ဆားပုလင်းနှင်းမောင်နှင့် ဧကံသဂိုဏ်း

“အခုတော့ ဒီဆရာက ဓာတ်ဆင်ပေးလိုက်ပြီမဟုတ်လား။ ချိတ်လုံချည်များများ ဝတ်ပေးရင် အဆင်ပြေမယ်လို့”
“ဟုတ်တယ် . . ဟုတ်တယ်. . နီးရင် လိုက်တောင်ကြည့်ချင်တယ်ဗျာ။ ဒီမိန်းကလေးအခု အိမ် ရောက်တာနဲ့ ချိတ်လုံချည်လဲဝတ်ပြီသာ မှတ်ပေရော့”
ကိုနှင်းမောင်သည် တကယ် ဖြစ်နိုင်ချက်အပေါ်၌ ဟာသသဘောလေးနှောပြောလိုက်သဖြင့် ကျွန်ုပ်မှ မရယ်ဘဲမနေနိုင် ဖြစ်ရတော့၏။
ဗေဒင်ဆရာထံ၌ လူအများ အတော်အတန် ပါးသွားပြီ ဖြစ်၏။ ကိုနှင်းမောင်သည် ဗေဒင်ဆရာရှေ့သို့သွားကာ ပိုက်ဆံတစ်မူးကို လာဘ်တင်လိုက်၏။ ဗေဒင်ဆရာက ၇ ပြား ပြန်၍ အမ်းလိုက်သည်။
“တစ်မူးလုံးယူပါ မအမ်းပါနဲ့”
“ဟင့်အင်း တစ်ပြားပဲ ယူပါတယ်။ ပိုပေးလည်း ကျွန်တော် မယူပါဘူး”
ဗေဒင်ဆရာသည် သူ၏ ခေါင်းလောင်းကလေးကို လှုပ်ယမ်းလိုက်ပြီးနောက် . .
“နာမည် ပြောပါ”
“နှင်းမောင်လို့ ခေါ်ပါတယ်”
“ဘာသိချင်ပါသလဲ”
“ကျုပ် ပုလိပ်ဘက်ကပါ။ တရားခံ တစ်ယောက် ကိုလိုက်နေတာ မိနိုင်ပါမလား”
“မိနိုင်ပါတယ်”
“ဘယ်တော့လောက်မိမလဲ”
“ဒီနေ့ပဲ မိမှာ ပါ”
“တရားခံကို ကြိုးစင်ပို့နိုင်ပါ့မလား။ တရားခံက ငြင်းကွယ်နေပြီး တရားခွင်မှာ ရှေ့နေနဲ့ကာကွယ်ပြီး လွတ်ပေါက်ရှာဦးမလား”
“မိတ်ဆွေရှာနေတဲ့တရားခံဟာ ဒီလို သူရဲဘောနည်းတဲ့လူမျိုးမဟုတ်ပါဘူး”
“ကောင်းပါပြီ ခင်ဗျား။ လက်မြှောက်ထားလိုက်ပါဆရာသင်္ခ။ ခုခံဖို့မကြိုးစားဘူးဆိုရင်တော့ ဆရာသင်္ခရဲ့ ရဲရင့်တဲ့အရည်အချင်းကို လေးစားတဲ့အနေနဲ့ ကျွန်တော် အကြမ်းမဖက်ပါဘူး”
“ကျုပ် မခုခံပါဘူး”
အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှ၏။ ကျွန်ုပ်အနေနှင့် မျက်စိလည်းလည်၏။ နားလည်းရှုပ်၏။ ကိုနှင်းမောင်ရှင်းပြမှပင် နားလည်ရတော့မည် ဖြစ်၏။
