လူသားစား ဘီလူး(စ/ဆုံး)

ဘာအကြောင်းများတုံး”
ကိုကြီးဖိုးမောင်က ဆေးပေါ့လိပ်ကလေးကို ဆေးလိပ်
ခွက်ကလေးထဲ ထည့်ထားလိုက်တယ်။ပါးစပ်ထဲမှာ
ငုံထားတဲ့ မီးခိုးတွေကို ရှိုက်လိုက်ပြီး နှာခေါင်းပေါက်ကနေ
မှုတ်ထုတ်လိုက်တယ်။
“ဒီလိုဟေ့ ငါတို့ရွာမှာ မနေ့က တော်တော်လေး
ထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်သွားတယ်”
“ဟင် ဘယ်လိုထူးဆန်းတာတုံး ကိုကြီးဖိုးမောင်ရဲ့”
“ဒီလိုကွာ မင်း သိမှာပါကွာ တို့ရွာတောင်ပိုင်းမှာနေတဲ့
ကိုပေတို့ မသန်းတို့ ဆိုတာလေကွာ”
“သြော် နှမ်းနှုတ် ပဲနှုတ် အမြဲလိုက်တဲ့ လင်မယား
ထင်တယ်”
“အေး ဟုတ်တယ် ဟုတ်တယ် ကိုပေ ဆိုတာက
ခြေထောက်ကလေးတစ်ဖက် နည်းနည်းဆာနေတယ်လေကွာ”
“သိပြီ သိပြီ ကိုကြီးဖိုးမောင်ရေ နို့ အဲဒီ လင်မယား
ဘာဖြစ်လို့တုံးဗျ”
“သူတို့မှာ ကလေးနှစ်ယောက်ရှိတယ် ။ အခု တတိယ
ကလေးပေါ့ကွာ။ မသန်း မီးဖွားတာ တစ်ပတ်ပဲ
ရှိသေးတာကွ။ မီးထွက်ပြီးရုံပဲ ရှိသေးတာ။
အဲဒါ ကလေးကို စောင်ခွေလေးထိုးပြီး သိပ်ထားတာပေါ့။
ကလေး အိပ်နေတုန်း အိမ်ထဲမှာ ထမင်းလေး ဟင်းလေး
ချက်ရတာပေါ့ကွာ။ အလုပ်ပြီးလို့ ပြန်လာတော့
ကလေး မတွေ့တော့ဘူးကွ”
“ဗျာ…ကလေးပျောက်သွားတယ် ဟုတ်လား
ကိုကြီးဖိုးမောင်”
ကျုပ်က အလန့်တကြား မေးလိုက်မိသလို
အောင်မြင့်ကလည်း လန့်ပြီး ပါးစပ်ဟောင်းလောင်းကြီး
ဖြစ်နေတာပေါ့ဗျာ။
“နေဦး ငါ ဆက်ပြောဦးမယ် ကလေးထွေးထားတဲ့
စောင်ခွေထဲမှာ သွေးစတွေ ကျန်ရစ်ခဲ့တယ်ကွ”
“ဟာ … သွေးစတွေ ဟုတ်လား ခွေးတွေဘာတွေများ…”
“မဟုတ်တာကွာ ဘယ်တုံးကများ ခွေးက ကလေးကို
စားပစ်တယ်ဆိုတာ ရှိဖူးလို့တုံး ။ ပြီးတော့ မသန်းက
အိမ်ရှေ့တံခါးကို သေသေချာချာကို ဂျက်ထိုးပြီး
ပိတ်ထားတာတဲ့ကွ တာတေရဲ့”
“ဖြစ်မှဖြစ်ရလေဗျာ အောင်မြင့် လာတာလည်း
ဒီကိစ္စမျိုးပဲဗျ”
“ဟေ … ဘန့်ဘွေးကုန်းမှာလည်း ကလေးပျောက်
သွားလို့လား”
“ဟုတ်တယ် ကိုကြီးဖိုးမောင် ကျုပ်တို့
ဘန့်ဘွေးကုန်းမှာလည်း ကလေး ပျောက်သွားတယ်
