အောင်မြတ်သာနှင့် မြင်းဖြူကတဲ့ယာဉ်

အမှိုက်ခြင်းတွေလဲကျသွားတဲ့အသံကြောင့် ဆေးလိပ်လိပ်နေတဲ့ မိန်းမကြီးက ညီးနေတဲ့ သီချင်းကိုဆက်မဆိုတော့ပဲရပ်လိုက်ပြီး ခေါင်းကိုအနောက်ဘက်တစ်ဖြေးဖြေးလှည့်လာခဲ့တယ်။ ခန္ဓာကိုယ်က အရှေ့မှာကျန်နေပြီး မျက်နှာကအနောက်ရောက်လာတဲ့ အဖြစ်ကိုမြင်တော့ ရွှေခင် တစ်ယောက် တစ်ကိုယ်လုံးလှုပ်ရှားလို့မရတော့လောက်အောင် ကြောက်လန့်သွားခဲ့တယ်။
မျက်နှာတစ်ခုလုံးဖောသွပ်နေပြီး မျက်လုံးအိမ်ထဲက အပုတ်ရည်တွေစီးကျနေတဲ့ မိန်းမကြီးက ရွှေခင်ကိုမြင်တော့ မတ်တပ်ထရပ်လိုက်ပြီး ပြုံးပြလိုက်ရာ ပါးစပ်က နားရွက်အထိ ပြဲထွက်သွားခဲ့တယ်။ ထိတ်လန့်ဖွယ်အဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ ရွှေခင်က ရှိတဲ့အားတွေကိုစုစည်းကာ မတ်တပ်ထရပ်လိုက်ပြီး ခြံအပြင်ဘက်ကို သွေးရူးသွေးတန်းထွက်ပြေး ပါလေရော။
“သရဲ သရဲ သရဲ ကယ်ကြပါဦး”
ရွှေခင်ရဲ့ငယ်သံပါအောင်အော်တဲ့အသံကြောင့် လမ်းသွားလမ်းလာတွေနဲ့ အနီးအနားက လူတွေထွက်လာတော့ ခြံဝမှာသတိလစ်မေ့မျောနေတဲ့ ရွှေခင်ကိုတွေ့လိုက်ရတယ်။ အဲဒီအဖြစ် အပျက်တွေအပြီးမှာတော့ ဆေးလိပ်ခုံကိုဘယ်အလုပ်သမမှမလာရဲတော့ပဲ ပိတ်လိုက်ရတဲ့ထိ ဖြစ်သွားခဲ့တယ်။ သင်္ကြန်တွင်း အိမ်ပြန်သွားခဲ့တဲ့ခင်ဖြူက ဒီအဖြစ်အပျက်တွေကို မသိပဲ အလုပ်ဆင်းဖို့ ဆေးလိပ်ခုံရှိရာကိုပြန်လာတော့ သော့ခတ်ထားတဲ့ခြံတံခါးဝမှာ လူသုံးယောက် မတ်တပ်ရပ်ပြီး အထဲကိုစူးစိုက်ကြည့်နေတာမြင်လိုက်ရတယ်။
“ဒီအချိန်ထိ ဆေးလိပ်ခုံမဖွင့်‌သေးပဲ ဘာလုပ်နေလဲမသိပါဘူး”
ခင်ဖြူကတစ်ယောက်ထဲ တီးတိုးရေရွတ်ရင်း ခြံတံခါးဝမှာရပ်ကြည့်နေတဲ့ လူသုံးယောက်ရှိရာ ဘက်ကိုလျောက်လာလိုက်တယ်။ ခြံဝကိုရောက်တော့ ရပ်ကြည့်နေတဲ့ လူတွေက ခင်ဖြူဘက်ကို လှည့်လာပြီး
“ကလေးမ အလုပ်လာဆင်းတာလား ဒီဆေးလိပ်ခုံက သင်္ကြန်တွင်းထဲကပိတ်ထားတာ မသိဘူးလား”လို့ပြောလိုက်တော့ ခင်ဖြူအံ့သြသွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအိမ်မက်ထဲမှာ တွေ့ခဲ့တဲ့လူက အခုသူ့အရှေ့မှာရှိနေလို့ပဲ။