ကိုနှင်းမောင်သည် တရားခံ ဆရာသင်္ခအား ဖမ်းဆီးခဲ့ပြီးနောက် ဂါတ်သို့မပို့သေးဘဲ သူ၏တိုက်ခန်းသို့ ခေါ်လာခဲ့၏။ ဧည့်ကောင်းစောင်ကောင်းတစ်ဦးအလား ကောင်းစွာပြုစုပြီးနောက် သူသိချင်သည်များ ကို မေးမြန်းတော့၏။
“ဆရာသင်္ခမှာ မျောက်ကလေးတစ်ကောင်ပါသေးတယ်မဟုတ်လား”
“ဟုတ်ပါတယ်။ ကျုပ်တည်းတဲ့ ဘုန်းကြီးကျောင်းမှာ ထားခဲ့ပါတယ်”
“ဆရာ အနတ္တဆရာမြအိမ်ကိုတက်တုန်းက မျောက်ကလေးကို အသုံးချခဲ့တယ်မဟုတ်လား”
“ဟုတ်ပါတယ်။ ဝါးလုံးထိပ်မှာ သူကိုတင်ပြီး လေဝင်ပေါက်ကို သူ့ကိုလွှဲပေးပါတယ်။ သူက ခုန်ပြီးကူးတာပါ။ သူ့လက်ထဲမှာ သံချိတ်နဲ့ကြိုးစတစ်လည်း ပါ သွားပါတယ်။ သူက သံချိတ်ကို ချိတ်ပေးတော့ ကျုပ်က ကြိုးကနေ တွယ်တက်ခဲ့တာပါ”
“တော် တော် လိမ္မာတယ်နော်”
“ဟုတ်ကဲ့၊ လူလိုပဲ လိမ္မာတဲ့မျောက်ကလေး။ နောက်ထပ်နှစ် ကောင် ကျုပ်မှာ ရှိပါသေးတယ်”
“ဆရာ ဦးထွန်းမှိန်နဲ့ ဆရာစန္ဒာဓရတို့သုံးဦးကို သတ်ပြီးနံရံမှာ ရေးခဲ့တဲ့ (သော်က) နဲ့ (နှင်းပန်း) ဆိုတာ သော်က၊ နှင်းပန်း၊ စိန်ပန်း၊ အုန်းလက်၊ လေးလတွက်၊ မပျက်စဉ်လာ၊ ရက်ရာဇာဆိုတဲ့ ဗေဒင်လင်္ကာအတိုင်းမဟုတ်လား”
“ဟုတ်ပါတယ်”
“ဒါပေမယ့် အနတ္တဆရာမြကိုသတ်ပြီးကာကျတော့ (ဧကံသ) လို့ရေး တာဟာ သတ်ရမဲ့လူတွေ သတ်ပြီးဖြစ်လို့ ဂိုဏ်းရဲ့အမည်ကို ရေးထိုးတာ မဟုတ်လား”
“ဟုတ်ပါတယ်”
“ဆရာသင်္ခတို့ဂိုဏ်းဟာ ဘာဂိုဏ်းလဲ”
“ဧကံသဗျာရဏဂိုဏ်းလို့ ခေါ်ပါတယ်”
“ဒီဂိုဏ်းကို ဘယ်တုန်းကတည်းက ထောင်ခဲ့တာလဲ”
“ကြာပါပြီ လောကီပညာဂိုဏ်းပါ။ ဒီဂိုဏ်းဝင်တွေ ဟာ ဗေဒင်အလွန်တော် ကြပါတယ်။ ဧကံသဗျာရဏဆိုတဲ့ အဓိပ္ပာယ်ကိုက တစ်ခွန်းတည်းအမှန်ကို ဖြေဆိုမယ်လို့ ရပါတယ်။ ကျုပ်တို့ဂိုဏ်းရဲ့ အယူအဆအရဆိုရင် ဘုရားအလောင်းကို တခြားပုဏ္ဏားတော် တွေ က စကြာမင်းလည်း ဖြစ်နိုင်တယ်။ ဘုရားလည်းနိုင်တယ်လို့ နှစ် ခွဟောခဲ့တယ်။ ကေဏ္ဍညပုဏ္ဏားကတော့ လက်ညှိုးတစ်ချောင်းထောင်ပြီး ဘုရားစင်စစ် ဧကံဖြစ်မယ်လို့ ဟောခဲ့ပါတယ်။ ဒီလို ယတိပြတ်ဟောနိုင်တဲ့ပညာဟာ ဧကံသဗျာရဏပညာသာ ဖြစ်တဲ့အတွက် ကောဏ္ဍညကိုတောင် ကျုပ်တို့ရဲ့ဂိုဏ်းဝင်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ယူဆကြပါတယ်”
