မဖဲဝါ နှင့် အလောင်းခိုးထုတ်တဲ့ည

 

လေတိုက်နှုန်းက တစ်စ တစ်စ ပြင်းထန်လာသည်မို့ သင်္ချိုင်းအတွင်းမှ အပင်ကြီး အပင်ငယ်တို့ကလည်း မကောင်းဆိုးဝါး ၀င်ရောက်ပူးကပ်လာသည့်နှယ် ယိမ်းထိုးလှုပ်ရမ်းလာပါတော့၏။

အောင်စိန့်အလောင်းကို ပြေကြီး ကောက်ထမ်းလိုက်တော့ လူတစ်ယောက်ကို ထမ်းရသည်နှင့်မတူ ။ရေစိုနေသော သဲအိတ်ကြီးကို ထမ်းလိုက်ရသည့်အလား အေးစက်သော အထိအတွေ့ လေးလံသော ခံစားမှုကို သူရလိုက်၏။ အလောင်းကြီး ပုခုံးပေါ်ရောက်သည်မှာ သေချာပြီမို့ ပြေကြီးလည်း ဇရပ်အနီးမှ ‌ခပ်သွက်သွက်ခြေလှမ်းများဖြင့် ထွက်ခွာလာခဲ့လိုက်ပါတော့သည်။

“ရှပ် …. ရှပ် … ရှပ်”

လေတိုက်တိုင်း သစ်ရွက်ချင်းပွတ်တိုက်သွားသည့် အသံက ပြေကြီး အနောက်မှ တစ်စုံတစ်ယောက်လိုက်လာသလို ။ ပြေကြီးလည်း တစ်ယောက်ယောက်များ ပါလာလေသလားဟု လိပ်ပြာမလုံစွာ လှည့်ကြည့်ပြန်တော့လည်း မည်သူမျှ ရှိမနေပါ။ လေစိမ်းများ ခပ်ကြမ်းကြမ်း တိုက်နေသည်ဆိုသော်ငြားလည်း ပြေကြီး မှာတော့ ကြောက်စိတ် နှင့်အတူ တစ်ကိုယ်လုံး ချွေးစေးများ ရွှဲနစ်လို့ ။ သင်္ချိုင်းအထွက်က တ‌ဖြေးဖြေး နီးလို့လာချေပြီ ။ ပြေကြီးလည်း ရှေ့ကို တစ်လှမ်းချင်းလျှောက်နေရင်းမှ သူ၏ နောက်ကျောအား ဘုတ် ခနဲ တစ်စုံတစ်ယောက်က လှမ်းပုတ်လိုက်သည်ကို ခံစားလိုက်ရလေတော့၏။

ထို့ကြောင့် ဘယ်သူပုတ်တာလဲ ဟူ၍ ခေါင်းကို သမင်လည်ပြန် လှည့်ကြည့်လိုက်ရာမှာတော့

“ဟာ … အောင်မလေး”

အောင်စိန့်အလောင်းကြီး နှင့်အတူ ပြေကြီး နောက်သို့ဖင်ထိုင်လဲကျသွား‌တော့သည်။ သူမြင်လိုက်ရသော အရာကား မိန်းမတစ်ယောက်။ ထမိန်ရင်လျားကြီး နှင့် ဆံပင်ကိုလည်း ရှေ့တွင် ဖားလျားကြီးချထားလေ၏။ အရပ်ကြီးမှာလည်း ရှစ်ပေလောက်ရှိပြီး အခေါင်းကြီး တစ်လုံးကိုလည်း ခေါင်းတွင် ရွက်ထား၏။ ပြီးနောက် ပါးစပ်မှ အက်ကွဲကွဲ အသံကြီး နှင့်

“အောင်စိန့် အလောင်းကို ထားခဲ့ ” ဟူ၍ ပြောလေတော့သည်။ ပြေကြီးလည်း ထိုမိန်းမအားကြည့်ကာ ကြက်သေသေနေ၏။ ခွေးအူသံများကလည်း ပတ်၀န်းကျင်ကို ဝါးမြိုသွားသည့်နှယ် ဆူညံလို့။ တစ်ဖန် ပြေကြီး နှာခေါင်းအတွင်းသို့ အပုပ်နံ့များက လှိုင်လှိုင်၀င်လာမှ ပြေကြီးလည်း သတိပြန်၀င်လာပါတော့သည်။

