လောဘကြီးတဲ့ မြွေဆရာ

” ဟုတ်ကဲ့…”
သုံးဦးသား သုသာန်ထဲဆီကို အကဲခတ်ကြည့်နေမိကြတယ်။
” မြန်မြန်လုပ်ကြဟေ့။ နောက်ထပ် ငတောကို သဂြိုဟ်ဖို့လုပ်ကြရဦးမှာ…”
နာရေးချနေတဲ့သူတွေ အလောတကောဖြစ်နေကြတယ်။ မနက်အစောတုန်းက နောက်မှသေတဲ့အလောင်းကို အရင်သဂြိုဟ်ရိုးထံစံအရ ကလေးအလောင်းကို မြေချခဲ့ပြီးပြီ။
အခုက ရေခပ်သွားတုန်း မြွေကိုက်ခံရတဲ့ မိဇွန်ရဲ့ အလောင်း။ တအောင့်ကြာရင်တော့ အရင်ဆုံးသေခဲ့သူ ငတောအလောင်းကို သဂြိုဟ်ဖို့ လုပ်ကြရမှာ။
အချိန်အနည်းငယ်ကြာတော့ သုသာန်ထဲက နာရေးပို့သူတို့ ပြန်ထွက်လာခဲ့ကြပြီး ရွာဘက်ကို သွားကုန်ကြပြီ။
သုသာန်ထဲမှာတော့ မြေဖို့တာကို လက်စသတ်နေတဲ့ လူတချို့တော့ကျန်ရစ်ခဲ့သေးတယ်။
“ကဲ…လူတော့ရှင်းပြီ။ ဘဘတို့ အကြောင်းစုံကို သွားပြီး မေးစမ်းကြည့်ရအောင်…”
သုံးဦးသား သုသာန်ထဲဆီကို လှမ်း၀င်ခဲ့ကြပြီး မြေဖို့နေကြတဲ့သူတွေဆီကို လှမ်းခဲ့ကြတယ်။
” ဒီက ပုဂ္ဂိုဟ်က ဘာအတွက်နဲ့ ဆုံးတာလဲ…”
ကြည်လင်ပြီး သြဇာလွှမ်းနေတဲ့ ဦးသိဒ္ဒိရဲ့ အသံကြောင့် မြေဖို့သူတွေ မော့ကြည့်လာကြတယ်။ ယောဂီ၀တ်ဆင်ထားတဲ့ ကလေးနှစ်ယောက်နဲ့ လူကြီးကို မြင်တော့ သူတို့စိတ်ထဲ အားအင်တွေ ရှိသွားကြရသလိုပဲ။
” ဒီက ဆရာကြီးက ဘယ်သူဆိုတာတော့ ကျုပ်တို့မသိဘူး။ ဒါပေမယ့် ဆရာကြီးက သိချင်တယ်ဆိုရင်တော့ဖြင့် အကြောင်းစုံကို ပြောပြလို့ရပါတယ်။ မနေ့တုန်းက ကျုပ်တို့ရွာဆီကို အောက်လမ်းကောင်တစ်ကောင်နဲ့ သူ့တပည့်တွေ ရောက်လာကြတယ်။ ပြီးတော့ ရွာကနေ သူတို့ကို ငွေသုံးသိန္း​ပေးရမယ်။ မပေးရင် တစ်ရွာလုံးကို မြွေနဲ့တိုက် သတ်မယ်ဆိုပြောပြီး ရွာကလူတွေ သူတို့ကို မလွန်ဆန်ရဲအောင် နေ့လည်တစ်လောင်း၊ ညနေတစ်လောင်းနဲ့ အခုမနက်အာရုံတက်မှာတစ်လောင်း မြွေနဲ့ တိုက်သတ်ပစ်တာ။ တစ်လောင်းကတော့ မြှုပ်ပြီးပြီ။ အခု ဒီအလောင်းက မနေ့က ညနေပိုင်းမှာ သေတဲ့ ကလေးမရဲ့ အလောင်းပဲ။ မကြာခင် ရွာထဲက နောက်တစ်လောင်း လာချကြလိမ့်ဦးမယ်…”
” အင်း…အတော့်ကို ဆိုးသွမ်းတဲ့လူပဲ။ ကိုယ့်ရဲ့လောဘ၊ ကိုယ့်ရဲ့ အတ္တကြောင့် သူတစ်ပါးအသက်တွေများစွာကို ခြိမ်းခြောက်ဖျက်ဆီးဖို့ ကာယကံမြောက်ကို ကျူးလွန်နေတော့တာပဲ…”
