မှောင်ထဲက ရယ်သံ (စ/ဆုံး)

ပြောရင်း စားရင်းနဲ့ ထမင်းတစ်ခွက်ချက်ရော
ကြက်တစ်ကောင်ချက်ရော ကုန်ပါရောလားဗျာ။
ပြီးတော့ သံပုံးကလေးထဲက ရေကို မော့သောက်ပြီး
လက်ဆေးလိုက်သေးတယ်။
ဟော ဟော ဒေါ်စိန်ပွင့်ကြီး ဂူပေါ်မှာ လဲကျသွားပြီဗျ။
မဖဲဝါ ထွက်သွားပြီ၊ ထွက်သွားပြီ၊ ကျုပ်က
ကပျာကယာပြေးပြီး ဒေါ်စိန်ပွင့်ကို လှုပ်နှိုးရတာပေါ့ဗျာ။
“ဒေါ်စိန်ပွင့်၊ ဒေါ်စိန်ပွင့် ထ၊ထ ”
ကိုညိုမောင်လည်း ပြေးလာပါတယ်၊ ဒေါ်စိန်ပွင့်ကို
ကျုပ်နဲ့ ကိုညိုမောင် တွဲပြီး ဂူပေါ်က ချပေးရတယ်ဗျ၊
စောစောက ဂူပေါ်ကို လွှားကနဲ လွှားကနဲ ခုန်တက်သွားတဲ့
နတ်ဝင်သည်ကြီးကို မနည်းကို ဂူပေါ်က ချပေးရတာဗျို့။
“ဝူး ဝူး ဝူး ဝူး အူး အူ အူး”
မဖဲဝါရဲ့ ခွေးနက်ကြီးအူတဲ့ အသံက တဖြည်းဖြည်း
ဝေးသွားပြီ။ ကျုပ်တို့လည်း သရက်ခြံကြီးထဲကို
ပြန်လာခဲ့ကြတယ်။အဲဒီညက ဒေါ်စိန်ပွင့်က
ကိုညိုမောင်တို့ အိမ်မှာပဲ အိပ်တယ်ဗျ။
ကျုပ်စိတ်ထဲမှာ တွေးနေတာက မဖဲဝါပြောတဲ့
ဆင်ခေါင်းတောင်က သရဲခြေထောက်ပင်ရဲ့
အမြစ်ဆိုတာကိုပေါ့ဗျာ။ ကျုပ် အဲဒီအပင်ကို
ကြားလည်း မကြားဖူးဘူးဗျ။ ဘယ်လိုရှာရမှန်းလည်း
မသိဘူး၊ အဲဒီအမြစ်ရမှာပဲ ရူးနေတဲ့သရဲကို
ထုတ်လို့ရမှာလေဗျာ။
မနက်မိုးလင်းတော့ ဒီအကြောင်းကို ကိုညိုမောင်ကို
ပြောတော့ ကိုညိုမောင်က ကျုပ်ကို ပြောတယ်ဗျ။
ရွာထဲမှာ ကိုကျားဆိုတဲ့ မုဆိုးတစ်ယောက် ရှိတယ်တဲ့။
ဒီလူကို ရှာခိုင်းရင် ရနိုင်တယ်လို့ ပြောတယ်။
ဒါနဲ့ အချိန်မဆိုင်းဘဲ ကျုပ်နဲ့ ကိုညိုမောင် ရွာထဲကို
သွားကြတယ်၊ နတ်ဝင်သည် ဒေါ်စိန်ပွင့်ကိုလည်း
တစ်ခါတည်း ခေါ်သွားရတာပေါ့ဗျာ။
ဒေါ်စိန်ပွင့်ကို ပို့ပြီးတော့ ကိုကျားကို သွားရှာရတာပေါ့ဗျာ။
တွေ့တယ်ဗျ။ ကိုကျားလို့ ခေါ်တဲ့ မုဆိုးကို တွေ့တယ်။
ကိုညိုမောင်က ကိုကျားကို မေးတယ်။
“ကိုကျား သရဲခြေထောက်ဆိုတာ ကြားဖူးလားဗျ”
“ဟား ဟား ဟား ဟား မင်းကွာ တော်တော်ရှာရှာ
ဖွေဖွေမေးတာပဲကွ၊ မင်း ငါ့ကို မေးမိပေလို့ပေါ့ကွာ၊
တခြားသူကိုသာမေးရင် မင်းကို ရူးနေတယ်လို့တောင်
ပြောမှာ”