“နင် … နင် … ဘယ်သူလဲ …ဘာ… ဘာလို့ အောင်စိန့်အလောင်း ကိုလာတောင်းနေတာလဲ ”

“နင်က … ငါပိုင်တဲ့ အလောင်းကို ငါ့ကို ခွင့်မတောင်းဘဲ … ခိုးတယ် … နင့်ကို အပြစ်ပေးရမယ်ဟဲ့ …. လူ့ငမိုက်သား ”

ထိုမိန်းမ၏ အက်ရှရှအသံကြီးများက ကျောချမ်းဖွယ်ကောင်းလှပေသည်။ မျက်လုံးအစုံကလည်း မီး၀င်း၀င်းတောက်ကာ ပြေကြီးအား စားတော့ဝါးတော့မလို ။

“နင် … နင် … နင်ဘယ်သူလဲ … ငါ့ … ငါ့ကို ဘာလုပ်မလို့လဲ ”

“ငါ့နာမည် …. မဖဲဝါ … သင်္ချိုင်းစောင့် မဖဲဝါ”

“ဗျာ … မ … မ … မဖဲဝါ ”

မဖဲဝါဆိုသည့် အသံကြားမှ ပြေကြီးလည်း ခေါင်းမွှေးများထောင်တက်သွားလေတော့သည်။

“ကျုပ် … ကျုပ် ကိုဘာမှ မလုပ်ပါနဲ့ဗျာ … ကျုပ်ကျုပ် တောင်းပန်ပါတယ် ”

“ဟား … ဟား … ဟား …. ဟား …. ”

မဖဲဝါလည်း ထိုသို့ကြောက်စရာကောင်းလောက်အောင် ရယ်မောပြီး လက်ကြီး ကိုဆန့်တန်းလိုက်လေတော့၏။ မဖဲဝါ လက်ကြီးဆန့်လိုက်သည် နှင့် တစ်ပြိုင်နက် ဘယ်ကမှန်းမသိသော ခွေးနက်ကြီး သုံးကောင်မှာ မီးခိုးငွေ့များနှင့်အတူ ပေါ်ထွက်လာပါတော့၏။ လရောင်အောက်မှ ခွေးနက်ကြီးများရဲ့ ကြောက်စရာ အစွယ်ဖွေးဖွေးများကို ပြေကြီး အတိုင်းသား မြင်နေရ၏။ သူ့ဘ၀ အတွက် နောက်ဆုံးမြင်ကွင်း ဟုပင် ဆိုရပေတော့မည်။ ချက်ချင်းဆိုသလို မဖဲဝါ၏ ခွေးနက်ကြီးများက ပြေကြီး အား အတင်း ဝိုင်း၀န်းကိုက်ဖဲ့ကြကုန်တော့သည်။

“အား …….. ”

ရွာအပြင်ဘက်မှ ပြေကြီး၏ ကြောက်မက်ဖွယ် အော်သံကြီးကား ပတ်၀န်းကျင်တစ်ခုလုံးကို ထိုးခွင်းသွားလေတော့၏။

ပြေကြီးတစ်ယောက် ထိုခွေးနက်ကြီးများနှင့် လုံးထွေးသတ်ပုတ်ရင်းမှ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် သွေးအလိမ်းလိမ်းဖြစ်ကာ နေရာမှာပင် အသက်ငင်နေရသည်။ တစ်ခဏ အကြာမှာတော့ မဖဲဝါ လည်း အောင်စိန့် အလောင်းကို နဂိုမူလနေရာတွင် ပြန်ထားလိုက် တော့သည်။ပြီး နောက် ပြေကြီး၏ အသက်ငင်နေသော ကိုယ်ခန္ဓာကြီးအား ၎င်းထမ်းလာသော အခေါင်းအတွင်းထည့်ပိတ်ပစ်လိုက်ကာ ပျောက်ကွယ်သွားပါလေတော့ သတည်း ။

+++++++++

( ၆ )