“အခု အဲဒီ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ ဆရာပဲမဟုတ်လား”
“မှန်ပါတယ် ကျုပ်ပါပဲ”
“မနုစာရီနတ်သမီးပုံဟာ ဆရာတို့ဂိုဏ်းနဲ့ ဘယ်လိုပတ်သက်သလဲ”
“ဟိုး . . သက်သာနိုင်ငံတော် ၊ သုနာပရန္တတိုင်း၊ စေတုတ္တရာနိုင်ငံတော် စတဲ့ အခု မင်းဘူး၊ ငဘဲ၊ ပန်းတောင်း၊ လယ်ကိုင်းဒေသတွေ ဟာ နေပြည်တော် ကြီးတွေ အ ဖြစ် စည်ပင်ခဲ့တဲ့ နှစ် ပေါင်း နှစ် ထောင်ကျော်လောက်က မနုစာရီဟာ အဲဒီ နိုင်ငံသူ တစ်ဦး ဖြစ်ခဲ့ပြီး ဒီဂိုဏ်းရဲ့ဂိုဏ်းချုပ် ဖြစ်ခဲ့ပါတယ်။ ရွှေပျဉ်ဓမ္မ၊ မနုဓမ္မသတ်၊ အာကသသျှကြ၊ မနုဿသျှကြနဲ့ လင်္ကာကျမ်းတွေ ပြုစုသွားတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဗုဒ္ဓံသရဏံပန်းကို ကင်ပွန်းတပ်သွားတာလည်း သူပါပဲ။ သူဟာ နတ်ဒေဝီတစ်ဦးလည်း ဖြစ်သွားတယ်လို့ ကျုပ်တို့ဂိုဏ်းက ယုံကြည်ကိုးကွယ်ကြပါတယ်”
“ဦးဖုံးငိုကအစ အနတ္တဆရာမြအဆုံး လူလေးယောက်ကိုသတ်တာ ဂိုဏ်းစည်းကမ်းကိုချိုးဖောက်လို့မဟုတ်လား။ ဘယ်လိုချိုးဖောက်တယ်ဆိုတာ သိပါရစေ။ ကျုပ်တွက်ကိန်းအရတော့ အင်္ဂလိပ်ကို ဇာတာဖတ်တာနဲ့ပတ်သက်တယ်မှတ်တယ်”
“ဟုတ်ပါတယ်။ ဒီလိုပါ။ ဝေလမင်းသားရဲ့ဘုန်းတော်ဘွဲ့ကို ဆုတော် ငွေတစ်ထောင်ပေးပြီး ကျုပ်တို့ မြန်မာပညာရှိတွေကို ရေး ခိုင်းတာတော့ ခင်ဗျားတို့သိမှာပါ”
“ဟုတ်ကဲ့ သိပါတယ်”
“သခင်ကိုယ်တော်မှိုင်းအမည်ခံ ရွှေတောင်ဆရာလွန်းကတော့ ဆုတော် ငွေမရလို့ လျှာမှာ မြက်ပေါက်အောင် ငတ်ချင်ငတ်ပါစေ၊ ကုလားဖြူရဲ့ဘုန်းတော် ဘွဲ့ကိုတော့ မရေးနိုင်ဘူးလို့တောင် ပြန်ကြားခဲ့တယ်မဟုတ်လား”
“ဟုတ်ပါတယ်”