“ အစ်ကိုတို့ကို အိမ်မက်ထဲမှာ တစ်ခါတွေ့ဖူးသလိုပဲ ညီမကို ဂါထာတစ်ပုဒ်ပေးခဲ့တာလေ ဟုတ်တယ်မလား”
ခင်ဖြူစကားကြောင့် ယောင်္ကျားပီသတဲ့မျက်နှာကျရှိတဲ့ လူက နှစ်လိုဖွယ်အပြုံးကို ပြုံးလိုက်ပြီး
“ဟုတ်တယ် ညီမကို ဂါထာတစ်ပုဒ်ပေးခဲ့တာအစ်ကိုပါပဲ အခု ဒီနေရာက ညီမတို့လို မိန်းမသားတွေမနေသင့်တဲ့နေရာတစ်ခုဖြစ်နေပြီ လောလောဆယ်ရွာကိုခဏပြန်လိုက်ပါဦး လမ်းစရိတ်နဲ့ အိမ်သုံးစရိတ်အတွက် ဒီငွေတွေကိုယူသွားပါ”လို့ပြောပြီး လွယ်အိတ်ထဲကနေ ပိုက်ဆံအချို့ကိုထုတ်ပေးလိုက်တယ်။
ခင်ဖြူက သူ့ကိုကမ်းပေးတဲ့ ငွေစက္ကူကို လက်ဖျားနဲ့တောင်မတို့ပဲ
“မဟုတ်တာအစ်ကိုတို့ရယ် ညီမက သူတစ်ပါးပစ္စည်းကို အလကားမယူချင်ပါဘူး မယူပါရစေနဲ့နော်”လို့ပြောတော့ လူသုံးယောက်က သဘောကျစွာရယ်လိုက်ပြီး
“ ညီမကို အလကားပေးတာမဟုတ်ပါဘူး အစ်ကိုတို့သိချင်တဲ့ အရာတစ်ခုကို ဖြေနိုင်မှ ဒီငွေ တွေကိုပေးမှာပါ” “ဟင် အစ်ကိုတို့က ဘာကိုသိချင်တာလဲဟင်”
“ဒီဆေးလိပ်ခုံ ပိုင်ရှင်နေတဲ့ အိမ်ကိုသိချင်တာပါ ညီမသိတယ်မဟုတ်လား”
“ အော် ဒီဆေးလိပ်ခုံပိုင်ရှင်က ဦးဖိုးဖြူလမ်းမှာနေတယ် အစ်ကိုတို့သွားချင်ရင် ညီမ လိုက်ပို့ပေးမယ်လေ”
“ ရတယ်ညီမ ဒီလောက်ဆို အစ်ကိုတို့သိပါပြီ ဒီငွေတွေကိုယူပြီး အိမ်ကိုပြန်သွားပါ နောက် သုံးရက်နေရင် ပြန်တက်လာခဲ့လို့ရပြီ”
ခင်ဖြူလဲ အိမ်မက်ထဲမှာမြင်တွေ့ခဲ့ရတဲ့ လူထူးဆန်းစကားကို ငြင်းဆန်နိုင်စွမ်းမရှိတော့ပဲ ငွေစက္ကူအချို့ကိုလက်ခံကာ ရွာကိုပြန်သွားခဲ့တယ်။
———————————
ဦးဖြူလမ်းမှာရှိတဲ့ အုတ်ခံနှစ်ထပ်တိုက်အထဲမှာတော့ အဖျားတက်ပြီး အိပ်ယာထဲ လဲနေတဲ့ လူမမာဘေးမှာ သတင်းပေးလာကြတဲ့ မြို့ခံသူဌေးတွေက သုံးယောက်ထက်မနည်းရှိနေခဲ့တယ်။ လူမမာကတော့ သတင်းလာမေးကြတဲ့ ဧည့်သည်တွေကို စကားအနည်းငယ်ပြောပြီးတဲ့အချိန် ကိုယ်ထဲကနေချမ်းစိမ့်ပြီးတက်လာတာကြောင့် ဘေးမှာရှိတဲ့ရေနွေးခွက်ထဲက ရေအနည်းငယ်ကို သောက်ပြီး မှိန်းနေလိုက်တယ်။