ရွာအပြင်ဘက်က ခွေးအူသံများက တစ်စထက် တစ်စ ဆူညံလာသည်မို့ မီးကင်းမှ ကာလသားများ ဆက်လက်မအိပ်နိုင်တော့ဘဲ နိုးလာကြတော့သည်။ ခွေးအူသံများကတော့ ရပ်မသွားသေး။

“တောက် …. ဘာဖြစ်တာလဲ မသိဘူးဟေ့ … ခွေးတွေကလည်း အူသကွာ ”

“ဟုတ်တယ် … ကိုအောင်မောင်း ကျုပ်လည်း ကြားနေတာ အတော်ကြာပြီ ”

“တစ်ခုခု ဖြစ်နေသလားမသိဘူး”

“စောစောကတော့ … လူအော်သံလို ကြားလိုက်ရတယ်ဗျ ”

တာတီးဆိုသော ကောင်လေး၏ အပြောကြောင့် နားထောင်နေသော အောင်မောင်းတို့ တစ်စု မျက်လုံးပြူးသွားကြတော့သည်။

“ဟေ … လူအော်သံ ဟုတ်လား … တာတီး”

“ဟုတ်တယ် … ကိုအောင်မောင်း … ကျုပ် ဆီးသွားချင်တာနဲ့ ထသွားတာ … အဲ့ချိန် ခွေးတွေစအူတာပဲ… ပြီးတော့ ရွာပြင်က လူတစ်ယောက်အော်သံ ပြတ်ပြတ်သားသားပဲ … တစ်ခါတည်း မဟုတ်ဘူး … သုံးခါတောင် ကြားလိုက်သဗျ ”

“ဘယ်တုန်းကကြားလိုက်တာလဲ ”

“ကိုအောင်မောင်းတို့ မနိုးခင် စပ်ကြားလေးပဲ … ”

“အေး တာတီး …ဒါဆို မင်းက သူကြီးကို သွားခေါ်ပြီး လိုက်ခဲ့လိုက် … တို့အရင်သွားနှင့်မယ် ကြားလား ”

“ဟုတ် …ဟုတ် ”

တာတီးလည်း သူကြီးဦးဩဘာအား သွားခေါ်ရန်အတွက် မီးကင်းတဲလေးမှ ခပ်သုတ်သုတ် ထွက်သွားလိုက်ပါတော့သည်။ အောင်မောင်း တို့မှာတော့ တုတ်ဓားများ ကိုယ်စီကိုင်ကာ တာတီးပြောရာ ရွာပြင်ဖက်ဆီသို့ ထွက်ခဲ့လိုက်ကြလေတော့၏။

++++++++++

အောင်မောင်းတို့ အုပ်စုတွေ ရွာပြင် ခပ်လှမ်းလှမ်းရောက်တော့ လမ်းပေါ်တွင် ကန့်လန့်ကြီး ခံနေသော အရာ တစ်ခုကို သူတို့အတိုင်းသား တွေ့လိုက်ကြရသည်။ ထိုအရာက သစ်သားခေါင်းတလားကြီး။

“ပေသီး … အဲ့ဒါ အခေါင်းကြီး မဟုတ်လား ”

“ဟုတ် … ဟုတ်တယ် … ထင်တယ် … ကိုအောင်မောင်း … ကျုပ် ကျုပ် တို့ကို တစ္ဆေခြောက်နေပြီလား မသိဘူး ”

“ဟာ … ပေါက်ပေါက်ရှာရှာကွာ … ဘာပဲပြောပြော သွားတော့ မထိကြနဲ့အုံး … သူကြီးလာမှပဲ ကြည့်စီစဉ်ကြတာပေါ့”

မကြာပေ သူကြီး ဦးဩဘာ နှင့်အတူ တာတီးရော သူကြီးသား ထွန်းရွှေပါ ပါလာလေ၏။ ရောက်လာသည်နှင့် တစ်ပြိုင်နက် လမ်းပေါ်တွင် ကန့်လန့်ကြီး ခံနေသော သစ်သား ခေါင်းတလားကြီးကို သူကြီးတို့ တန်းတန်းမတ်မတ် တွေ့လိုက်ရ တော့သည်။