“နို့ ကိုကျားကရော ကြားဖူးသလားဗျ”
ကျုပ်က ဝင်မေးလိုက်တယ်
“ကျုပ်ဆရာ မုဆိုးကြီး ပြပေးခဲ့လို့ ကျုပ်ကတော့
သိတယ်၊ လူတောင် မကြားဖူးတဲ့ အပင်မျိုးကွ၊
အားကြီးရှားတယ်၊ ဆင်ခေါင်းတောင်မှာပဲ ရှိတာ၊
တခြားဘယ်မှာမှ မတွေ့ဘူး ”
“ဟာ …ဟုတ်ပြီဗျို့၊ ကိုကျားရေ ကျုပ်တို့
ကြားတာလည်း ဆင်ခေါင်းတောင်မှာလို့ပဲ
ကြားတာဗျ”
“ကျုပ် ပိုက်ဆံပေးဝယ်ပါ့မယ်ဗျာ၊
အဲဒီအပင်ရဲ့ အမြစ်ကို တူးပေးပါ၊
ဒီနေ့ နေမဝင်ခင် ရမှာဖြစ်မှာဗျ ကိုကျားရဲ့ ”
ကိုညိုမောင်က ကိုကျားကို သေသေချာချာ ပြောတာဗျ။
“ဟာ ဒီလိုဆို စိတ်ချ၊ ငါ အမဲလိုက်မထွက်တော့ဘူး၊
ဆင်ခေါင်းတောင်သွားပြီး သရဲခြေထောက်
သွားတူးတော့မယ် ”
ဒီတော့မှ ကျုပ်လည်း စိတ်ချသွားတော့တာပေါ့ဗျာ။
သရက်ခြံကြီးထဲကို ရောက်လာတယ်ဗျ။
“ဟာ ကိုကျား ပြန်လာပြီလား၊ အဆင်ပြေရဲ့လားဗျ”
“ညိုမောင်ရာ မိုးပေါ်မှာ သိကြား၊ လူ့ပြည်မှာ
ငကျားဆိုတာ မင်းမှ မသိတာကွာ”
ကျားဆိုတဲ့လူက ပျော်ပျော်နေတတ်တဲ့ လူဗျ။
ကိုညိုမောင်က ဝမ်းသာအားရနဲ့ ကိုကျားကို
ဈေးသုံးပိုက်ဆံပေးတယ်။ ကိုကျားလည်း
ဝမ်းသာသွားတဲ့ ပုံပဲဗျ။ ညဆယ်နာရီလောက်
ရောက်တော့ ကျုပ်နဲ့ ကိုညိုမောင် ဆရာတော်ကို
ရှိခိုးပြီး ထွက်လာခဲ့တယ်။ကျုပ်က မျက်ကွင်းဆေးကို
သွေးပြီး ကွင်းလိုက်တယ်၊
သစ်စုန်းဆေးတော်ကြီးကိုလည်း ယူခဲ့တယ်။
လျှိုထိပ်က မြက်ခင်းကလေးမှာ ကျုပ်နဲ့ ကိုညိုမောင်
ထိုင်ပြီး လျှိုထဲက အိမ်ကလေးကို ကြည့်နေကြတယ်
လကွယ်ညလည်းဖြစ်ပြန် သရက်ခြံကြီးထဲမှာလည်း
ဖြစ်ပြန်ဆိုနေတော့ မှောင်ပိန်းနေတာဗျ။
ကိုညိုမောင်ကတော့ ခြံကြီးထဲမှာ သွားနေကျဆိုတော့
ငါးထောင့်ထိုး လက်နှိပ်ဓါတ်မီး ယူလာခဲ့တယ်။
ကျုပ်က နဂါးဆေးပေါ့လိပ်ကို မီးခတ်နဲ့ မီးညှိပြီး
ဖွာလိုက်တယ်၊ ကိုညိုမောင်ကတော့ ဆေးပြင်းလိပ်တို
ကလေးကို မီးညှိပြီး ဖွာနေတယ်ဗျ။ သံပြားကလေး
တစ်ချပ်လည်း ကျုပ် ယူလာတယ်ဗျ၊ဒါမှ
သရဲခြေထောက်မြစ်တွေကို မီးရှို့လို့ ကောင်းမှာပေါ့ဗျာ။
“ဟား ဟား ဟား ဟား ဟား ”
ဟော ရယ်ပြီဗျို့၊ ရယ်ပြီ။ ကျုပ်ဖြင့် ဗြုန်းစားကြီး