“ မမလေး မမလေး အိမ်အောက်မှာ ဧည့်သည်သုံးယောက်ရောက်နေတယ် မမလေး ဖြစ်နေတဲ့ရောဂါကိုကုပေးမလို့ဆိုပြီးပြောတယ်”
“ ဘယ်က ဆေးဆရာတွေလဲ ငါလဲမခေါ်ထားပါဘူး သွား သွား ပြန်မောင်းထုတ်လိုက်”
နေမကောင်းဖြစ်နေတဲ့ ရွှေခင်စကားကြောင့် အိမ်မှာတောက်တိုမယ်ရ လုပ်ပေးနေတဲ့ အိမ်ဖော်မလေးက အိမ်အောက်ကို ခပ်သုတ်သုတ်ဆင်းသွားခဲ့တယ်။ ခဏကြာတော့ ပြန်တက် လာပြီး
“ မမလေး သူတို့မသွားကြဘူး ဘယ်လိုပြောပြောမသွားတာ ဆေးကုသခလဲ မယူဘူးတဲ့ သူတို့မကုရင် မမလေးရောဂါက ဘယ်တော့မှပျောက်မှာမဟုတ်ဘူးလို့လဲပြောတယ်”
“ ဟင်း ဒီလောက်ကုချင်နေရင် အိမ်ပေါ်ကိုသာခေါ်လာလိုက်တော့ ဒီကဧည့်သည်တွေ ကိုတော့ အားနာပါတယ်ရှင်”
ရွှေခင်စကားကြောင့် လူနာလာမေးကြတဲ့ဧည့်သည်တွေက လက်ကာပြပြီး
“ ဒီလူနဲ့ ဒီလူတွေက ပြောစရာမှမဟုတ်တာ မရွှေခင်လဲ နားလိုက်ပါဦး ကျုပ်တို့လဲ အလုပ်ကိစ္စလေးတွေရှိသေးလို့ ပြန်လိုက်ပါဦးမယ်”
ဧည့်သည်တွေက မရွှေခင်ကို နှုတ်ဆက်ပြီး ပြန်သွားတဲ့အချိန်မှာ‌တော့ လှေကားကနေ တက်လာတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။
ကြည်လင်ဝင်းပတဲ့အသားအရည် စူးရဲတောက်ပတဲ့ မျက်လုံးနဲ့ ယောင်္ကျားပီသတဲ့ ကိုယ်နေ အချိုးအစားကြောင့် အိပ်ယာထဲလဲနေတဲ့ မခင်ရွှေက ဖိုသီဖတ်သီဖြစ်နေတဲ့ ဆံပင်တွေကို လက်နဲ့ သိမ်းပြီးဘိစပတ်ထုံးထုံးလိုက်တယ်။
“ဒီကဆေးဆရာတွေကဘယ်ကလဲ ကျွန်မတစ်ခါမှမမြင်ဖူးဘူး”
“ ကျုပ်နာမည်က အောင်မြတ်သာပါ သူတို့က သက်ခိုင်နဲ့တောက်ရလို့ခေါ်တယ် ကျုပ်တို့က ဒီမြို့ကိုဖြတ်သွားရင်း မရွှေခင်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုကြားလို့ဝင်လာခဲ့တာပါ ကျုပ်တို့က ဆေးလဲကုသလို ပယောဂပိုင်းကိုလဲ အနည်းငယ်တီးမိခေါက်မိ ရှိပါတယ်”
“ ဒါဆို အတော်ပဲ ကျွန်မရဲ့ဆေးလိပ်ခုံမှာလဲ အခြောက်အလှန့်တွေအနည်းငယ်ရှိနေတယ် ဆရာတို့ကြည့်ပေးလို့ရနိုင်မလား”
“ ရပါတယ် ကျုပ်တို့မကြည့်ခင် ကျောင်းအစ်မကြီးဒေါ်စိန်ခင်နဲ့ပတ်သတ်ပြီး အနည်းငယ် ပြောလိုပါတယ်”
