာတေ တာတေ ညီလေး ။အစ်ကိုကြီးကို
ကူညီပါဦးကွာ သိုက်ဆရာတွေ ဒုက္ခပေးနေပြီကွ”
လူတစ်ယောက်ဗျ။ ကျုပ်တို့အိမ်ပေါ်ကို ပြေးတက်လာပြီး
ရေးကြီးသုတ်ပြာနဲ့ ကျုပ်ကို ပြောနေတော့တာဗျို့
ကျုပ်ကလည်း သူ့ကို ဘယ်သူမှန်းမသိဘူး
လူကတော့ အသက်သုံးဆယ်ကျော်လောက်ရှိပြီ
ရုပ်ရည်ကလည်း သားသားနားနားနဲ့ဗျ။
အသားကလည်း ဖြူတယ်။မျက်လုံးမျက်ဖန်
ကောင်းကောင်းနဲ့လူချောလူဖြောင့်တစ်ယောက်ပဲဗျ။
“နေပါဦးဗျ နောင်ကြီးက ကျုပ်ကို ရင်းရင်းနှီးနှီး
သိနေပေမယ့် ကျုပ်က နောင်ကြီးကိုမသိတော့
ခက်နေတာဗျ”
“အေး ဟုတ်တယ်တာတေ ကိုကြီးကိုတာတေ
တစ်ခါမှ မမြင်ဖူးဘူး ပြီးတော့ ဘယ်သူမှလည်း
မမြင်ဖူးဘူးလေ”
“ဒါဆို ခင်ဗျားက ဘယ်သူမို့တုံး”
“ကိုကြီးနာမည်က ဒီပပါ ။ဦးဖိုးဆန်းနဲ့ဒေါ်သုံတို့ရဲ့သား
အကြီးဆုံးလေ”
“ဟာ…ကိုကြီးဒီပ ကျုပ်ဖြင့်ဗျာ အခုမှပဲ မြင်ဖူးတော့တယ်
ကိုကြီးကလူချောပဲဗျ။ဒါကြောင့်လည်း အစ်မမဆင့်က
ကိုကြီးကို လက်ထပ်တာကိုး”
“တာတေ မင်းက ငါ့အကြောင်းတွေအားလုံး
သိနေတာလား”
“သိတယ် ကိုကြီး ဒါထက် အခုကိုကြီးရောက်လာတဲ့ပုံ
ကအရေးတကြီးကိစ္စရှိတဲ့ပုံပဲ။ဘာများကိစ္စရှိလို့တုံး”
“ကိုကြီးရဲ့မိန်းမမယ်ဆင့်ကို သိုက်ဆရာဖမ်းထားလို့ကွ
ညီလေးရ”
“ဗျာ အစ်မမယ်ဆင့်ကို ဖမ်းသွားတာလား ဟင်
ဘယ်ကို ခေါ်သွားကြတုံးဗျ”
“ဘယ်ကိုမှ မခေါ်ဘူးကွ ရုံးထောင့်မှာပဲ ရှိတယ်”
“ဟင်…ဒါကို ရုံးထောင့်ကလူတွေက ကြည့်နေကြသ
လားဗ်”
“မယ်ဆင့်ကို ဖမ်းထားတာကို ဘယ်သူမှ
သိတာမဟုတ်ဘူးညီလေးရ”
“ရွာထဲဝင်ပြီး လူတစ်ယောက်လုံး ဖမ်းသွားတာတောင်
တစ်ရွာလုံး မသိဘူးဆိုတော့ မခက်ဘူလား
ကိုကြီးဒီပရဲ့”
“ဒီလိုကွ တာတေရ လူကိုဖမ်းတာမဟုတ်ဘူး
ကိုယ်ပွါးကို ဖမ်းထားတာကွ မယ်ဆင့်ကအိပ်ရာမှာ
အိပ်လို့ပဲ”
“ဗျာ…လူတစ်ယောက်ရဲ့ ကိုယ်ပွါးကို ထုတ်ယူပြီးဖမ်းလို့
ရသလားဗျ ။ ကိုကြီးဒီပရဲ့ ။ကျုပ်ဖြင့် တစ်ခါမှကို
မကြားဖူးပါဘူးဗျာ”
“အင်မတန်အစွမ်းထက်တဲ့ သိုက်ဆရာကြီးကွ