ပေါ်လာတဲ့ ရယ်သံကြီးကြောင့် တုန်တောင်သွားတယ်ဗျ။
ကျုပ်ဖြင့် တော်တော့်ကို အံ့သြသွားတာဗျို့။
ရယ်သံကြီးကို ကျုပ် နားစိုက်ထောင်နေတုန်း
ကျုပ် နောက်ဘက်က ခြေသံတစ်သံ ကြားလိုက်ရတယ်။
“မောင်တာတေ ကြားလား ကြားလား ”
ဟာ အဘညွန့်ပဲ ။ မှောင်ထဲမှာ စမ်းပြီးလိုက်လာတာဗျ။
“ကျုပ် ကြားတယ် အဘညွန့် ”
“ဟာ တော်သေးတာပေါ့ကွာ၊ မောင်တာတေ
ကြားပေလို့ ကျုပ်ပြောတာကို မယုံမှာ
စိုးရိမ်နေတာကွ”
“ယုံပါတယ် အဘညွန့်ရဲ့၊ မဖဲဝါကိုယ်တိုင် ကျုပ်ကို
ပြောလိုက်တာပဲ၊ အခုလည်း သူခိုင်းတဲ့အတိုင်း
ကျုပ်လုပ်မှာပဲလေ”
“ဘယ် ဘယ်သူကွဲ့၊ မောင်တာတေ”
“မဖဲဝါလေ အဘညွန့်၊ သင်္ချိုင်းရှင်မ မဖဲဝါကို
ပြောတာလေဗျာ”
“ဟေ မင်းက မဖဲဝါနဲ့ကို အလုပ်လုပ်နိုင်တာကိုး၊
မောင်တာတေက လူသာငယ်တာ၊ အဆင့်က
တယ်မြင့်သကိုးကွဲ့”
“ဟာ ဒီလိုလည်း မဟုတ်ပါဘူးဗျာ ”
“ဟား ဟား ဟား ဟား ဟား ”
ရယ်သံကြီး ထွက်လာပြန်ပြီဗျို့၊ အဘညွန့်ရဲ့
ကျုပ်က ကြားတဲ့လူတွေဆိုတော့ နားထောင်နေကြတာပေါ့ဗျာ။
ရယ်လိုက်တာမှ လှိုက်လှိုက်လှဲလှဲကို ရယ်တာဗျ။
အားရပါးရကို ရယ်တာ။
“ချလွင် ချလွင် ချလွင် ”
ဟာ အဘညွန့်ပြောတာ ဟုတ်သားပဲဗျ။ သံကြိုးသံကြီးကိုပါ
ကြားနေရတာ။
“ဟား ဟား ဟား ဟား ဟား ”
“ချလွင် ၊ ချလွင်၊ ချလွင်၊ ချလွင် ”
ကိုညိုမောင်ကတော့ အဘညွန့်နဲ့ ကျုပ်နဲ့ ပြောတာကို
ငေးသာကြည့်နေတော့တာဗျ။ သူက ဘာသံမှ
မကြားဘူးလေဗျာ။ တော်တော်ကို အံ့သြစရာကောင်းတဲ့
အဖြစ်ပါဗျာ။ ဒီလောက် ကြောက်စရာကောင်းတဲ့
ရယ်သံကြီးကို ကြားတဲ့သူက ကြားပြီး မကြားတဲ့သူက
မကြားဘူးဆိုတာ အံ့သြစရာပဲဗျို့။
လျှိုထဲက အိမ်ကလေးကို အမှောင်ထဲမှာ
ဝါးဝါးကလေးပဲ မြင်နေရတာ ။ အဲဒီအမှောင်ထဲက
ထွက်လာတဲ့ ရယ်သံကြီးက ကြားရတဲ့သူတိုင်းကို
ကြက်သီးမွေးညင်းထစေတာပေါ့ဗျာ။
ကျုပ်ဖြင့် ကျောထဲက စိမ့်ကနဲ စိမ့်ကနဲ ဖြစ်သွားပြီး
ကြက်သီးတွေ တဖျန်းဖျန်း ထသွားတာဗျို့။
“ကဲ အဘညွန့် အိမ်ပြန်တော့၊ ခဏဆိုရင် ကျုပ်တို့
အလုပ်စလုပ်ကြတော့မှာ ”
“အေး အေး ဒါဆိုရင် ကျုပ် ပြန်ပြီ”
လို့ ပြောပြီး အဘညွန့်က အိမ်ကို ပြန်သွားတယ်။