“ဘယ်က ခေါင်းတလားကြီးလဲ … ပေသီး သွားဖွင့်ချေစမ်း ”

“ဟာ … ကျုပ် မဖွင့်ရဲပါဘူးဗျာ ”

“တောက် … သုံးစားမရတဲ့ကောင်တွေကွာ ”

ဟုရေရွတ်ရင်း သူကြီး ကိုယ်တိုင် ထိုအခေါင်းကြီးနား ကပ်သွားလိုက်တော့သည်။ အခေါင်းထဲ၌ ဘာရှိနေမည်ကိုတော့ သူတို့အားလုံးစိတ်၀င်စားနေကြ၏။ သူကြီး လည်းခပ်သွက်သွက်ပင် အခေါင်းဖုံးကြီးကို ဖွင့်လိုက်တော့ အသက်ငင်နေသော ပြေကြီးကို အမှတ်မထင်တွေ့လိုက်ရပါ‌တော့သည် ။

“ဟာ … ပြေကြီးပါလား … ဟေ့ကောင်တွေ အမြန်လာကြစမ်းပါဟ … ”

သူကြီးက ထိုသို့ပြောလိုက်တော့ တာတီး တို့ ပေသီး တို့ပြေးလာကြ၏။ ထွန်းရွှေမှာတော့ ပြေကြီးဟု အသံကြားလိုက်သည်နှင့် ထိုအခေါင်းနား ကပ်မလာရဲ တော့။

“မသေသေးဘူး … အသက်ရှူနေတယ် … ရွာထဲက ဆေးဆရာဆီ အမြန်ပို့ဖို့ လုပ် … ”

ပေသီးလည်း အခေါင်းထဲမှ ပြေကြီး၏ ကိုယ်ခန္ဓာကြီးကို ထုတ်ဖို့ ကြိုးစားနေစဉ်မှာပဲ ပြေကြီး တစ်ယောက် အသက်ဝိညာဉ်ချုပ်ငြိမ်းသွားပါလေတော့သည်။

“အိမ်း … သမ္ဗေ သတ္တာ ကမ္မသက္ကာ ပေါ့ကွာ … သေပြီ ဆိုတော့လည်း ပြေကြီး အလောင်းကို ဇရပ်ပေါ် ပို့ဖို့လုပ်ကွာ … မနက်ကျမှပဲ လုပ်စရာရှိတာ ဆက်လုပ်ကြတာပေါ့ အခုတော့ အချိန်လည်းလင့်နေပြီ ”

“ဟုတ် … ဟုတ်ကဲ့ သူကြီး ”

ပြေကြီး၏ ခေါင်းတလားကြီးကို အောင်စိန့် မသာစင်ဘေးနားတွင်ဘဲ နေရာချပေးလိုက်ကြသည်။ အလောင်းများအားမည်သူမျှ စောင့်မအိပ်ရဲကြသည်မို့ အားလုံးသဘောတူ ဆန္ဒဖြင့် ဒီအတိုင်းသာ ထားခဲ့ကြရ‌သည်။ ထူးဆန်းမှုများက ဆက်တိုက် ဆိုသလို နောက်တစ်နေ့ သူကြီး ဦးဩဘာတို့တစ်တွေ ပြေကြီး ၏သေမှုသေခင်းအတွက် အလောင်းအားစစ်ဆေးရန် ရောက်လာကြသော်လည်း ပြေကြီး ၏ အလောင်းသာမက အလောင်းထည့်ထားသော ခေါင်းတလားကြီးပါ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတော့၏။

ထို့အပြင် ထန်းတော ထဲမှ ချက်ဖောင်းက ထန်းရည်မူးတိုင်း ပြေကြီး မသေခင်က သူကြီးသား ထွန်းရွှေ နှင့် အောင်စိန့်အလောင်း ရွာထဲခိုးသွင်းမည် ဟု အလောင်းအစား လုပ်ခဲ့ကြောင်း တစ်ယောက်စ နှစ်ယောက်စ ပြောရင်းမှ တစ်ရွာလုံး သိသွားခဲ့ရပြန်သည်။

သို့တိုင်အောင် ပြေကြီး၏ အလောင်းနှင့် ထိုအလောင်းထည့်ထားသော ခေါင်းတလားကြီးမှာတော့ ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့‌ ချေပြီ ။