ဦးသိဒ္ဒိ ရေရွတ်တယ်။ ဒိုးညီနောင်တို့ကတော့ ရွာသားတွေအတွက် အတော့်ကို စိတ်မကောင်းဖြစ်သွားကြရတယ်။
” ဟုတ်ပါ့ဆရာကြီးရာ။ ဒီလူတွေ သိပ်မိုက်ရ်ိုင်းတယ်ဗျာ တောက်…”
အခြားသူတစ်ဦးက ကျိတ်မနိုင်ခဲမရနဲ့ တောက်ခတ်ရေရွတ်လိုက်တာ။ ဦးသိဒ္ဒိက…
” ကဲပါ…စိတ်အားမငယ်ကြပါနဲ့။ အခု မောင်တို့ရွာက ကိစ္စက ဆရာကြီးတို့နဲ့ ဖြေရှင်း ကြုံကြိုက်လာပြီဆိုတော့ ဒီရွာနဲ့ ရွာသူရွာသားအားလုံး ဘာအန္တရာယ်မှ ထပ်မကြုံရအောင် ဆရာကြီး တာ၀န်ယူပေးမယ်။ ပြီးတော့ ဒီအောက်လမ်းနဲ့ သူ့လူတွေကိုလည်း ဆရာကြီး နောင်ကြဉ်အောင် ဆုံးမချေချွတ်ပေးမယ်။ ကဲ…ကဲ…အခုကစပြီး ဘာမှစိတ်မပူကြနဲ့တော့…”
ဦးသိဒ္ဒိဆီက စကားကြောင့် ရွာသားတို့ ရဲ့ မျက်နှာတွေ ၀င်းပသွားကြတယ်။
” ဆ…ဆရာကြီး တကယ်ပြောတာလား…”
ဦးသိဒ္ဒိက တည်တည်ကြည်ကြည်နဲ့ ခေါင်းကို ထပ်ညိတ်ပြလိုက်တယ်။
ဒီအခါမှာ မြေဖို့နေကြသူ ရွာသားတို့ခမျာ ၀မ်းသာအားရနဲ့ ဖြစ်ကုန်ကြတော့တာ။
အဲ့ဒီနောက်တော့ ရွာသားတစ်ယောက်က ဦးဆောင်ပြီး ဦးသိဒ္ဒိတို့သုံးယောက်ကို ရွာထဲဆီကို ခေါ်ဆောင်သွားကြတယ်။
သူတို့ ရွာအခြေဆီကို ခြေချလိုက်တာနဲ့ ရွာထဲက မြွေတွန်သံတွေက ဆိုးဆိုးရွားရွားထွက်ပေါ်လာခဲ့ရဲ့။
ဒီအေုခအနေကြောင့် ဦးသိဒ္ဒိက ရွာတစ်ခွင်ကို တစ်ချက်ဝေ့၀ိုက်ကြည့်ပြီး မန္တာန်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုလိုက်လေတာ။
အံ့သြစရာပါပဲ ဆိုးဆိုးရွားရွားထွက်ပေါ်နေတဲ့ မြွေတွန်သံတွေက ချက်ချင်းကို ဆိတ်သုဉ်းသွားတော့တာကလား။
******
ညက တိတ်ဆိတ်ငြိမ်သက်နေတယ်။
မြွေဆရာတင်အုန်းတို့ အခြေပြုရာ တောအုပ်ဆီကို ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ လှမ်းလာနေကြတယ်။
အနားကို နီးလာတာနဲ့အမျှ မြွေတွန်သံတွေက ဆိုးဆိုးရွားရွားကို ကြားလာရတော့တာ။
” ဘဘ မြွေတွန်သံတွေ တအားဆိုးလာတယ်နော်…”
” အင်း…ဟုတ်တယ် လူလေးတို့ရဲ့။ ဒါပေမယ့် ဘာမှာတော့စိတ်မပူပါနဲ့။ မေတ္တာသာ နိုင်နိုင်ပို့ထား၊ ခန္ဓသုတ်ကို အာဂုဏ်ဆောင်ကြချေ။ မြွေဆိုတဲ့ သတ္တဝါက မေတ္တာတရားကို ကောင်းကောင်းသိတတ်ကြတယ်…”