ဒါပေမဲ့ ခင်ဗျားတို့ မီးလောင်ကုန်းမှာ ပျောက်သလို
အရှင်ပျောက်တာ မဟုတ်ဘူးဗျ။ သုံးလ သားလေး
သေသွားလို့ အသုဘချတာ။ကျုပ်ပဲ အားလုံးကို
ဦးဆောင်ပြီး လုပ်ပေးတာဗျ။ သင်္ချိုင်းကုန်း မရောက်ခင်
ခေါင်းထဲက ကလေးအလောင်းလေး ပျောက်သွားတာဗျို့
ဟိုရောက်လို့ သင်္ဂြ ိုဟ်မယ်လုပ်တော့ မရှိတော့ဘူး
ကိုကြီးဖိုးမောင်ရေ”
“ဟာ မင်းတို့ရွာမှာ ဖြစ်တာတွေ ပိုတောင်
ဆန်းနေသေးပါရောလား အောင်မြင့်ရဲ့”
“ဆန်းချက်ကတော့ ပြောမနေနဲ့တော့ဗျာ ဒါကြောင့်
ကျုပ်လည်း တာတေ့ဆီ ပြေးလာခဲ့တာဗျ”
“ဟေ ဟုတ်လား ”
“နို့ နေပါဦး အောင်မြင့်ရဲ့ မင်းတို့က ဘယ်တုံးက
ဖြစ်တာတုံး”
ကိုဖိုးမောင်ကြီးက အောင်မြင့်ကိုမေးလိုက်တယ်
“ဒီနေ့ပဲလေ ဒီနေ့ မွန်းတည့်ကာနီးလောက်ကမှ
ဖြစ်သွားတာဗျ”
“ဟေ ဟုတ်လား ငါတို့က မနေ့က ဖြစ်တာကွ
ဘယ်လိုဖြစ်တာပါလိမ့်ကွာ”
“ကဲ အောင်မြင့်ရော ကိုကြီးဖိုးမောင်ရော
စိတ်အေးအေးထားပြီးသား ပြန်ပေတော့ ။
ဒီညပဲ ဒီကိစ္စကိုကျုပ် စလုပ်မယ်
ဘာဆိုတာတော့ ကျုပ်လည်း မပြောတတ်သေးဘူးဗျ”
ကိုကြီးဖိုးမောင်ရော အောင်မြင်ရော ပြန်သွားတော့
ညနေ သုံးနာရီထိုးပြီ။ ကျုပ် ချက်ချင်းရွာထဲကို
ထွက်ပြီး ကျောက်ခဲနဲ့သံမဏိကို ရှာတယ်။
ကျောက်ခဲက လှည်းကောက်ပြီး မီးလောင်ကုန်းကို
သွားရမယ် သံမဏိက ကျုပ်နဲ့ ထမင်းတောင်း
ပြင်မယ်ပေါ့ဗျာ။
သံမဏိ ကြက်အမွေးနှုတ်ပြီးတော့ ညနေလေးနာရီရှိပြီး
ကျုပ် ချက်ချင်း ကြက်သားခုတ်ရတာပေါ့ဗျာ။
ထမင်းကတော့ မီးဖိုပေါ်မှာ ချက်ထားပြီဗျ။
ငှဲ့တောင် ငှဲ့ရတော့မှာ။
ကျုပ် ကောင်လေးနှစ်ယောက်က လွှတ်တော်တာဗျ။
နှစ်ယောက်လုံး ချက်တတ် ပြုတ်တတ်ချည်းပဲ။
ကျုပ်တို့ ထမင်းရော ဟင်းရော ကျက်သွားတော့
ငါးနာရီ ကျော်ပြီ
“ဟဲ့နွား ဟင် ဟဲ့ တည့်တည့်ဆွဲလေ တောက် ဟ
ဘယ်တုံး ငနီ”
ဟော ကျောက်ခဲရဲ့ နွားငေါက်သံဗျ။ ကျောက်ခဲ
ပြန်လာပြီ။ ဝိုင်းထဲကို လှည်းမဝင်တော့ဘူး။
ဒေါ်တုတ်က လှည်းပေါ်က ခုန်ဆင်းလာတယ်။
“သံမဏိ ငှက်ပျောဖက်တွေ လာယူဟေ့”