တာတေရဲ့။
နာမည်က သာဗိန္ဒေတဲ့ ။သိုက်တွေနောက်ကို လိုက်နေ
တဲ့လူပဲတာတေ ။ကိုကြီးက ဘုရားသိုက်မဟုတ်တဲ့
သိုက်တွေကိုဝင်နိုင်ထွက်နိုင်တဲ့ အစွမ်းရှိတယ်။ဒါကို
သာဗိန္ဒကသေသေချာချာကိုသိပြီး လိုက်လာတာကွ။
မယ်ဆင့်ကို ဖမ်းထားပြီး ကိုကြီးကို လှမ်းခေါ်နေတာ။
ပြီးတော့ မယ်ဆင့်ကို ခြေမန်းကွင်းစွပ်ခိုင်းမှာကွ။
အဲဒီခြေမန်းကွင်းသာ ကိုကြီးကို စွပ်မိသွားရင်
သူခိုင်းတိုင်းကိုကြီး လုပ်ရတော့မှ တာတေရဲ့။
ကိုကြီးကိုကယ်ပါဦး ညီလေးရယ်”
ကျုပ် လန့်နိုးသွားတယ်ဗျ။
လူခြောက်မယား
ဇာတ်သိမ်းပိုင်း
ကျုပ်လည်း အံ့သြလွန်းလို့ ဘာလုပ်ရမှန်းတောင်
မသိတော့ပါဘူး။ဆေးလွယ်အိတ်ထဲက
ကတ္တီပါအိတ်ကလေးနဲ့ ထည့်ထားတဲ့မဖဲဝါရဲ့
ကိုယ်တူကိုယ်ခွဲရုပ်ကလေးကို ကျုပ်
ထုတ်ယူလိုက်တယ်။
“သင်္ချိုင်းရှင်မကြီး မဖဲဝါ အမြန်ဆုံးကြွပါ
ကျုပ်မှာ အတော်ကို အရေးကြီးနေပါတယ်”
ကျုပ်က မဖဲဝါကိုပင့်လိုက်ပြီး မဖဲဝါအရုပ်ကလေးကို
ခေါင်းအုံးအောက်မှာ ထားလိုက်တယ်။
အရုပ်ကလေးက ဆတ်ကနဲ ဆတ်ကနဲ
ဖြစ်နေတယ်ဗျ။ ကျုပ် ပြန်ပြီးအိပ်ပျော်သွားတယ်။
လေတွေတဟူးဟူးတိုက်နေတဲ့ ဆယ့်နှစ်ရာသီပင်ကြီး
အနားကို ကျုပ် ရောက်သွားတယ်။
ဆယ့်နှစ်ရာသီပန်းအဝါပွင့်လေး ပန်ထားတဲ့
မဖဲဝါ ကျုပ်ရှေ့မှာ ဘွားကနဲ ပေါ်လာတယ်။
ကျုပ်တောင်ဘာမှမပြောရသေးဘူးဗျ။
မဖဲဝါက စပြီးပြောတာ။
“တာတေ လူခြောက်ဒီပ နင့်ဆီ ရောက်လာတယ်မို့လား
သူပြောတာတွေအားလုံး မှန်တယ်။ သူ့မယားမယ်ဆင့်
ကိုသိုက်ဆရာ သာဗိန္ဒက ဖမ်းထားတယ်။
လူကိုဖမ်းတာ မဟုတ်ဘူး။သာဗိန္ဒက ဝိညာဉ်ထုတ်ပြီး
ဖမ်းထားတာ။သူ့မယားကို ခိုင်းနေတာဟဲ့ ။
သူ့လင်ဒီပကို ခြေမန်းကွင်းစွပ်ခိုင်းနေတာဟေ့
မယ်ဆင့်ကလည်း သူ့လင် လူခြောက်ကို
အသက်ပေးပြီးချစ်တဲ့ မိန်းမဟဲ့…
‘ငါကို သတ်လိုက် ငါ့လင်ကိုငါ ဘယ်တော့မှ
ဒုက္ခမပေးဘူး’
ဆိုပြီး တောင့်ခံတာဟဲ့။ သာဗိန္ဒဘာလုပ်လို့မှ
မရဘူး။ ဖြစ်နေတယ် ။သာဗိန္ဒက လူခြောက်ကိုမမြင်ရ