“အဲဒါက လူတိုင်းသိတာ။ ဝေလမင်းသားရဲ့ဇာတာကို ဖတ်ပေးတဲ့လူကိုလည်း ဆုတော် ငွေတစ်ထောင်ပေးမယ်လို့ ကြိတ်ပြီးဇာတာဖတ်ခိုင်းပါတယ်။ ဒါကိုတော့ ဗေဒင်ဆရာလောကလောက်မှာပဲ သိုးသိုးသန့်သန့် သတင်းပြန့်ခဲ့တယ်”
“ဩော် . . ဆက်ပါဦး ဆရာသင်္ခ”
“ဒီအထဲမှာ ဧကံသဂိုဏ်းဝင်ဗေဒင်ဆရာတွေ ကိုလည်း အစိုးရက ဇာတာဖတ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီမိစ္ဆာကုလားမင်းရဲ့ဇာတာကို ဂိုဏ်းဝင်များအနေနဲ့ ဖတ်ပေးဖို့ ကျုပ်က ဂိုဏ်းချုပ်တစ်ဦးအနေနဲ့ တားမြစ်ခဲ့ပါတယ်။ ကျန်တဲ့သူတွေက လိုက်နာကြသော်လည်း ဒီလေးယောက်က ငွေမက်တာနဲ့ သစ္စာဖောက်ပြီး ဇာတာဖတ်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါကြောင့် ကျုပ်လာပြီး ဆုံးမတာပါ”
“ဒီအတိုင်းဆိုရင် ဆရာသေစားသေရတော့မယ်”
“ကိစ္စမရှိဘူး။ ကျုပ်ဟာ ဂိုဏ်းရဲ့ဂုဏ်သိက္ခာ၊ ကျုပ်ကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာနဲ့ အမျိုးဘာသာသာသနာရဲ့ဂုဏ်သိက္ခာအတွက အသက်ကို လှူဒါန်းစွန့်လွှတ်ပြီး ဖြစ်ပါတယ်”
“ဆရာတို့မှာ ဂိုဏ်းဝင်ဘယ်နှယောက် ရှိပါသလဲ”
“အားလုံး ၃၆၀ ရှိပါတယ်”
“ဆရာသေသွားရင် ဒီဂိုဏ်းဟာ ပျောက်ကွယ်သွားမလား”
“ကျုပ်ပညာနဲ့တွက်ကြည့်တာတော့ ကျုပ်သေတဲ့နောက် ၃၆နှစ် တိတိ ဒီဂိုဏ်းရော ဒီပညာရောပါ ပျောက်ကွယ်သွားမှာ ပါ။ ဂိုဏ်းရဲ့ကံကြမ္မာဟာ အဆိုးဆုံးအချိန်မှာ ရောက်နေပါတယ်။ ဂိုဏ်းဝင်အားလုံးကိုလည်း ကျုပ်ကို အင်္ဂလိပ်အစိုးရ သတ်ပစ်သည့်အခါမှာ ပညာစဉ်ကိုရော ဂိုဏ်းကိုပါ ဇာတ်မြှုပ်ပစ်လိုက်ဖို့ ညွှန်ကြားပြီး ဖြစ်ပါတယ်”
“ကျုပ်တို့ဟာ ပုလိပ်အမှုထမ်း ဖြစ်လေတော့ ဆရာ့ကို လေးစားပါတယ်။ ဒီတော့ ဆရာ့ကို ကျုပ်အနေနဲ့ ဘာအကူအညီပေးရမလဲ။ ဖြစ်နိုင်တာဆိုရင် ကူညီပါ့မယ် ပြောပါ”