ကဲ အဲဒါသာ ကြည့်တော့ဗျို့။ ဒေါ်တုတ်ကို သွားခေါ်
ခိုင်းတယ်။ငှက်ပျောဖက်ပါ ခုတ်ယူလာပြီးသားဗျ။
လွှတ်အားကိုးရတဲ့ ကောင်တွေပါဗျာ။
အိမ်ပေါ်ကို ရောက်တော့ ဒေါ်တုတ်က အမေ့ကို သူတို့
ရွာက မသန်း ထူးထူးဆန်းဆန်း ကလေးပျောက်သွားတဲ့
အကြောင်း ပြောတယ်ဗျ။
“အေး ဒါကြောင့် ထင်တယ် နေ့လယ်က ကိုရင်သြရဲ့
သား ဖိုးမောင် လာသွားတာ တွေ့လိုက်တယ်
တာတေ့ဆီ ဒီအကြောင်း လာပြောတာထင်တယ်
ပြီးတော့ ဘန့်ဘွေးကုန်းက ကိုဘမောင်သား
အောင်မြင့်လည်း လာတာ တွေ့တယ်။
ဘန့်ဘွေးကုန်းမှာလည်း ဘာဖြစ်တယ် မသိဘူး
မတုတ်ရဲ့ ။ သူတို့ ပြန်သွားတာနဲ့ တာတေလည်း
ယောက်ယက်ခတ်နေတော့တာပဲဟေ့”
အမေကလည်း ဒေါ်တုတ်ကို ပြန်ပြောပြတယ်
ညရှစ်နာရီထိုးတော့ ကျုပ်တို့ ထနောင်းကုန်း
သင်္ချိုင်းကို ထွက်လာတယ်။ ထုံးစံအတိုင်းပေါ့ဗျာ။
သံမဏိက ထမင်းတောင်း ထမ်းလို့ပေါ့ဗျာ။
ထမင်းပြင်တယ်။ ကျုပ်က ခါတိုင်းလိုပဲ မဖဲဝါကို
ပင့်တယ်။
“အရှေ့နေထွက် အနောက်နေဝင် တောင်တံငါ့ကွန်
မြောက်ဓူဝံအတွင်း ရှိလေရာ ရောက်လေရာ အရပ်က
အမြန်ဆုံးသာ ကြွခဲ့ပါ ။ မြောက်ဘက်ရှင်မရဲ့
ပညာသိုက်စောင့် မယ်တော်လေးပါးရဲ့ အစေအပါး
သင်္ချိုင်းမှန်သမျှရဲ့ ရှင်မ မဖဲဝါကို စားပွဲသောက်ပွဲများနဲ့
ကြိုဆိုပါတယ် အမြန်ဆုံး ကြွခဲ့ပါ မဖဲဝါဗျား”
ထမင်းပွဲဘေးမှာ ထွန်းထားတဲ့ ဖယောင်တိုင်လေးက
လေတိုက်လို့ ငြိမ်းမလိုတောင် ဖြစ်နေတာဗျ။
ဒါနဲ့ ကျုပ်ပြောရဦးမယ်။ မဖဲဝါကို ပင့်တိုင်း ကျုပ်
ဖယောင်းတိုင်တစ်တိုင် ထွန်းတယ်။ အဲဒီဖယောင်တိုင်က
လေဘယ်လောက်တိုက်တိုက် မှိန်သွားတာပဲ ရှိတယ်ဗျ
ဘယ်တော့မှ ငြိမ်းမသွားဘူး။ ကျုပ် ဒါကို သတိထားမိတာ
ကြာပါပြီ။
“ဝူး ဝူး ဝူး အီ အီ အီ”
ဟော လာပြီဗျို့။ လာပြီ။ ဂူတွေပေါ်ကနေ ဖြတ်ဖြတ်ပြီ
ရွှေ့လာတာ။ ရိပ်ကနဲ ရိပ်ကနဲ နေတာပဲဗျာ။
ဟော ဝင်ပြီ။ ဒေါ်တုတ်ကိုယ်ထဲကို ဝင်သွားပြီဗျို့။
ဒေါ်တုတ်လက်ကြီးတွေ ကွေးကွေးကောက်ကောက်နဲ့
မြောက်တက်လာတယ်။
ဟော ထမင်းပွဲ ပြင်ထားတဲ့ ဂူကြီးပေါ်ကို ခုန်တက်