ဘူးလေ။မယ်ဆင့်က သူ့လင်ကို မြင်ရတယ်။
မယ်ဆင့်သာသူလင်ကို ခြေမန်းကွင်းစွပ်လိုက်ရင်
သာဗိန္ဒကလူခြောက်ကို မြင်ရပြီပေါ့။ဒါဆိုရင်
သူ့မိန်းမကိုကိုယ်ထဲပြန်သွင်းမပေးဘူးဆိုပြီး
အကျပ်ကိုင်တော့မှာဟေ့
ပြီးရင် ပိုင်ရှင်မရှိတော့တဲ့ သိုက်တွေကို ဖော်ခိုင်းတော့မှာ
ဒါက သာဗိန္ဒရဲ့ အကြံပေါ့ဟယ်။
ဒီတော့ နင်အခုချက်ချင်း ကိုယ်ပွားနဲ့ပဲလိုက်သွား
ပေတော့တာတေ ။ ငါ့နင့်နောက်က လိုက်ခဲ့မယ်။
သာဗိန္ဒက လူခြောက် ဒီပကို မြင်ဖူးတာမှ မဟုတ်တာ။
မယ်ဆင့်ကသာနင့်ကို ခြေမန်းကွင်းစွပ်လိုက်ရင်
နင့်ကိုပဲ သာဗိန္ဒကမြင်ရမှာလေ။နင့်ကိုပဲ
လူခြောက်ဒီပလို့ ထင်သွားမှာပါ။နင့်ကိုသိုက်တွေ
ဖော်ခိုင်းလိမ့်မယ်။နင်က ဒီကောင်ကို မျှားခေါ်သွား
ငါရပ်ခိုင်းတဲ့နေရာရောက်ရင် နင်က ရပ်လိုက်
အဲဒီနေရာမှာ သိုက်ရှိတယ်လို့ပြောလိုက်
နင့်ကို သိုက်ဖော်ခိုင်းတဲ့အချိန်မှာ
ငါထွက်လာခဲ့မယ်။ကဲ…နင်သွားတော့
အချိန်မရှိဘူး။မယ်ဆင့်ရဲ့ ကိုယ်ပွါးဝိညာဉ်က
ဒီည ပြန်မဝင်နိုင်ရင် အန္တရာယ်ရှိတယ်တာတေ”
ဟာ မဖဲဝါပျောက်သွားပြီဗျို့။
ကျုပ်လည်း ချက်ချင်း ကိုဒီပကို ခေါ်ရတော့တာပေါ့ဗျာ။
ကျုပ်စိတ်ညွှတ်လိုက်တာနဲ့ ကိုဒီပ ကျုပ်ရှေ့ကို
ရောက်လာတယ်။ကိုယ်ပွားထုတ်ပြီး ကိုဒီပနဲ့တွေ့လို့ရ
တာကိုခုမှသိသွားတာဗျ။
“ကိုဒီပ အစ်မမယ်ဆင့်ကိုဖမ်းထားတဲ့နေရာသွားကြမယ်
ဟိုရောက်ရင် အစ်မမယ်ဆင့်ကိုပြော ကျုပ်ကို
ခြေမန်းကွင်းစွပ်ပေးလို့ ကျန်တာတွေတော့ မဖဲဝါနဲ့
ကျုပ်နဲ့ လုပ်ကြမယ်။ ကိုကြီးဒီပက အစ်မမယ်ဆင့်နားမှာ
ပဲနေဗျ”
ကျုပ်နဲ့ ကိုကြီးဒီပ ချက်ချင်းရောက်သွားတယ်ဗျ
သာဗိန္ဒဆိုတဲ့လူကြီးကိုလည်း တွေ့ပြီဗျို့။
သျှောင်ထုံးကြီးနဲ့ နှုတ်ခမ်းမွှေးကားကားကြီးနဲ့ဗျ။
ပုဆိုးက ကွက်တုံးကြီးဝတ်လို့ တိုက်ပုံအင်္ကျ ီကို
ရင်စေ့ကြီးဝတ်လို့ဗျ။
“ကဲ…ကိုကြီးဒီပ မမယ်ဆင့်အနားသွားပြီး
အကျိုးအကြောင်းပြောပေတော့ဗျာ”