“ကိုညွန့်မောင် အဘညွန့်ကို မီးထိုးပြလိုက်ပါ။
ညက တော်တော်မှောင်လာတယ်ဗျ။ ဒါ ပုံမှန်မှောင်တာ
မဟုတ်ဘူးထင်တယ် ”
ကိုညိုမောင်က ဒီတော့မှ သတိရပြီး သူ့အဖေကို
မီးထိုးပြပေးလိုက်တယ်။ ညမှောင်ပုံကြီးကို
ကျုပ် မကြိုက်ဘူးဗျ။
လို့ ပြောပြီး အဘညွန့်က အိမ်ကို ပြန်သွားတယ်။
“ကိုညိုမောင် အဘညွန့်ကို မီးထိုးပြလိုက်ပါ
ညက တော်တော်မှောင်လာတယ်ဗျ၊ ဒါ ပုံမှန်မှောင်တာ
မဟုတ်ဘူးထင်တယ် ”
ကိုညိုမောင်က ဒီတော့မှ သတိရပြီး သူ့အမေကို
မီးထိုးပြပေးလိုက်တယ်။
ညမှောင်ပုံကြီးကို ကျုပ် မကြိုက်ဘူးဗျ၊
ဒါဟာ ပုံမှန်မှောင်တာ မဟုတ်ဘူးဗျ။
ထူးထူးခြားခြား မှောင်နေတာ။
ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လို့ မရအောင်
မှောင်နေတာ။ ဒါ အမိုက်မှောင်ကြီး
ကျနေတာဗျို့၊ ကျုပ် ကောင်းကောင်းသိတယ်။
မှောင်ထဲမှာ အော်အော်ပြီး ရယ်နေတဲ့ မကောင်းဆိုးဝါး
သရဲကြီးကြောင့် ဒီအနီးတစ်ဝိုက်မှာ အမှောင်မှောင်ကြီး
ကျနေတာဗျ။ ညဆိုတာ လမသာပေမဲ့ ကြယ်ရောင်
ကလေးတွေရှိရင် ဝါးဝါးကလေးတော့ မြင်ရတာပဲလေဗျာ။
ခုဟာက ဘာဆိုဘာမှ မမြင်ရအောင်ကို
ပိန်းပိန်းကြီး မှောင်နေတာဗျ။ဒါ ရိုးရိုးအမှောင်
မဟုတ်ဘူး၊ အမိုက်မှောင်ကျနေတာ။
“ကဲ ကိုညိုမောင် ထတော့၊ မီးထိုးဗျာ။
ဟိုအိမ်ကို သွားမယ် ”
ကျုပ်က ရှေ့ကသွား ၊ ကိုညိုမောင်က
နောက်က လိုက်ပေါ့ဗျာ။ ငါးတောင့်ထိုးဓါတ်မီးကြီးကို
ကိုညိုမောင် ထိုးပြတယ်။
လျှိုကလေးထဲကို ရောက်တော့ တစ်ထပ်အိမ်ကလေးသို့
တန်းသွားတယ်။
“ဟား ဟား ဟား ဟား ဟား ဟား ချလွင် ချလွင်”
တော်သေးတာပေါ့ဗျာ၊ ဒီအသံကြီးကို
ကိုညိုမောင် မကြားပေလို့ပေါ့။ ကြားသာကြားရင်
ခုလောက်ဆို ထွက်ပြေးသွားမှာ သေချာတာပေါ့ဗျာ။
ကျုပ်လည်း လာသာလာရတာ ကြက်သီးတွေကတော့
တဖျန်းဖျန်းပါပဲဗျာ။
“ဟား ဟား ဟား ဟား ဟား ”
အသံနက်ကြီးနဲ့ဗျာ၊ လှိုင်လှိုင်လှဲလှဲနဲ့ကို
ရယ်နေတာဗျို့။ ကိုညိုမောင်က မီးထိုးထားတယ်
ကျုပ်က သတိထားပြီး တံခါးကို တွန်းဖွင့်လိုက်တယ်
ဓါတ်မီးအလင်းရောင်က အိမ်ကလေးထဲမှာ
လင်းသွားတယ်။
ဟ နည်းတဲ့အကောင်ကြီးမှ မဟုတ်တာဗျာ။