သွားပြီဗျို့။ ဟော စားပြီဗျာ စားပြီး အားရပါးရကို
စားတာဗျ။ တော်တော်လေး စားပြီးတော့မှ ကျုပ်ကို
မျက်လုံးကြီး လှန်ကြည့်တယ်။
မဖဲဝါရဲ့ အကြည့်ကို ကျုပ် သိပြီးသားပါဗျာ
ကျုပ် ချက်ချင်း ပြောလိုက်တယ်။
“မဖဲဝါ ဘန့်ဘွေးကုန်းမှာ ကလေးတစ်ယောက်ဆုံးလို့
သင်္ဂြ ိုဟ်ကာနီးမှာ ထူးထူးဆန်းဆန်း ခေါင်းထဲက
ကလေးအလောင်း ပျောက်သွားတယ်။ ပြီးတော့
မီးလောင်ကုန်းမှာ မွေးပြီးလို့ တစ်ပတ်သားပဲ ရှိသေးတဲ့
ကလေးတစ်ယောက်လည်း သိပ်ထားရင်းက
ပျောက်သွားတယ်။ သွေးစတွေ ကျန်ရစ်ခဲ့တယ် မဖဲဝါ”
“ဟဲ့ တာတေ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က
ရန်ကုန်မှာ ငဘိုးထူး ဆိုတဲ့အကောင် သင်္ချိုင်းကုန်းမှာ
လူသေအသား တစ်ခု နှစ်ခု စားပြီး ဘီလူးမှော်သွင်းတာ
အောင်သွားခဲ့ဖူးတယ်။ အဲဒီကောင် သေတော့
လူသားစား ဘီလူး ဖြစ်သွားတယ်။ ဒီဘီလူးက
သင်္ချိုင်းမှာ လာပြီးမြှုပ်တဲ့ ကလေးအသေကို ဖော်ပြီး
စားရတာ။ အခုတော့ ဒီဘီလူးက ဘီလူးစည်းဖောက်ပြီး
ရွာတွေထဲ ဝင်ဆွဲလိုဆွဲ ။ ခေါင်းထဲက ကလေးအလောင်းကို
နှိုက်လိုနှိုက် ဖြစ်နေတာ။
ဒီနယ်ကို ဒီဘီလူး ရောက်နေတာ
ငါသတိမထားမိဘူး တာတေ”
“အဲဒါကြီးကို ဘယ်လိုလုပ်ရမှာတုံးဗျ မဖဲဝါရဲ့ ”
“ငါပြောမယ် နင် နားထောင် ဒီဘီလူး နင်တို့ရွာက
ကလေးတစ်ယောက်ကို ဖမ်းစားထားပြီး မနက်ဖြန်ညနေ
ဒီကလေး သေလိမ့်မယ်”
“ဟာ”
“အေး … အဲဒီကလေးကို ညတွင်းချင်း ခေါင်းသွင်းပြီး
အိမ်ရှေ့မှာ ထုတ်ထား ဒီဘီလူး ညတွင်းချင်း ရောက်လာ
လိမ့်မယ် နင်မှာ ဘီလူးထောင်ချောက်အင်း ရှိတယ်
အဲဒီအင်းကို ကလေးအလောင်းစင်ရဲ့ အနောက်ဘက်မှာ
မြှုပ်ပြီး စည်းဝိုင်းတားထား ပြီးရင် နင့်ဆရာတော်ဆီမှာ
ဝါးပျံနဲ့ ယက်ထားတဲ့ ဝါးယပ်တောင် ဘုရားခန်းမှာ
ထားတာရှိတယ် အဲဒါကို အဆင်သင့်ဆောင်ထား
ဘီလူးကောင် နင့်ထောက်ချောက်ထဲမှာ မိပြီဆိုရင်
နင် ဂါထာရွတ်တော့”
“ဘယ်ဂါထာတုံးဗျ”
“တာတေ နင့်ဆရာ ပေးခဲ့တဲ့ စာအုပ်ထဲမှာ ရှာကြည့်”
“သြော် … ဟုတ်ကဲ့ ဟုတ်ကဲ့ပါ မဖဲဝါ”