ကိုကြီးဒီပကိုတော့ ဒီလူမမြင်ရဘူးဗျ။
ကျုပ်ကတော့ ကျုပ်ကို မြင်မှာစိုးလို့ သစ်ပင်နောက်မှ
ကပ်နေသေးတာ။
ကိုကြီးဒီပကသူ့မယားမမယ်ဆင့်ကို အကျိုးအကြာင်
းပြောပြီးကျုပ်ဆီကို ချက်ချင်းပြန်လာတာဗျ။
“ငါပြောခဲ့ပြီ တာတေ မယ်ဆင့်ကမင်းကို
ခြေမန်းကွင်းစွပ်လိမ့်မယ်”
“သာဗိန္ဒကြီး ကျုပ်ကိုယ်ပွားကို မြင်သွားမှာစိုးလို့ဗျ”
“ဟာ တာတေကလည်း မင်းကိုဘယ်သူမြင်မှာတုံး”
“မယ်ဆင့်ကို ဆေးဝါးတွေနဲ့ လုပ်ပြီး
ဝိညာဉ်ထုတ်ယူထားလို့သူကမြင်နေရတာကွ”
“ဟုတ်လား ဒါဆိုရင် သွားမယ်”
“ဟဲ့ကောင်မ နင့်လင် ခုထိမလာသေးဘူးလား
နင့်လင်လာလို့မှနင် ခြေမန်းကွင်းမစွပ်ရင် နင်ကိုယ်ထဲကို
နင်ပြန်ဝင်လို့ မရတော့ဘူးသာ မှတ်ပေတော့။
မနက်ဖြန် နင့်ရွာမှာ နင့်အသုဘကိုလူတွေ
လာကြလိမ့်မယ် မပူနဲ့”
“ငါ့လင် ရောက်ပြီဟဲ့ နင်ဒီလောက်စွပ်စေချင်တဲ့
ခြေမန်းကွင်းကို ငါစွပ်မယ် ဒါပေမဲ့ ငါလင်ကို
နင်ဒုက္ခပေးလို့ကတော့ နင့်ကို ငါကိုယ်တိုင်
သတ်မယ်ဟေ့”
“တယ်လည်းဒေါသကြီးတဲ့ လူခြောက်မယားပါလား
ဟား ဟား ဟား ဟား ကဲ စွပ်လိုက်စမ်း
နင့်လင်ဘယ်လောက် ချောလည်း ငါ ကြည့်စမ်းမယ်”
ကျုပ်က ခေါင်းငုံံ့ပေးလိုက်တော့ မမယ်ဆင့်က ကျုပ်ကို
ခြေမန်းကွင်း စွပ်ချလိုက်တယ်။သာဗိန္ဒကြီးက
ကျုပ်ကို လှည့်ကြည့်နေတာဗျ။
“ဟော… မြင်ရပြီဟေ့ မြင်ရပြီဟ သာဗိန္ဒရဲ့ခြေမန်းကွင်း
ဘယ်လောက်စွမ်းတယ်ဆိုတာ သိပြီမို့လား
ဟား ဟား ဟား ဟား ရွှေတွေ မလိုချင်အောင်
ရတော့မယ်ဟေ့ ရတော့မယ်ကွ ဟား ဟား ဟား
လူခြောက်လေးက ခပ်ငယ်ငယ်ပဲ ရှိသေးတာကိုး။
ကဲ ဟေ့ကောင် လူခြောက် ငါ့ကို အနီးအနားမှာရှိတဲ့
ပိုင်ရှင်မဲ့သိုက်တစ်ခု ပြပေတော့ မင်းက
ပိုင်ရှင်မဲ့သိုက်တွေကိုသိနိင်စွမ်းရှိတဲ့ကောင်
ရွှေတွေကို ယူချင်သလောက်ယူပြီး
သုံးစားနေတဲ့ကောင်ဆို ။ ကဲ အခု မင်းကိုငါ့ပိုင်ပြီကွ
တစ်သက်လုံး မင်း ငါကျွန်လုပ်ရမယ်
မင်း ငါ့ကို ပိုင်ရှင်မဲ့သိုက်တွေ ရှာပေးပေတော့