ပြေကြီး၏ ခေါင်းတလားကြီး ပျောက်ဆုံးသွားပြီး သိပ်မကြာမီမှာဘဲ ထူးဆန်း မှုတစ်ခု ပေါ်ပေါက်လာခဲ့ ပြန်တော့သည်။ ထိုအရာကား

ည ဆယ့်တစ်နာရီသို့ရောက်သည်နှင့် ရွာရိုးလမ်းကလေးအတိုင်း လျှောတိုက် ရွှေ့လျားနေသော ခေါင်းတလားကြီး တစ်လုံး ။ အနီးကပ်မြင်လိုက်ရသူများကတော့ ပြေကြီး၏ ခေါင်းတလားကြီးဟု အတပ်ပြောနိုင်ကြသည်။ တချို့မှာ ထိုခေါင်းကြီး အတွင်းမှ ပြေကြီးက လှမ်းနှုတ်ဆက်သည်ဟု ဆိုကြပြန်သည်။ ကလေးအစ ခွေးအဆုံး ည ဆယ့်တစ်နာရီ ထိုးသည်နှင့် ရွာထဲ သူ့အလိုလို ရွှေ့လျားနေတတ်သော ခေါင်းတလားကြီးကို မြင်ကြရသည်။

သူကြီးသား ထွန်းရွှေလည်း ပြေကြီး၏ အနှောက်အယှက်ပြုမည့် ရန်ကိုကြောက်၍ ရဟန်းဘောင်သို့ ဝင်သွားခဲ့တော့သည်။

ထိုအချိန်မှ စကာ ရွာကလေးသည်လည်း မိုးခေါင်ရေရှားလာခဲ့သည်။ စိုက်သမျှပျိုးသမျှလည်း မဖြစ်ထွန်းတော့သလို မွေးကင်းစ ကလေး ငယ်များ အသေအပျောက်များလာ၏။ ထို့ကြောင့် ရွာသူရွာသား အချို့ပင် ထိုရွာကို စွန့်ခွာသွားကုန်ကြပြီ။ ရွာ၌လည်း လူဦးရေ တစ်စထက် တစ်စနည်းလာကာ နောက်ဆုံးကျန်ရစ်ခဲ့သူများပင် အမျိုးမျိုးသော ဆင်းရဲဒုက္ခများကို ခံကြရပြီး အသက်ဆုံးကုန်ကြရသည်။ အဆုံးသတ်မှာတော့ ထိုရွာကလေးမှာ ပျက်သုန်းသွားရပြီး ဖုန်းဆိုးမြေ အဖြစ်သာ ကျန်ရစ်ခဲ့ရပါတော့၏ ။

သို့သော် ညဆယ့်တစ်နာရီ အချိန်သို့ရောက်တိုင်း သစ်သား ခေါင်းတလားကြီး တစ်ခုကတော့ ရွာလမ်းအတိုင်း ရွှေ့လျားနေတတ်တုန်းပင် …………………………

( ပြီးပါပြီ )

ယနေ့ ခေတ်မှီ ဖွင့်ဖြိုးတိုးတက်လာသည်နှင့်အမျှ ထိုရွာကလေး၏ မြေနေရာများတွင်လည်း အိမ်ရာ အသစ်များ ရှိလာခဲ့ပြီဖြစ်သည်။ ယခင်က ထိုရွာကလေးမှ အဖြစ်ဆိုးနှင့်ကြုံခဲ့ရသော ပြေကြီး ဆိုသူ ရာဇ၀င် လူဆိုးကြီးလည်း ကျွတ်တန်း၀င်သွားဟန်တူသည်။ ယခု လက်ရှိကာလမှာတော့ ထိုနေရာလေး၌ လူသူများစည်ကားလာခဲ့ပြီ ဖြစ်ပြီး ခေါင်းတလား ကြီးရွေ့လျား သွားလာနေမှုသည်လည်း ဒဏ္ဍာရီပုံပြင်လေး အဖြစ်သာ ကျန်ရစ်ခဲ့ပါတော့သည်။

ဆက်လက် ကြိုးစားပါအုံးမည်။