“ဘီလူး မီးတောက်တောက်လိမ့်မယ် နင် မကြောက်နဲ့
ဝါးပျံ ယပ်နဲ့ နာနာခပ်ပေး မီးတောက်က အဲဒီဘီလူးကို
လောင်ပြီး ပြာချပစ်လိုက်လိမ့်မယ် အဲဒီည ဒီဘီလူး
အဆုံးသတ်ရမယ့်ညပဲ”
မဖဲဝါ ပြန်ကြွသွားတော့ ဒေါ်တုတ်ကို တော်တော်လေး
လှုပ်နှိုးခဲ့ရတယ် အချိန်နည်းနည်း ကြာသွားတာကိုးဗျ။
ဒေါ်တုတ် သတိရတော့ ကျုပ်တို့ အိမ်ကို ပြန်လာပြီ။
စကားစမြည် ပြောကြဆိုကြနဲ့ ညတော်တော်နက်မှ
အိပ်ရာဝင်ကြတယ်။
ဘီလူးက ကျုပ်တို့ရွာက ကလေးတစ်ယောက်ကို
ဖမ်းစားထားတယ်လို့ မဖဲဝါ ပြောတဲ့စကားကို ကျုပ်
သတိရပြီး တော်တော်ကို စိတ်မကောင်းဖြစ်တာဗျာ။
နောက်တစ်နေ့လုံး ကျုပ်အိမ်ကနေ ဘယ်မှမသွားဘဲ
စောင့်နေတာဗျို့။ ဘာသံမှတော့ ခုထိ မကြားရသေးဘူး
ဒီနေ့ နေ့လယ်ဆိုရင် ကျုပ် တစ်မှေးတောင် မမှေးဘူးဗျ
ဘယ်ကများ ဘာကြားရမလဲဆိုပြီး စောင့်နေတာ။
“ကိုကြီးတာတေ ကိုကြီးတာတေ”
ဟော ကျောက်ခဲ နဲ့ သံမဏိတော့ ဝိုင်းထဲကို
အပြေးအလွှား ဝင်လာပြီဗျို့။
ကျုပ် နာရီ ကြည့်လိုက်တယ် ။ ညနေ ငါးနာရီထိုးတော့မယ်ဗျ
ဟိုကောင် နှစ်ကောင် အိမ်ပေါ်ကို ပြေးတက်လာတယ်
“ကိုကြီးတာတေ အနောက်ပိုင်းက ကိုကျောက်ဒိုးတို့
မပုတို့ရဲ့ကလေး ဆုံးသွားလို့ဗျ”
“ဟေ ဟုတ်လား ဘာဖြစ်လို့ ဆုံးတာတုံး”
“တစ်နေ့လုံး အကောင်းတဲ့ဗျ။ နေ့လယ်လောက်ကမှ
ကိုယ်ကလေး နွေးရုံနွေးတာတဲ့။ ညနေလည်းကျရော
တက်တော့တာပဲတဲ့ နှစ်ခါ သုံးခါတက်ပြီးတော့
အသက်ပါ ပါသွားတာဆိုပဲဗျ”
“ကလေးက ဘယ်အရွယ်တုံးကွ ကျောက်ခဲရဲ့”
“အခါလည် သားလေးလို့ ပြောတယ်ဗျ”
“ကဲ ငါတို့ အလုပ်စကြမယ်ကွာ အဲဒီအိမ်ကို သွားကြမယ်
ငါ စီစဉ်စရာတွေ ရှိသေးတယ်”
ကျုပ် ကလေးဆုံးတဲ့ အိမ်ရောက်တော့
ကျုပ်တို့ရွာသားတွေ စုံနေပြီ။ ကျုပ်က လူကြီးပိုင်းနဲ့
လူလတ်ပိုင်းတချို့ကို ခေါ်ပြီး အကျိုးအကြောင်း
ပြောပြတယ်။ ပြီးတော့ လုပ်ရမှာတွေ တိုင်ပင်တယ်
ည ၇ နာရီထိုးတော့ ကလေးကို ခေါင်းသွင်းပြီးပြီ။
ဝိုင်းထဲမှာ ကျုပ်စိတ်ကြိုက်နေရာ ရွေးပြီး အလောင်းစင်