ငါခိုင်းတာကို အခုချက်ချင်းမလုပ်ရင်
ဟောဟိုက လူခြောက်မယားကို
ကိုယ်ထဲပြန်ဝင်လို့မရအောင် ငါလုပ်လိုက်မယ်”
ကျ ုပ်က သူ့စကားကို နားထောင်တဲ့ပုံနဲ့
ခေါင်းညိတ်ပြလိုက်တယ်။သာဗိန္ဒကတော့
ကျုပ်ကို လူခြောက်ကိုဒီပလို့ပဲ ထင်နေတာဗျ။
ကျုပ်က လက်ဟန်ခြေဟန်နဲ့ သာဗိန္ဒကိုခေါ်ပြီး
ရှေ့ကထွက်ခဲ့တယ်။သာဗိန္ဒက ကျုပ်နောက်က
လိုက်လာတယ်။
“သိုက်ဆရာကြီးသာဗိန္ဒ ဟောဒီနေရာမှာ
ရွှေအချိန်သုံးဆယ်လောက် မြှုပ်ထားတဲ့ပိုင်ရှင်မဲ့
သိုက်ရှိတယ် ဒါပေမဲ့ အဲဒီရွှေတွေကို တွေ့သွားတဲ့
သရဲမတစ်ယောက်က မောင်ပိုင်စီးထားတယ်ဗျ
ကျုပ်က အဲဒီသရဲမကိုကြောက်လို့ ဒီသိုက်ကိုမဝင်ရဲဘူးဗျ
ခင်ဗျားကတော့ ကျုပ်လို ကြောက်မယ်မထင်ဘူး”
“ဟား ဟား ဟား လူခြောက်ကောင် မင်းပြောတာ
အမှန်ပဲဆိုရင် အဲဒီသရဲမကို အခု ခေါ်ထုတ်ပြီး
ငါရိုက်ထုတ်ပစ်လိုက်မယ်။
မင်းမှတ်ထားလူခြောက်ကောင်
ငါ့နာမည်သိုက်ဆရာသာဗိန္ဒတဲ့”
သာဗိန္ဒက ကျုပ်ကို လူခြောက်ကိုဒီပလို့ပဲ ထင်နေတာဗျ။
“ကျုပ် အမှန်ပြောတာဗျ ။ ဆရာကြီးရဲ့။
ဆရာကြီးသာ အဲဒီသရဲမကို နှိမ်နင်းပေးပါ။
ကျုပ် သိုက်ထဲကိုဝင်ပြီး ရွှေတွေ ယူပေးပါ့မယ်
ရွှေတွေရတဲ့အခါ ကျုပ်မိန်းမကိုသာလွှတ်ပေးပါ
ဆရာကြီးရယ်”
“အေး …မင်းမိန်းမကို ငါလွှတ်ပေးမယ်
ဒါပေမဲ့ မင်းကတော့ ငါကို ရွှေတွေ ထပ်ရှာပေးရဦးမယ်
ဒါလောက်နဲ့ ငါက ကျေနပ်မယ့်ကောင်မဟုတ်ဘူး
ကြားလားလူခြောက်”
“ဟုတ်ကဲ့ ကြားပါတယ် ဆရာကြီး အတွက်
ကျုပ်ရွှေသိုက်တွေထပ်ပြပေးပါ့မယ်ဗျာ”
“ကောင်းပြီ ဒါဆိုရင် မင်းဘေးကိုနည်းနည်းဖယ်နေ
မင်းပြောတဲ့ သရဲမကို င့ါခေါ်လိုက်စမ်းမယ်”
ကျုပ်က ဘေးကို ဖယ်ပေးလိုက်တယ်ဗျ။
သိုက်ဆရာသာဗိန္ဒက ပါးစပ်ကနေ
ဂါထာလိုလို မန္တန်လိုလိုတွေ ရွတ်ဖတ်နေတယ်ဗျ
ပြီးတော့မှ…
“ရွှေသိုက်ကို စောင့်နေတဲ့ သရဲမငါဆရာသာဗိန္ဒ
အမိန့်ပြန်လိုက်တယ် အခု ချက်ချင်း မဆိုင်းမတွ
ငါ့ရှေ့မှောက်ကို အရောက်လာခဲ့ရမယ်