” ဟုတ်ကဲ့ ဘဘ…”
ဒိုးညီနောင်တို့လည်း မြွေတွေဆီကို မေတ္တာပို့သပြီး ခန္ဓသုတ်တော်ကို ခပ်တိုးတိုး အာဂုဏ်ဆောင်ကြတယ်။ ချက်ချင်းဆိုသလိုပဲ မြွေတွန်သံတို့ တိုးတိတ်သွားခဲ့ရဲ့။
” ဟိုရှေ့ကဟာ ဒီရွာကို နှောက်ထားတဲ့ အောက်လမ်းဆရာနဲ့ သူ့တပည့်တွေပဲ…”
သစ်ပင်တစ်ပင်အောက်မှာ တင်ပုလ္လယှက်ပြီး ငြိမ်ငြိမ်သက်သက်ထိုင်နေတဲ့ လူတစ်ယောက်နဲ့ သူ့ရဲ့ နံဘေးမှာ လှဲအိပ်နေကြတဲ့ လူနှစ်ယောက်။
” သူ့ခန္ဓာဆီမှာ ဘာထူးခြားမှုရှိနေသလဲဆိုတာ လူလေးတို့ စိတ်ညွှတ်ပြီး ကြည့်ကြည့်ချေ…”
ဒိုးညီနောင်တို့ မျက်၀န်းအစုံကို မှိတ်ပြီး ထိုင်နေသူကို စိတ်ညွှတ်လို့ အာရုံခံကြည့်လိုက်ကြတယ်။
” ဟာ…သူ့ခန္ဓာကိုယ်ပေါ်မှာ မြွေမည်းမည်းကြီးတစ်ကောင် ရစ်သိုင်းပြီး ပါးပြင်းမိုးပေးထားတယ်…”
” ဟုတ်ပါ့…မျက်လုံးကြီးတွေကလည်း.နီရဲတောက်နေတာပဲ…”
ဒိုးညီနောင်တို့ဆီက အပြိုင်ပြောလာကြတာ။ ဦးသိဒ္ဒိက သဘောကျပြီး ခေါင်းကို ညိတ်တယ်။
” ဟုတ်တယ် လူလေးတို့ရဲ့။ ဒီလူက မြွေနဲ့ ပက်သက်တဲ့ အောက်လမ်းအစီအရင်တစ်ခုကို အောင်ထားတာ။ သူ့၀မ်းဆီမှာ အစီအရင်ရဲ့ အချုပ်ရှိနေတယ်။ ဒီဟာရှိနေသရွေ့ မြွေတွေက သူ့ရဲ့ သြဇာကို နာခံကြရလိမ့်မယ်…”
” ဟား…အတော်ကြောက်ဖို့ကောင်းတဲ့ အစီအရင်ပါလား…”
” အင်း…ဟုတ်တယ်။ ဒါပေမယ့် မေတ္တာဆိုတာ ထားတတ်ရင် ထက်မြက်တယ်။ သစ္စာဆိုတာကလည်း မှန်ကန်ရင် ထူးမြတ်တယ်။ ဒါကြောင့် ဘိုးတို့ ဒီအရေးမှာ မေတ္တာတရားနဲ့ သစ္စာတရားကို အကြောင်းပြုပြီး ရင်ဆိုင်ကြရလိမ့်မယ်။ သူတို့ဘက်ကတော့ ကံကြွေးရှိရင် ရှိသလောက် တန်ပြန်ပေးဆပ်ကြရမှာပေါ့…”
” ဟုတ်ကဲ့ ဘဘ…”
သူတို့ ရှေ့ဆက်တိုးလာကြတယ်။ အနားရောက်လုရောက်ခင်မှာတော့ ထိုင်နေတဲ့ မြွေဆရာတင်အုန်းက မျက်စိအစုံဖွင့်လာခဲ့ပြီး…။
” ဟေ့…ဘယ်သူတွေလဲ။ သေချင်လို့ ဒီနေရာကို ရောက်လာကြတာလား…”
အသံက အောင်မြင်ထည်ဝါလွန်းလှတယ်။ ဒီအသံကြောင့်ပဲညအိပ်နေကြတဲ့ အောင်စိုးတို့လည်း လန့်နိုးလာခဲ့ကြပြီး သူ့ဆရာနံဘေးမှာ ရံထားကြကုန်ရဲ့။