ခေါင်မိုးနဲ့ ခေါင်းနဲ့ တိုက်မတတ်ပဲကိုဗျ။
ဟုတ်ပါ့ဗျာ။ သူ့ခြေထောက်မှာ သံကြိုးကြီးနဲ့ချည်လို့ဗျ။
ဒါကြောင့် သံကြိုးသံ တချွင်ချွင် ကြားနေရတာကိုး။
လူ့ဘဝတုန်းက ချည်ထားတဲ့ သံကြိုးက
သရဲဖြစ်တာတောင် ချည်လျက်သားကြီး
ဖြစ်နေတာ ဘာသဘောတုံးဗျ။ ကျုပ်လည်း
တွေးလို့ မရတော့ပါဘူးဗျာ။ ဒါမျိုးဆိုတာ
အချိန်ဆွဲလို့ မဖြစ်ဘူးဗျ။ ကျုပ် ချက်ချင်းပဲ
စက္ကူနဲ့ ထုတ်ထားတဲ့ သရဲခြေထောက်မြစ်တွေကို
အဆင်သင့် ယူလာတဲ့ သံပြားကလေးပေါ်မှာ
ပုံပြီး မီးခတ်နဲ့ မီးရှို့လိုက်တယ်။
ဟော ဆေးမြစ်တွေကို မီးစွဲသွားပြီဗျို့။
ဟာ ထွက်လိုက်တဲ့ မီးခိုးတွေဆိုတာ
အလိပ်လိုက်ပါပဲလားဗျို့။
“ဟား ဟား ဟား ဟား ဟား ”
ရယ်သံကြီး ထွက်လာပြန်ပြီ။ မီးခိုးတွေကို
ကျုပ်က လေနဲ့ မှုတ်ပြီး အိမ်ထဲကို သွင်းလိုက်တယ်
ဟော မီးခိုးတွေ အိမ်ထဲဝင်သွားပြီ။
ဟာ ငြိမ်သွားပြီဗျို့။ သရဲကြီး ငြိမ်သွားပြီ၊
ရယ်သံကြီးလည်း ငြိမ်သွားပြီ၊ စောစောကလို
တဟားဟားနဲ့ အော်ပြီး မရယ်တော့ဘူးဗျ။
“ချလွင် ”
ဟာ သံကြိုးကြီး ပြုတ်ထွက်သွားပြီဗျို့။
ကျုပ်လည်း မီးခိုးတွေ အလိပ်လိုက်ထွက်နေတဲ့
အောက်ခံသံပြားကလေးကို ယူပြီး အိမ်ထဲကို
ဝင်ခဲ့တယ်၊ ကိုညိုမောင်ကလည်း ဓါတ်မီးကိုင်ပြီး
ကျုပ်နောက်က ပါလာတာပဲဗျို့။
အိမ်ထဲမှာ သရဲခြေထောက် ဆေးမြစ်ရဲ့
မီးခိုးတွေက တလွင့်လွင့်နဲ့ပေါ့ဗျာ။
ဟော သရဲကြီး ထိုင်ချလိုက်ပြီဗျ။ ဟာ ငိုပြီဗျို့။
ငိုပြီ။ ရှိုက်ကြီးတငင်ကို ငိုတာဗျို့၊ သတိဝင်သွားပြီ
ထင်တယ်ဗျ။ ဝမ်းနည်းပြီး ငိုနေရှာတာဗျို့။
သူ့ဘဝကို သူသိသွားပြီ ထင်ပါရဲ့ ။
“ဝူး ဝူး ဝူး အီ အီး”
ဟာ မဖဲဝါရဲ့ခွေးကြီး အူတဲ့အသံပဲဗျ။
ဧကန္တတော့ မဖဲဝါကြီး ရောက်နေပြီထင်တယ်။
“ဝူး၊ ဝူး၊ ဝူး ၊ ဝူး ၊ ဝူး ၊အူး၊ အူး”
အလို ခွေးအူသံကြီးက သရက်ခြံကြီးထဲက
ထွက်လာတာဗျို့၊ မဖဲဝါကြီး ခြံထဲကို ရောက်နေပြီ
ထင်တယ်၊ ကျုပ် သူ့ကို ဆွဲထုတ်သွားမှပဲ။
“ဦးမှုံ ကျုပ်ပြောတာ နားထောင်ပါ၊ တကယ်တော့
ခင်ဗျားက ဘဝပြောင်းသွားပါပြီ၊ အခု သင်္ချိုင်းရှင်မ
