သူခိုးခြေရာ(စ/ဆုံး)

“ဟာ…မဟုတ်ဘူးဆရာ ဒါသူခိုးရဲ့ခြေရာတွေပါ
ကျုပ်လည်း ဆရာ့ဆီကိုမလာခင်ကတည်းက
တွေ့တယ်ဗျ။ဒါနဲ့ ဒီဘက်ကို ဘယ်သူမှ မလာရဘူးလို့
မှာထားခဲ့တာ။ ပြီးတော့ ကျုပ်တို့ အိမ်မှာညက
သူခိုး အခိုးခံရတာကို ဘယ်သူမှ မသိသေးဘူးဆရာ”
“ဟုတ်ပြီဘိုးကျော်သိန်း ခင်ဗျားတို့ အိမ်မှာ
မြေအိုးအသစ်ရှိလား”
“ဟာ …ရှိတာပေါ့ဆရာရဲ့ ဟိုတစ်နေ့ကတင်
မြို့ကဝယ်လာတာ။နွားနို့လေး ဘာလေးကျိုရအောင်
ဆိုပြီးဝယ်ခဲ့တာ။ရှိတယ်။ရှိတယ်”
ဘိုးကျော်သိန်းက ပြောပြောဆိုဆိုနဲ့
အိမ်ပေါ်တက်ပြီး မြေအိုးကို ယူလာတယ်။
အဖုံးလေးတောင်ပါသေးဗျ။
ဆရာအိုက အိမ်ပေါ်တက်ပြီး ဘုရားစင်ရှေ့မှာ
အစီအရင်လုပ်တော့တာပေါ့ဗျာ။
ဆရာအိုက ဘုရားရှိခိုး။ အထက်ပုဂ္ဂိုလ်တွေကို
တိုင်တည်သစ္စာဆိုပြီးတော့မှ မြေအိုးကို
အတွင်းဘက်ကနေ အင်းချတယ်ဗျ။
“မောင်တာတေသွားစမ်းလူကလေး ဟောဒီ့အိုးထဲကို
စောစောကတွေ့တဲ့ခြေရာတွေထဲကမြေကြီးမှာ
ခပ်နက်နက်ထင်နေတဲ့ ခြေရာကမြေသားတွေ
ကောက်ယူပြီးထဲ့ခဲ့”
ကျုပ်က ဆရာအို့လက်ထဲက အင်းချထားတဲ့မြေအိုးကို
ယူပြီး ဝိုင်းထဲဆင်းခဲ့တယ်။အနက်ဆုံး ထင်နေတဲ့
ခြေရာတစ်ခုလုံးက မြေကြီးတွေကို ကောက်ပြီး
မြေအိုးထဲထဲ့လိုက်တယ်။
ဆရာအိုက ဘုရားစင်ရှေကမှာပဲ
အုတ်ခဲသုံးလုံးကို ဖိုခနောက်ဆိုင်ပြီး
သိမ်ဝင်ဖယောင်းတိုင်ကို ဖိုခွင်အလည်မှာ
ထွန်းလိုက်တယ်။သိမ်ဝင်ဖယောင်းတိုင်က
လက်မလုံးလောက်ရှိတယ်ဗျ။
အင်းချထားတဲ့ မြေအိုးကို မီးဖိုပေါ်မှာတင်
တံစူးဝါးကိုလုပ်ထားတဲ့ ဝါးယောင်းမလေးနဲ့
မြေမှုန့်တွေကို မပြတ်မွှေတော့တာပဲဗျာ။
ဆရာအိုက မွှေရင်းနဲ့ပါးစပ်ကလည်း မန္တန်တွေ
တတွတ်တွတ်ရွတ်သေးတာဗျ။
ညမိုးချုပ်လာတဲ့အထိ ဆရာအိုက မွှေနေတုန်းပဲ။
ဖယောင်းတိုင်လည်း သုံးတိုင်လောက်ကုန်သွားပြီဗျ။
“ကဲ …ဒီလောက်ဆိုရင် လုံလောက်ပါပြီလေ”
လို့ ပြောပြီးရပ်လိုက်တယ်။ကျုပ်တို့ဆရာတပည့်ကို
ညစာကောင်းကောင်းကျွေးပြီး ဧည့်ခံကြတယ်။
ညည့်နက်လာတော့ ဘုရားခန်းမှာ ဆရာအိုက မအိပ်ဘဲ
ပုတီးစိပ်တယ်။တစ်အိမ်လုံးတော့ မှောင်နေတာပေါ့ဗျာ။
ကျုပ်နဲ့ ဘိုးကျော်သိန်းက ဘုရားခန်းမှာအိပ်ကြတယ်။
ညသန်းခေါင်လောက်ရောက်တော့
ဆရာအိုက ဘိုးကျော်သိန်းကိုနှိုးတယ်။
ကျုပ်လည်း နိုးသွားပြီး ထထိုင်လိုက်တယ်။
“ဘိုးကျော်သိန်းထထ တံခါးဖွင့်ပြီးအိမ်ဝကို
သွားကြည့်စမ်းဗျ”
လို့ ဆရာအိုကပြောတော့ ဘိုးကျော်သိန်းနဲ့ကျုပ်နဲ့
တံခါးဖွင့်ပြီး ထွက်လိုက်တယ်။
ဘိုးကျော်သိန်းက ဝမ်းသာအားရနဲ့ ပုဆိုးထုပ်ကြီးကို
ကောက်ပွေ့လိုက်တယ်။ဘုရားခန်းက ဆရာအိုရှေ့မှာပဲ
ပုဆိုးနဲ့ထုပ်ထားတဲ့ အထုပ်ကြီးကိုဖြည်လိုက်ရောဗျို့။
အို…ရွှေတွေမှ မနည်းပါဘူးဗျာ။
ဆွဲကြိုးတွေ လက်ကောက်တွေ ခြေကျင်းတွေမှ
မီးရောင်အောက်မှာ ဝင်းနေတာဗျို့။
ဘိုးကျော်သိန်းကပစ္စည်းတွေကို လိုက်စစ်ပြီး
ဝမ်းသာတဲ့ အသံကြီးနဲ့ ပြောလိုက်တာဗျ။
“ပြည့်တယ်ဆရာ ပြည့်တယ်။ တစ်ခုမှကို မပျောက်ဘူးဗျ။
ဒါထက်ဆရာ ပစ္စည်းပြန်လာထားတဲ့သူခိုးကို
မြင်လိုက်လားဆရာ”
“ကျုပ်ကတော့ဖြင့် မြင်တာပေါ့ဗျာ ဒါပေမယ့် ခင်ဗျားတို့
ရန်လုပ်ကြမှာစိုးလို့ သူခိုးအိမ်ပြန်ရောက်လောက်မှ
ကျုပ်က ခင်ဗျားတို့နှစ်ယောက်ကို နှိုးတာဗျ
ဘိုးကျော်သိန်းရဲ့”
“ကျုပ်တော့ ဆရာတို့ရဲ့ပညာတွေကို အံ့သြလိုက်တာဗျာ”
လို့ ဘိုးကျော်သိန်းက ပြန်ပြောတယ်ဗျ။
ခဏနေတော့ ဘိုးကျော်က အိမ်သားတွေကို နှိုးပြီး
ပြောပြလိုက်တယ်။
အားလုံးဝမ်းသာသွားကြတာပေါ့ဗျာ။
ဆရာအိုကိုလည်း တစ်အိမ်လုံးက ကန်တော့ကြလို့ပေါ့
ဗျာ။
credit ဆရာတာတေ