“ကျုပ်တို့ ဧကံသဂိုဏ်းနဲ့ ဧကံသဗျာရဏပညာကို မတတ်သာတဲ့အတွက် ဇာတ်မြှုပ်လိုက်ရပေမယ့် ဒီဂိုဏ်းရဲ့ ကံကြမ္မာကောင်းလာမယ့် နောင် ၃၆ နှစ် ပြည့်တဲ့ကာလမှာတော့ ဂိုဏ်းရော ပညာစဉ်ပါ ပေါ်ပေါက်စေချင်ုတယ်။ ဒီတော့ ကိုနှင်းမောင်ရော ဟောဒီမိတ်ဆွေကပါ ကူညီစေချင်ပါတယ်”
“ဟုတ်ကဲ့ . . ကျွန်တော် ကတိပေးပါတယ်။ ဘယ်လို ကူညီရမယ်ဆိုတာ အမိန့်ရှိပါ။ ဒါထက် ဆရာရုပ်ဖျက်ထားတာ ပြန်ပြီးဖျက်ရင်း အပန်းဖြေရအောင် ရေချိုးလိုက်ပါဦးလား”
ကိုနှင်းမောင်၏ တိုက်တွန်းချက်ကြောင့် ထိုဆရာသည် ရေမိုးသန့်စင်၍ မူလရုပ်ရည်ကိုတွေ့ရာ အသက် ၄၅ နှစ် ခန့်ရှိ သားနားရည်မွန်သော လူတစ်ယောက် ဖြစ်ကြောင်း အသိအမှတ်ပြုမိတော့၏။ အသံမှာ လည်း အသံဩဇာရှိ၍ သံလိုက်ဓာတ်ပါသော အသံမျိုး ဖြစ်၏။
“ဒီလိုပါ ကိုနှင်းမောင်။ ကျုပ်တတ်တဲ့ပညာနဲ့ တွက်ကြည့်တဲ့အခါမှာ ဒီဂိုဏ်းနဲ့ပညာရဲ့ဂိုဏ်းချုပ်အဖြစ် ဆက်ခံမယ့်ပုဂ္ဂိုလ်ဟာ အခုမှ တစ်နှစ် သားပဲရှိပေဦးမယ်။ အဖေက အင်္ဂါသား၊ အမေက စနေသမီး၊ သူကိုယ်တိုင်က တနင်္ဂနွေသား ဖြစ်ရမယ်။ အားလုံး ပါပဂြိုဟ်တွေ ချည်းပဲ။ ပြီးတော့ နှုတ်ခမ်းမှာ မှည့်တစ်လုံးနဲ့ မျက်ရည်ခံမှည့်တစ်လုံးလည်း ပါပေလိမ့်မယ်။ ဒီကလေးကို တွေ့အောင်ရှာပြီး ကလေးအရွယ်ရောက်တဲ့အခါမှာ ဒီပညာကို လက်ထဲရောက်အောင် တစ်နည်းနည်း နဲ့ လက်ဆင့်ကမ်းပေးဖို့ပါပဲ”
“ဟုတ်ကဲ့ . . ဒီတော့ ကျွန်တော် တို့က ဘယ်လို အကူအညီပေးရမှာ လဲ”
“ဒီလိုပါ။ ကျုပ်ရဲ့လက်ထောက်ဆီကို စာတစ်စောင် ရောက်အောင်ပေးဖို့ပါပဲ။ ဒီစာထဲမှာ နောင် ၃၆ နှစ် ပြည့်တဲ့အခါမှာ ဂိုဏ်းချုပ်လုပ်မယ့်ကလေးကို ရှာပုံရှာနည်း၊ ဟုတ်မဟုတ် စစ်ဆေးနည်း၊ အဓိဌာန်ပြုနည်းတွေ နဲ့ ပညာခွင်ဆိုင်ရာ မသင်ဘဲချန်ထား (အာစရိယမုထိလို့ခေါ်) တဲ့ ဆရာလက်ဆုပ်ပြန့်ပညာတွေပါ ပြည့်ပြည့်စုံစုံရေးထားပါ့မယ်”
“စိတ်ချပါ။ ရောက်အောင် ကျွန်တော် ပို့ပေးပါ့မယ်။ ရေး သာရေး ပါ”
“ကျေးဇူးတင်လိုက်တာဗျာ”