မဖဲဝါကိုယ်တိုင် ခင်ဗျားကို လာခေါ်နေပြီ၊ ခင်ဗျား
အခုပဲ အိမ်ထဲက ထွက်ပြီး လိုက်သွားရမယ်။
ကဲ ထွက် ထွက် ထွက် ”
ဟာ ထိုင်နေတဲ့ သရဲကြီးက ထလာပြီဗျို့ ။
“ကိုညိုမောင် နောက်ကိုဆုတ်နေ”
ကျုပ်က ကိုညိုမောင်ကို နောက်ဆုတ်ခိုင်းတယ်။
သွားပြီ၊ သွားပြီ၊ အိမ်ထဲက ထွက်သွားပြီ။
ဟော အပြင်ဘက်ကို ရောက်သွားပြီ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး ”
ကိုညိုမောင်ကတော့ သရဲကြီးရဲ့ ရယ်သံကို
မကြားရသလိုပဲ။ မဖဲဝါရဲ့ ခွေးကြီးအူသံကိုလည်း
မကြားရဘူးဗျ။
“ဟီး ဟီး ဟီး ဟီး ”
ဟာ ဒါမဖဲဝါကြီး ရယ်သံပဲဗျ၊ ကျုပ်အသံကြားတဲ့
ဘက်ကို လှမ်းကြည့်လိုက်တယ်၊ စောစောက
ကျုပ်နဲ့ ကိုညိုမောင် ထိုင်နေခဲ့တဲ့ လျှိုထိပ်က
မြက်ခင်းကလေးမှာ မားမားကြီး ရပ်နေတာဗျို့။
သူ့ဘေးမှာက နွားပေါက်တစ်ကောင်လောက်ရှိတဲ့
ခွေးနက်ကြီးဗျ၊ မဖဲဝါရဲ့ မျက်လုံးကြီးတွေက
အမှောင်ထဲမှာ ရဲရဲတောက်နေတာဗျို့။
အရပ်ကြီးကတော့ ဆယ်ပေလောက်ရှိမှာ။
သရဲကြီး မရယ်တော့ စောစောကလောက်
မမှောင်တော့ဘူးဗျ။ အမိုက်မှောင်ကြီး ပျောက်သွားပြီ။
“ကိုညိုမောင် မီးမှိတ်လိုက်တော့ ”
ကျုပ်က တရွေ့ရွေ့သွားနေတဲ့ သရဲကြီးရဲ့
နောက်ခပ်လှမ်းလှမ်းက လိုက်ခဲ့တယ်။
ကိုညိုမောင်က ကျုပ်နောက်ကပေါ့ဗျာ။
မဖဲဝါက လက်ကြီးနှစ်ဖက်ကို အရှေ့ဘက်
ဆန့်ထုတ်ထားတယ်ဗျ။ သရဲကြီးက မဖဲဝါကို
မြင်သွားပြီ။ ဟော မဖဲဝါကြီး နောက်ကို လှည့်ပြီး
ထွက်သွားပြီဗျာ။ မဖဲဝါရဲ့ ခွေးကြီးကတော့
နောက်ကို တစ်ချက် တစ်ချက် လှည့်ကြည့်တယ်ဗျ။
သွားပြီ။ သွားပြီ။သရဲကြီး ပါသွားပြီ။
သရက်ခြံဆုံးအထိ ကျုပ်နဲ့ ကိုညိုမောင်
လိုက်ကြည့်ခဲ့ကြတယ်။ မဖဲဝါရော၊ ခွေးနက်ကြီးရော၊
အမှောင်ထဲမှာ အော်အော်ရယ်တဲ့ သရဲကြီးပါ
ကျုပ်ရဲ့ မြင်ကွင်းက ပျောက်သွားတော့မှ
ကျုပ်တို့ အိမ်ပြန်လာခဲ့ကြတယ်။
ကျုပ်က မကျိန်းသေးဘဲ စောင့်နေတဲ့
ဆရာတော်ကို အားလုံးလျှောက်ရတာပေါ့ဗျာ။
အဘညွန့်တို့ မိသားစုကတော့ ပျော်ရွှင်နေကြတာပေါ့။
ဆရာတော်ကလည်း ခေါင်းတညိတ်ညိတ်ပါပဲ။
နောက်သုံးရက်ကြတော့ ဆရာတော်နဲ့ ကျုပ်
ရွာပြန်ရောက်ခဲ့ကြတယ်။…..