ပြင်လိုက်တယ်။ အလောင်းစင်နဲ့ မလှမ်းမကမ်းမှာ
မှန်အိမ်လေးတစ်လုံး ထွန်းထားတာပေါ့ဗျာ။
ကျုပ် အိမ်ခဏပြန်ပြီး ဆေးလွယ်အိတ်ယူတယ်။
ဆရာတော့်ကျောင်းက ခွင့်တောင်းပြီး
ယူလာတဲ့ ဝါးပျံယပ်တောင်ကြီးလည်း ကျုပ်
ယူရတာပေါ့ဗျာ။
ကျုပ် ကလေးအသုဘအိမ်ကို ပြန်ရောက်တော့
ညရှစ်နာရီ ကျော်ပြီ အိမ်ပြန်ကတည်းက ကျုပ်က
မျက်ကွင်းဆေး ကွင်းလာခဲ့တာဗျ။ မဖဲဝါ မှာတဲ့အတိုင်း
အလောင်းစင်ရဲ့ အနောက်ဘက်မှာ ဘီလူးထောက်ချောက်အင်း
မြှုပ်လိုက်တယ်။
ပြီးတော့ ဆရာနွံဖတို့ လုပ်သလို ဂါထာရွတ်ပြီး
စည်းဝိုင်းချတယ်။ ညည့်နက်တော့ လူတွေကို
အိမ်အောက်ကို ဘယ်သူမှ မဆင်းခိုင်းတော့ဘူး။
ကျုပ်တစ်ယောက်ပဲ မန်ကျည်းပင်ကြးနောက်က
ပုန်းပြီဗစောင့်တယ်။
“ဝူး ဝူး ဝူး ဝူး”
“ဖျန်း ဖျန်း ဖျန်း ဖျန်း”
“အား အား အား အား”
“ဂီး ဂီး ဂီး ဂီး”
ဟာ ခွေးတွေအူ ငှက်တွေ လန့်ပျံ ကျီးတွေပြို
ငှက်ဆိုးတွေထိုး တစ်ပြိုက်နက်ကို ဖြစ်တာဗျို့။
ကျုပ်ဆိုတာ ကြက်သီးတွေ ထလိုက်တာဗျာ။
ဖျန်းကနဲ ဖျန်းကနဲ နေတာပဲဗျို့။
ဟာ ဝိုင်းထဲကို ဝင်လာပြီဗျို့။ ကိုသိန်းညိုရဲ့သား
လူခြောက် မောင်အောင် ပြောတဲ့အကောင်ပဲကိုး။
တစ်ကိုယ်လုံး မဲနက်နေတာဗျို့။ပါးစပ်က အကြီးကြီးဗျ
ပါးစပ်ထဲမှာ အစွယ်ကြီးတွေမှ ဖွေးနေတာပါပဲဗျာ။
အရပ်ကတော့ လူအရပ်လောက်ပါပဲ။
ကိုယ်လုံးကြီးကတော့ လူနှစ်ကိုယ်စာလောက် ရှိတယ်
ပုဆိုးကွက်တုံးကြီး ဝတ်လို့ဗျ။ အပေါ်ပိုင်းမှာတော့
အင်္ကျီမပါဘူး။ မျက်လုံးနီနီကြီးတွေနဲ့ ဝိုင်းထဲကို
ဟိုကြည့် ဒီကြည့် လုပ်နေတယ်။
ကျုပ်ဖြင့် လှုပ်ကို မလှုပ်ရဲတာဗျို့။
ဟော သွားပြီ လူသားစား ဘီလူးကောင် ကလေး
အလောင်းစင်ဘက်ကို သွားပြီး ။ အောင်မယ်။
အလောင်းစင်ကို တစ်ပတ်ပတ်ပြီး ကြည့်နေတယ်ဗျို့။
ဟော ဝင်သွားပြီ။ ကျုပ်ဆင်ထားတဲ့ ဘီလူးထောက်ချောက်ထဲကို
လူသားစားဘီလူး ဝင်သွားပြီ။
ရွတ်ပြီ။ ကျုပ် ‘ငရဲ မီးတောက်’ဂါထာကို ရွတ်ပြီ။
ကျုပ် ဆရာကြီး ဒေါက်တာဦးမင်းအောင် သင်ပေးထားတဲ့