“ဩော် . .ဒါထက် ဆရာတို့အသုံးပြုတဲ့ တွန့်တွန့်ကောက်ကောက်စာတွေ ဟာ ဘာစာတွေလဲဗျ။ အနတ္တဆရာမြရဲ့မှတ်စုထဲမှာ တွေ့ခဲ့တယ်”
“ဒါက အချို့က ဓာတ်စမလို့ခေါ်တဲ့ မာဂဓသုဒ္ဓိဘာသာလို့ခေါ်ပါတယ်”
ကျွန်ုပ်နှင့် ကိုနှင်းမောင်သည် ထိုဆရာရေးသည့်စာကို တစ်နေကုန် စောင့်၍ ယူပြီးနောက် ညနေပိုင်းတွင် ထိုဆရာအား ဂါတ်တဲသို့ပို့၍ လူသတ်မှုဖြင့် အမှုဖွင့် ပြန်ခဲ့ကြတော့သည်။
လမ်း၌ ကိုနှင်းမောင်က ကျွန်ုပ်အား အောက်ပါအတိုင်းပြော၏။
“ဦးအောင်သင်း . . ကျွန်တော် ဖမ်းခဲ့သမျှတရားခံတွေ ထဲမှာ ဒီလူကိုဖမ်းရတာ စိတ်အထိခိုက်ဆုံးပဲဗျာ။ ဒီလူရဲ့ အမြော်အမြင်ကြီးမှု၊ ခေါင်းဆောင်ပီသမှု၊ ရဲရင့်မှု နဲ့ မျိုးချစ်စိတ်ကိုမီဖို့တော် တော့လူ လွယ်မယ်မထင်ဘူး”
“ဟုတ်ပါတယ်။ လွယ်မယ် မထင်ဘူး”
“ဒါထက် ဒီအမှု တော့ကော ဦးအောင်သင်း မေးစရာရှိသေးလား။ ရှင်းပါတယ်ဗျာ။ ဝါဆိုလကကုန်ခါနီးနဲ့ ဝါခေါင်လအစမှာ ဖြစ်ပွားတဲ့ လူသတ်မှု ထူးထူးဆန်းဆန်းကလေးပေါ့ဗျာ။ ဝါဆိုလထဲမှာ အသတ်ခံရတဲ့ ဦးဖုံးငိုနဲ့ ဦးထွန်းမှိန်တို့ အိမ်မှာတော့ သောကြာနဲ့တနင်္လာဟာ ရက်ရာဇာကျတဲ့အတွက် ဒီရက်တွေ မှာ ရွေးပြီးသတ်ခဲ့တယ်။ ဗေဒင်ဆောင်ပုဒ် ဖြစ်တဲ့ “သော်က” ဆိုတဲ့စာကိုလည်း နံရံမှာ ရေးခဲ့တယ်။ ဝါခေါင်လဖက်ပါသွားတဲ့ ဆရာစန္ဒာဓရကိုသတ်တဲ့နေရာမှာ တော့ “နှင်းပန်း” လို့ရေးသွားတယ်။ သေတဲ့နေ့ကို ပြက္ခဒိန်မှာ ကြည့်တော့လည်း ရက်ရာဇာကျတဲ့ စနေနေ့ ဖြစ်နေတယ်။ ဒီထဲက သတ်တဲ့လူဟာ ဗေဒင်ပညာကို ကိုယ်တိုင်လည်းတတ်ပြီး နှစ်နှစ်ကာကာလည်း ယုံကြည်တဲ့လူ တစ်ယောက် လို့ တွက်ထားပြီးသားပဲ”
“ဒီတော့ . .ဆက်ပါဦး ကိုနှင်းမောင်ရေ”