ဒေါ်စိန်ခင်လို့ပြောလိုက်တာနဲ့ မရွှေခင်မျက်နှာညိုးငယ်သွားပြီး
“ဒီကဆရာတို့က အမေအကြောင်းကိုသိနေကြတာလား”
“ဟုတ်ပါတယ် မနက်က ဆေးလိပ်ခုံအရှေ့ရောက်တော့ အထဲမှာလျောက်သွားနေတဲ့ ကျောင်းအစ်မကြီးကိုမြင်လိုက်ရတယ် မရွှေခင်မြင်လိုက်ရတဲ့သူက မကြာခင်က ကွယ်လွန်သွားခဲ့တဲ့ ကျောင်းအစ်မကြီးပဲ သူက တစ်ခုခုကိုစွဲလမ်းတဲ့စိတ်ကြောင့် အချိန်တစ်ခုထိ မကျွတ်လွတ်ပဲရှိနေ ခဲ့တာ”
“ ရှင်တို့ မဟုတ်တမ်းတရားတွေလာပြောမနေနဲ့ ကျွန်မအမေက သူတော်ကောင်းမကြီးရှင့် ဒီလိုနိမ့်ကျတဲ့ဘဝကိုဘယ်တော့မှရောက်မှာမဟုတ်ဘူး သွား အခုချက်ချင်း အိမ်ပေါ်ကနေ ပြန်ဆင်း သွားကြ”
မရွှေခင်က စိတ်ဆိုးမာန်ဆိုးနဲ့ အော်ပြောလိုက်တော့ ကုတင်ဘေးမှာထိုင်နေတဲ့လူက
“ ကျုပ်တို့ပြောပြတဲ့အခါ ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ ကျောင်းအစ်မကြီးကိုလဲ အခုကျုပ်တို့ခေါ်ထားပါတယ် ဟော ပြောရင်းဆိုရင်း ခြံဝတောင်ရောက်နေပါရောလား ကဲကဲ အိမ်စောင့်နတ်ကလဲ မပိတ်ထားနဲ့တော့ ကျုပ်လုပ်စရာရှိတာ လုပ်ပြီးရင် သူပြန်မှာပါ”
အောင်မြတ်သာရဲ့ပဟေဠိဆန်ဆန်စကားကြောင့် အိပ်ယာပေါ်လဲနေတဲ့ မရွှေခင် ပြာပြာသလဲလဲ ဖြစ်သွားပြီး ငုတ်တုတ်ထထိုင်လိုက်တဲ့အချိန် ညှီစို့စို့ပုတ်အဲ့အဲ့အနံ့က အော်ဂလီဆန်ချင်စရာ ထွက်ပေါ်လာခဲ့တယ်။
“ကဲ သင့်အမေက သူ့ဗီဒိုထဲက အံဝှက်မှာ ပဝါဖြူနဲ့ထုတ်ထားတဲ့ စိန်တစ်ဆင်စာရှိတယ် လို့ပြောတယ် ဟုတ်မဟုတ် သွားကြည့်လိုက်ပါဦး”
အောင်မြတ်သာစကားကြောင့် မရွှေခင်က ကုတင်ပေါ်ကနေဆင်းပြီး အိပ်ခန်းထဲကိုဝင်သွားခဲ့တယ်။ ခဏကြာတော့ ငိုကြီးချက်မနဲ့ပြန်ထွက်လာပြီး
“ ဟုတ်တယ် အမေဗီဒိုထဲမှာ ဒီအထုပ်ကိုတွေ့တယ် ဒါဆို အမေက မကျွတ်လွတ်ပဲ ရှိနေတာပေါ့”
“ ဟုတ်ပါတယ် ကျောင်းအစ်မကြီးက အစွဲတစ်ခုကြောင့် မကျွတ်လွတ်ဘူးဖြစ်နေတယ် သူက သင်တို့ကိုစကားနည်းနည်းပြောချင်တယ်လို့ပြောတယ် အချိန်သိပ်မရတဲ့အတွက် ငါးမိနစ်ပဲ ပြောကြနော်”
အောင်မြတ်သာစကားအဆုံးမှာ အိမ်မှာတောက်တိုမယ်ရလုပ်နေတဲ့ မိန်းကလေးက တုန်တုန်ရင်ရင် ဖြစ်လာပြီး