သိုက်ဆရာ သာဗိန္ဒရဲ့အမိန့်အခုချက်ချင်း လာခဲ့စမ်း
သရဲမ”
“ဖျန်း”
ကျုပ်တောင် လန့်ပြီး တုန်သွားတယ်ဗျို့။
သာဗိန္ဒက သူ့လက်ထဲက ဆေးကြိမ်လုံးကြီးနဲ့
မြေကြီးကို ဖျန်းကနဲ ရိုက်လိုက်တယ်ဗျ
“ဝုန်း”
ဟာ…သာဗိန္ဒရဲ့ရှေ့ မှာ မီးခိုကြီးတစ်ခု ပေါ်လာတာဗျို့
သာဗိန္ဒတောင် နောက်ကို နည်းနည်းဆုတ်သွားတယ်ဗျို့။
မီးခိုးတွေက လေတိုက်တာနဲ့
တစ်ခါတည်းပျောက်သွားတာဗျ။
ဒီတော့မှ သာဗိန္ဒရှေ့မှာ မတ်တပ်ကြီး
ရပ်နေတဲ့ မဖဲဝါကြီးကို ကျုပ်မြင်ရတော့တာဗျို့။
“ဟီး ဟီး ဟီး ဟီး ဟီး”
မဖဲဝါက ရယ်နေတယ်ဗျ
သာဗိန္ဒက မဖဲဝါကို မြင်ဖူးတဲ့ပုံ မရှိဘူးဗျ
“ဟေ့ကောင်လူခြောက် မင်းပြောတာဒီသရဲမလား”
“ဟုတ်တယ် ဆရာကြီး”
“ဟဲ့ ကောင်မ ဒီသိုက်က ပိုင်ရှင်မဲ့သိုက်တဲ့
အဲဒါကို နင်ကဝင်ပြီး မောင်ပိုင်စီးထားရအောင်
နင့်လင်ပစ္စည်းမို့လို့လားနင် အခုချက်ချင်း ဒီနေရာက
ထွက်သွားငါ့အမိန့် သာဗိန္ဒရဲ့အမိန့်”
“ဟီး ဟီး ဟီး ဟီး”
“ဝူး ဝူး ဝူး အီ အီ အီ အီ အီ”
ဟာ နက်ကျော်ကြီးပါ ရောက်လာပြီဗျို့
“ဟဲ့ သရဲမ နင်က ခွေးတွေဘာတွေတောင်
မွေးထားလို့ ပါလား ။ နင်ကိုယ်နင်
ရွှေသိုက်ပိုင်ရှင်လို့ ထင်နေတာလား ဟဲ့ကောင်မ”
ဟာ လာပြီဗျို့ နက်ကျော်ကြီး ပြေးလာပြီဗျို့။
“အောင်မာ နဲတဲ့ကောင်မှ မဟုတ်တာကဲ
လာစမ်းခွေးနာ”
သာဗိန္ဒက လက်ထဲက ဆေးကြိမ်လုံးကို
လေထဲမှာ ‘ဝီကနဲ ဝီကနဲ’ မြည်အောင်
မွှေ့လိုက်တာဗျို့။
အနားကပ်လာတဲ့ နက်ကျော်ကြီးကို
လှမ်းရိုက်နေတာဗျ။
နတ်ကျော်ကြီးက သာဗိန္ဒရဲ့ ကြိမ်လုံးရိုက်ချက်ကို
လွတ်အောင် ရှောင်ရင်း သာဗိန္ဒကိုဝင်ဆွဲဖို့
လုပ်နေတာဗျို့။
သာဗိန္ဒက ပြေးရိုက်လိုက် နက်ကျော်က
ခုန်ရှောင်လိုက် သာဗိန္ဒက လွှဲရိုက်လိုက်
နက်ကျော်က ကျွမ်းထိုးပြီး ရှောင်လိုက်နဲ့
သာဗိန္ဒက ဒေါသတွေ အထွတ်အထိပ်
ရောက်လာတော့တာပေါ့ဗျာ။
ဒီအချိန်မှာ သာဗိန္ဒက ကျုပ်ကိုရော မဖဲဝါကိုပါ
မေ့သွားတဲ့ပုံပဲဗျ။
မဖဲဝါက ဆတ်ကနဲ လှည့်လိုက်တာသာဗိန္ဒရဲ့
နောက်ကျော ဘက်ကိုရောက်သွားရောဗျို့။
ခွေးနက်ကြီးကိုမဲပြီး ကြိမ်လုံးနဲ့ လိုက်ရိုက်နေတဲ့
သာဗိန္ဒက သူ့နောက်ကျောမှာ
မဖဲဝါမားမားကြီး ရပ်နေတာကို လုံးဝသိပုံမပေါ်ဘူးဗျ။
ဟော…မဖဲဝါရဲ့ လက်ကြီးလေထဲကို
မြောက်တက်သွားပြီးဗျို့။
“ဘုန်း ဘုန်း ဘုန်း ”
သုံးချက်ဆက်တိုက်ကို ရိုက်ချလိုက်တာဗျို့။
သာဗိန္ဒဒူးကြီးထောက်ပြီး ရှေ့ကိုထိုးကျသွားပြီဗျို့။
“ဟဲ့အကောင် လူယုတ်မာ
ငါ့ကိုနင်က ဘယ်သူလို့ ထင်နေလို့တုန်း
ငါ မဖဲဝါဟေ့ မဖဲဝါ ရွှေချိန်သုံးဆယ်စောင့်နေတဲ့
သရဲမ မဟုတ်ဘူးဟဲ့။ ငါ မဖဲဝါ ။
သင်္ချိုင်းစောင့် မဖဲဝါဟဲ့”
သာဗိန္ဒကြီး မျက်လုံးပြူးသွားပြီဗျို့။သူက သာမန်သရဲမ
လို့ထင်ပြီးကြမ်းနေတာဗျ။
အခုမှ မဖဲဝါမှန်း သိသွားတာ ။
ဒါပေမဲ့ မဖဲဝါမှန်းသိတဲ့အချိန်
သိပ်နောက်ကျသွားပြီလေဗျာ
“သိုက်ဆရာကြီး သာဗိန္ဒ ။
ကျုပ်က ခင်ဗျားထင်သလို လူခြောက်မဟုတ်ဘူးဗျ
ထနောင်းကုန်းသား တာတေ။
ကျုပ်ရွာက လူခြောက်မယား အစ်မမယ်ဆင့်ကို
ခင်ဗျားဒုက္ခပေးထားတယ်လို့လူခြောက်ကိုဒီပက
လာပြောလို့ ကျုပ်လိုက်ခဲ့တာ။တာတေက
အကောင်သေးပေမယ့်အဆိပ်က လွှတ်ပြင်းတာဗျ
သိုက်ဆရာကြီးရဲ့”
သာဗိန္ဒဆိုတဲ့လူက ကျုပ်ကိုမျက်လုံးပြူးကြီးနဲ့
စိုက်ကြည့်ရင်းအသက်ကုန်သွားရောဗျို့။
သာဗိန္ဒဖမ်းထားတဲ့ အစ်မမယ်ဆင့်ရဲ့
ဝိညာဉ်လည်း လွတ်သွားပြီပေါ့ဗျာ။
ခန္ဓာကိုယ်ထဲက ထုတ်ထားတဲ့ဝိညာဉ်ဆိုတာ
ဝိညာဉ်ထုတ်ထားတဲ့သူသေတာနဲ့ သူကိုယ်ထဲကို
ချက်ချင်းပြန်ရောက်သွားတာဗျ။
ခုလောက်ဆို ကိုကြီးဒီပလည်းလိုက်သွားရောပေါ့ဗျာ။
ကျုပ်လည်ပင်းက သာဗိန္ဒစွပ်ထားတဲ့
ခြေမန်းကွင်းကြီးကိုဖြုတ်ပစ်လိုက်တယ်။
မဖဲဝါနဲ့နက်ကျော်ကြီးလည်းထွက်သွားကြပြီဗျ။
“ဝူး …ဝူး …ဝူး…အီ …အီ…အီ”
ကျုပ်လန့်နိုးသွားတော့ ဆရာတော့်ကျောင်းက
တုံးမောင်းခေါက်နေပြီဗျ။
“တုံ တုံ တုံ တုံ”
ကျုပ်ကိုယ်ပွားက ကျုပ်ကိုထဲကို
ဘေးမသီရန်မခပြန်ရောက်လာလေရဲ့ဗျ
ပြီးပါပြီ