“အနတ္တဆရာမြအိမ်က မနုစာရီနတ်သမီးပုံရယ်၊ ကုလားကိုဇာတာမဖတ်နဲ့ဆိုတဲ့စာဟာ ကျွန်တော် ရဲ့အတွေးစကို ပိုပြီးတော့ အထောက်အကူ ဖြစ်စေခဲ့တယ်။ မျောက်ကလေး ပါတာသိတာကိုတော့ မချီးမွမ်းနဲ့ဗျ။ မျောက်ကုပ်ခြစ်ထားတဲ့ လက်သည်းစင်းအရာတွေကို မှန်ဘီလူးနဲ့ သေသေချာချာကြည့်လို့တွေ့ခဲ့ရတာ ။ မျောက်ပါတာ သိခဲ့ရတော့ မစ္စတာကရစ်ပင်နားမလည်နိုင်ခဲ့တဲ့ လှေကားပြဿနာဟာ ကျွန်တော့်အတွက် ဒီကတည်းက ရှင်းပြီးသား ဖြစ်နေတယ်။ မျောက်က တွယ်ပြီးသံချိတ်ကိုချိတ်ပေးတယ်။ လူက အောက်ကကြိုးစကို တွယ်ပြီးတက်လာ၊ သံတိုင်ကိုရောက်တော့ ကြိုးကွင်းလျှောထုပ်ပြီး ခြေထောက်နဲ့နင်းထား။ ယူလာတဲ့ သံဖြတ်လွှနဲ့ တိုက်ဖြတ်ပြီး အထဲကိုဝင်ရုံပေါ့ဗျာ”
“ရွှေတိဂုံမှာ သွားစောင့်တာကရောဗျာ”
“သူတို့ဟာ ခေါင်းလောင်းကိုလေးစားတယ် မဟုတ်လားဗျာ။ ဒီတော့ လူသတ်သမားဟာ နေ့ကောင်းရက်သာရွေးပြီး သူဖြတ်ခဲ့တဲ့ သစ္စာဖောက်တွေ ရဲ့လက်ညှိုးတွေကို ခေါင်းလောင်းကြီးမှာ သစ္စာအဓိဌာန်ပြုပြီး စွန့်ပစ်ခဲ့မယ်လို့ ကျုပ်က ထင်တာကိုး။ ဒါကြောင့် ဗေဒင်အရ ရိတ္ထာတီထိကျတဲ့ရက်ကို ပြက္ခဒိန်မှာ ရှာကြည့်ပြီး သွားစောင့်နေတာ။ ဒီမှာ တစ်ချက်လိုသွားတာက တရားခံဟာ ဆရာစန္ဒာဓရကိုသတ်စဉ်က ခါးကုန်းကြီးယောင်ဆောင်ပြီးသတ်ခဲ့တာ မစဉ်းစားမိဘူး။ ဒါစဉ်းစားမိရင် တရားခံဟာ ရုပ်ပြောင်းရုပ်လွှဲအတတ်ကို ကျွမ်းကျင်တဲ့လူဆိုတာ ထည့်စဉ်းစားရမှာ ဖြစ်လေတော့ လာရင်လည်း ရုပ်ဖျက်ပြီး လာပေမပေါ့ဗျာ”
“ဟုတ်ပေ့ဗျာ”
“တစ်ခါ ခင်ဗျားက ညှော်တယ်ဆိုမှ တရားခံဟာ သူဖြတ်လာတဲ့လက်ညှိုးတွေကို ဖယောင်းနဲ့သုံးပြီး မီးပူဇော်တိုင်တည်သွားပြီဆိုတာ ရိပ်မိတော့တယ်”
“ဒီတော့တစ်ခါ စတီးဘရားသားတိုက်နားက အဝေးပြေးကားတွေ ဆီကို လောကြီးပြီးလိုက်လာမိပြန်ရော။ အမှန်က သူ့မှာ မျောက်ကလေးတစ်ကောင် ရှိတယ်မဟုတ်လား။ မျောက်ကလေးမပါဘဲ သူ တစ်ယောက်တည်း ဘယ်ပြန်ပါ့မလဲဗျ”
“ဒါဖြင့် အခုမိတာကရောဗျာ”