“ရွှေခင် နင်က ငါ့အလုပ်သမားတွေကို ဘယ်လိုဆက်ဆံနေတာလဲ သူဌေးနဲ့အလုပ်သမား ဆိုတာ ဆွေမျိုးသားချင်းလိုနေရတယ် နင်လုပ်ပုံနဲ့ ငါ့ဆေးလိပ်ခုံနာမည်ပျက်တော့မယ်” လို့ပြောကာ ဆူပါလေရော။
ရွှေခင်ကလဲ သူ့အမေကို ဒီလိုအဖြစ်မျိုးနဲ့တွေ့ရတော့ ဝမ်းနည်းပြီး ရှိုက်ကြီးတငင်ငိုရင်း
“သမီး မှားသွားပါတယ် အမေစကားကိုနားထောင်ပါ့မယ်နော် သမီးက အမေမှန်းမသိလို့ ထွက်ပြေးခဲ့တာပါ အမေနေမယ်ဆိုရင် ဆေးလိပ်ခုံမှာအမြဲနေလို့ရပါတယ်”
“ ငါလဲ နင်တို့နဲ့အမြဲမနေနိုင်ဘူး ဘုရားမှာဆန်အိတ်လှူတဲ့ညထဲက ငါ့ကို မြင်းဖြူ ခြောက်ကောင်ကတဲ့ရထားနဲ့လာခေါ်တာ ငါလဲ သူတို့လာခေါ်တဲ့အချိန် ဦးသာကြီးမှာထားတဲ့ ဆေးလိပ်တွေပေးရဦးမယ်လို့တွေးနေတုန်း ရုတ်တရက်လဲကျသွားတာပဲ အဲဒီစိတ်နဲ့ ဆေးလိပ်ခုံမှာ မကျွတ်မလွတ်တဲ့ဘဝလာဖြစ်နေတာ ငါခဗျာနင်တို့အလုပ်သမားတွေကို ပြောပြမလို့ လုပ်ပေမယ့် ငါ့ကိုမြင်တာနဲ့ပြေးလိုက်ကြတာများ တန်းနေတာပဲ ဟဲ့ ရွှေခင် နင့်အလုပ်သမားတွေထဲမှာ ခင်ဖြူ ဆိုတဲ့ ကလေးမလေးကို ငါသဘောကျတယ် သူကရိုးသားတယ် စိတ်ထားလဲဖြူစင်တယ် သေချာ မြေတောင်မြှောက်ပေးကြားလား ဒီကဆရာလေးတို့မကယ်ရင် ငါပစ္စည်းတွေကိုစိတ်စွဲပြီး ဒီဘဝ ထပ်နေရဦးမှာ အခုတော့ စိတ်ရှင်းသွားပြီမို့ ငါသွားတော့မယ် ငါဒီလိုဖြစ်တာ နင်ပဲသိပါစေနော် ကျန်တဲ့သားသမီးတွေမသိစေနဲ့ ဟော ငါ့ကိုလာပြန်ခေါ်နေကြပြန်ပြီ ဒီတစ်ခါတော့ ငါလိုက်သွား တော့မယ် ရွှေခင် နင်လဲ လိမ်လိမ်မာမာနေခဲ့နော် ငါသွားတော့မယ်”လို့ပြောပြီး သတိလစ်သွား ခဲ့တယ်။
အဲဒီအချိန် ရွှေရောင်ချပ်ဝတ်တန်ဆာတွေ ဆင်ထားတဲ့ မြင်းဖြူခြောက်ကောင်ကတဲ့ ရထားတစ်စီး အိမ်တံခါးဝမှလာရပ်တာကို အောင်မြတ်သာမြင်လိုက်ရတယ်။ ရထားမောင်းတဲ့ သူက လက်ခေါက်ကို တစ်ချက်မှုတ်လိုက်ရင်ပဲ လေထဲမှာရပ်နေတဲ့ ရထားက မြေကြီးပေါ်ကို တစ်ဖြေး‌ဖြေးနိမ့်ဆင်းလာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ကျောင်းအစ်မကြီးက နောက်ဆံမတင်းတော့ပဲ မြင်းဖြူရထားပေါ်ကို တက်သွားတဲ့အချိန် အပုတ်ရည်တွေစီးကျပြီး ဖောသွပ်နေတဲ့ မျက်နှာက တစ်ဖြေး‌ဖြေး တင်းရင်း လာပြီး ၁၆နှစ်သမီးအရွယ်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ ရထားမောင်းတဲ့သူကလဲ မြင်းဖြူ ခြောက်ကောင်ကိုထိန်းထားတဲ့ ဇက်ကြိုးကို အသာဆွဲလိုက်ရုံနဲ့ လှည်းက လေပေါ်ကို တစ်ဖြေးဖြေး ကြွတက်ကာ ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ ကျောင်းအစ်မကြီးပေးရမယ့် ဆေးလိပ်တွေကို ပြန်ပေးဖို့နဲ့ သူ့အတွက် ရည်စူးပြီး အလှူတန်းလုပ်ပေးဖို့မှာကြားကာ အိမ်အောက်ကိုပြန်ဆင်းလာခဲ့လိုက်တယ်။ မရွှေခင် ကတော့ နောက်ရက်တွေမှာ မိခင်ကြီးအတွက်ရည်စူးပြီး အလှူအတန်းတွေလုပ်ပေးခဲ့တယ်။ အလှူလုပ်ပြီး အမျှဝေတိုင်း အလွန်မွှေးကြိုင်တဲ့ရနံ့တွေရတတ်တယ်။ မရွှေခင်လဲ မိခင်ဖြစ်သူရဲ့ စကားအတိုင်း အလုပ်သမားတွေအပေါ် ဆွေမျိုးရင်းချာတွေလို ဆက်ဆံရင်း ဆေးလိပ်ခုံလုပ်ငန်း ကိုဆက်လက်လုပ်ကိုင်ခဲ့တယ်။
ခင်ဖြူကတော့ မရွှေခင်ဆေးလိပ်ခုံရဲ့ လူယုံတစ်ယောက်ဖြစ်လာခဲ့ပြီး လုပ်ငန်းအတော် များများကို မျက်နှာလွှဲရတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ အောင်မြတ်သာတို့လဲ ဇလုပ်မြို့ကနေ ထွက်လာပြီးနောက်ပိုင်း နတ်ကျွန်းရွာကိုရောက်လာခဲ့တယ်။ နတ်ကျွန်းရွာမှာရှိတဲ့ အိမ်တွေရဲ့ အနောက်မှာတော့ စပလင်ပင်တွေထူထပ်စွာစိုက်ထားတာကိုမြင်တွေ့ခဲ့ရတယ်။ စပလင်ပင်တွေကို မြင်တော့ အောင်မြတ်သာမျက်မှောင်တစ်ချက်ကျုတ်လိုက်ပြီး စုတ်တစ်ချက်သပ်လိုက်ပြီး ခေါင်းကို ဖြေးညှင်းစွာခါရမ်းကာ
“မစွန့်ပစ်အပ်တဲ့အရာတွေကို ဒီအပင်တွေပေါ်ကို စွန့်ပစ်တဲ့အကျိုးဆက်ကို ငါတို့ဖြေရှင်း ရဦးမယ်ထင်ပါတယ်”လို့ပြောတာကို သက်ခိုင်နဲ့တောက်ရတို့ကြားလိုက်ရတယ်။
အောင်မြတ်သာပြောတဲ့အကျိုးဆက်က ဘာဖြစ်မလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် စပလင်ပင်စောင့်နတ်မိစ္ဆာဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)