ဂါထာပေါ့ဗျာ။ ဒီနေ့ပဲ ကျုပ် မှတ်စုစာအုပ်ထဲမှာ
ပြန်ပြီး ကြည့်ထားတာဗျ။
ကျုပ်ဂါထာကို မနားတမ်းရွတ်တယ်။ ဘာမှမထူးသေးဘူး
ဘီလူးက ကလေးရဲ့ ခေါင်းကိုနှိုက်ဖို့ လက်ပြင်နေပြီ
ကျုပ် ဂါထာကို မနားတမ်းရွတ်တယ်။
“ဝုန်း”
ဟာ မီးတောက်ပြီဗျို့ ။ ကျုပ်မကြောက်ဘူး။ဒီည
ဒီကောင် အဆုံးသတ်ရမယ်ညလို့ မဖဲဝါ ပြောလိုက်တယ်။
ကလေးတွေကို သေအောင် ဖမ်းစားပြီ လိုက်စားနေတဲ့
လူသားစားဘီလူးကို အသေသတ်ဖို့ ကျုပ် မန်ကျည်းပင်
နောက်က ပြေးထွက်လိုက်တယ်။ လက်ထဲက ဝါးပျံ
ယပ်တောင်နဲ့ ကျုပ်ခတ်လိုက်တယ်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း”
ဟာ ဝါးပျံယပ်နဲ့ ခတ်လိုက်တော့မှ မီးတောက်ကြီးတွေက
ဝုန်းကနဲ့ မြည်ပြီး ထလာတာဗျို့။ဘီလူးက ကျုပ်ကို
မျက်ထောက်နီကြီးနဲ့ကြည့်ပြီး ပါးစပ်ကြီး ဟပြတယ်။
ဟာ အစွယ်ကြီးတွေမှ အရှည်ကြီးပဲဗျာ။ဒါပေမဲ့
‘ဘီလူးထောက်ချောက်’ထဲမှာ မိနေတဲ့ ဘီလူးက
ကျုပ်ကို ဘာမှပြန်မလုပ်နိုင်ဘူးဗျ။ကျုပ်က ဝါးပျံ
ယပ်တောင်ကြီးကို မရအ်မနား ခတ်ပေးတယ်။
“အား အူး အူး အူး အီ”
ဘီလူးရဲ့ အော်သံက တစ်ရွာလုံးကို
လွှမ်းသွားရောဗျာ။ တစ်ရွာလုံး လူသံရော ခွေးသံရော
တိတ်ကိုသွားရောဗျား။
“ဝုန်း ဝုန်း ဝုန်း”
ငရဲ မီးတောက်ကြီးကလည်း ပူပါဘိဗျာ။
မီးတောက်ထဲမှာ ဘီလူး ခြေကားယား
လက်ကားယားနဲ့ မြေကြီးပေါ်ကို လဲကျသွားပြီဗျို့။
အော်သံကြီးလည်း ပျောက်သွားပြီ။
ဒီလူသားစားဘီလူး အော်တဲ့အသံကို မဖဲဝါလည်း
ကြားမှာပဲဗျ။ အားလုံးပြာ့ဖြစ်သွားတော့မှ
ငရဲမီးတောက်ကြီး ငြိမ်းသွားတယ်။
ဒီတော့မှ အိမ်ပေါ်က လူတွေ ဝိုင်းထဲကို
ဆင်းလာကြတာပေါ့ဗျာ။ကျုပ်ကောင်တွေ
ကျောက်ခဲ သံမဏိလည်း ကျုပ်ဆီကို
စွတ်ပြေးလာတာဗျ။
ရွာထဲက ရွာသားတွေလည်း လူသံတွေ
ကြားတော့မှ ကလေးအသုဘအိမ်ကို စုပြုံရောက်လာပြီး
တစ်ယောက် တစ်ပေါက် ပြောကြဆိုကြနဲ့
ညံနေတော့တာဗျို့။
နောက်နေ့မနက်ပိုင်းမှာပဲ ကလေးကို
ကောင်းကောင်းမွန်မွန် သင်္ဂြ ိုဟ်လိုက်နိုင်တာပေါ့ဗျာ။
ပြီးပါပြီ
Crd-တာတေ