“ကံစွပ်ပြီး တည့်တည့်တိုးတာဗျ။ သူကလည်း သူ့အဓိဌာန်နဲ့သူ တစ်ယောက် တစ်ပြားနဲ့ လမ်းဘေးမှာ ဗေဒင်ဟောနေတုန်းသူဖျက်ထားတဲ့ရုပ်ကို ကျွန်တော်က မိအောင် အကဲခတ်နိုင်တာရယ်၊ သူ့လွယ်အိတ်ထဲက မျောက်စာ ငှက်ပျောသီးနဲ့ မြေပဲဆန်လေးရယ်၊ ဗေဒင်ဟောတဲ့အခါမှာ ခေါင်းလောင်းလေးကို အသုံးပြုတာရယ်၊ စုပေါင်းပြီးတော့ ဆွဲကိုင်ခဲ့ရတာ ။ ဗေဒင်ဝင်မေးကြည့်ပြီး အကဲခတ်တော့လည်း သူ့ရဲ့ ရဲရင့်မှု ၊ တည်ကြည်မှု တွေ အပေါ် ပေါင်းရုံးပြီး အကဲခတ်လိုက်ရတာ ပဲဗျာ”
“ဟုတ်ပါပြီဗျာ . .ရှင်းပါပြီ။ တကယ်လို့ မရှင်းတာကျန်ရင်လည်း ကျုပ်ဟာကျုပ် စဉ်းစားယူမယ်ဗျာ။ ဒါမှ ကျုပ်လည်းတိုးတက်တော့မှာ ပေါ့။ ကျုပ်အနေနဲ့တော့ မြန်မာပုလိပ်တွေ ကို အထင်သေးတဲ့ မစ္စတာကရစ်ပင်ကို မြန်မာဆားပုလင်းတစ်ယောက် ရဲ့အစွမ်းကို ပြခွင့်ရတဲ့အတွက် ကိုနှင်းမောင်ကိုယ်စား ကျုပ်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”
တရားခံ ဆရာသင်္ခသည်ထိုနှစ် အတွင်း၌ ပင် ကြိုးပေးသတ်ဖြတ်ခြင်းခံရ၏။ သူ၏ ဂိုဏ်းနှင့် ဂိုဏ်းစဉ် ဧကံသပညာကို နောင် (၃၆) နှစ် ၌ ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက် အမှာ စာကို သူ၏ ဂိုဏ်းထောက်ထံသို့ ပို့ပေးရန်အတွက် ကိုနှင်းမောင်လက်သို့ အပ်နှံခဲ့လေသည်။
ကိုနှင်းမောင်သည် သူ့၏ ကတိအတိုင်း ကြိုးစင်တက်သွားရသော ဆရာသင်္ခ၏ အမှာ စာကို ဂိုဏ်းထောက်ဖြစ်သူ ဆရာဦးရန်နိုင်(မုံရွာ)ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် အရောက်ပို့ပေးခဲ့လျှင် . .
ဆရာသင်္ခတွက်ကိန်းအတိုင်း ဧကံသဂိုဏ်းအား နောက် (၃၆) နှစ် ကြာ၌ ဖော်ထုတ်နိုင်မည့် တနင်္ဂနွေသားလေးကို တွေ့အောင်ရှာနိုင်ခဲ့လျှင် . .
ထိုကလေး၏ စွမ်းဆောင်မှု ၊ဆရာသင်္ခ၏ ပညာစစ်မှန်မှု ၊ဆရာရန်နိုင်၏ ကြိုးပမ်းမှုများသည် အကယ်၍ အကောင်အထည်သာပေါ်ခဲ့မည် ဆိုလျှင် ဆရာသင်္ခ ကြိုးစင်တက်သွားရသည်မှာ ယခုအခါ၌ (၃၆) နှစ် ကျော်ပြီ ဖြစ်ပေသတည်း။
~~~~~~~
🙏 သဗ သတာ ကမ်မ သကာ 🙏
✍ မင်းသိင်္ခ