ဦးသိဒ္ဒိက…။
” သေချင်တယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သေတယ်ဆိုတာဟာ ကျွန်ုပ်တို့လို ကောင်းမှုပြုထားသူအဖို့ မွန်မြတ်လွန်းတဲ့ အရာတစ်ခုပါပဲ မောင်ရင်။ အဲ…မောင်ရင်တို့လို မကောင်းမှုပြုထားသူအတွက်ကတော့ အပါယ်လားဖို့ တံခါးဖွင့်လိုက်ခြင်းနဲ့ တူပေလိမ့်မပေါ့…”
ဦးသိဒ္ဒိရဲ့ စကားက တစ်ဖက်က မြွေဆရာတင်အုန်းကို ရှူးရှူးရှားရှားဖြစ်သွားစေတယ်။ ပြီးတော့ ဒေါသတကြီးနဲ့…။
” ဒီလောက်တောင် ကိုယ်ရည်သွေးပြီး သေရွာလားချင်တယ်ဆိုမှတော့ ကျုပ်ကလည်း ပါရမီဖြည့်ပေးရတာပေါ့…”
မြွေဆရာတင်အုန်းက ပြောပြီးတာနဲ့ လေချွန်သံတစ်ချက်ကို ပြုလိုက်တယ်။
” ရွှီ…ရွှီ…ရှီး…”
တွန်သံပေါင်းစုံကိုပြုရင်း အမျိုးပေါင်းများစွာသော မြွေတို့ သစ်ပင်ထက်၊ အမှိုက်သရိုက်တို့နဲ့ မြက်ခင်းတွေအကြားဆီက တိုးထွက်လာကြပြီး ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဆီကို ပြေး၀င်လာကြတယ်။
ဦးသိဒ္ဒိကတော့ မြွေတွေကို ဝေ့၀ိုက်ကြည့်လိုက်ပြီး…။
” မောင်ရင် တတ်နိုင်တာ ဒါပဲလား။ ဟင်း…ဟင်း ကျွန်ုပ် ဘာလုပ်နိုင်လဲဆိုတာကိုလည်း တစ်ချက်ကြည့်လိုက်ပါဦး…”
ဦးသိဒ္ဒိက ပြောပြီးတာနဲ့ ခန္ဓသုတ်တော်ရဲ့ အနှစ်ချုပ်ဖြစ်တဲ့ မြွေမင်းကြီးလေးကို မေတ္တာပို့တဲ့အပိုဒ်ကို ‘သြောင်း’ခံလို့ မန္တရား အဖြစ်ရွတ်ဆိုလိုက်တယ်။
ရုတ်ခြည်းပါပဲ။
မာန်စွယ်ငေါငေါနဲ့ ပြေး၀င်လာကြတဲ့ မြွေတွေအားလုံး မာန်လျော့လို့ နီးစပ်ရာ တောတွေ ခြုံတွေအကြားကို ၀င်ရောက်ပြီး ပျောက်ကွယ်သွားကြလေတယ်။
” ဪ…ခင်ဗျားက နယ်နယ်ရရတော့ မဟုတ်ဘူးဘဲ။ ဟင်း…ဟင်း…ဒါဖြင့်လည်း ကျုပ်ရဲ့ အစွမ်းကို ထပ်ကြည့်လိုက်…”
မြွေဆရာတင်အုန်းက ကြုံးဝါးပြီး သူ့လက်ကို ဦးသိဒ္ဒိတို့ရှိရာဆီ ထိုးညွှန်လိုက်တယ်ဆိုရင်ပဲ သူ့အပေါ်ကို မိုးအုပ်ထားတဲ့ အစီအရင် မြွေမည်းမည်းကြီးက တဟုန်ုထိုး ပြေးထွက်လာတော့တာ။
ဦးသိဒ္ဒိက အပေါ်ကအတိုင်းပဲ ခန္ဓာသုတ်တော်ရဲ့ အနှစ်ချုပ်ကို ‘ဥုံ’ခံလို့ မန္တာန်အဖြစ်ရွတ်ဆိုလိုက်တယ်။ ပြီးတော့ တိုး၀င်လာတဲ့ မြွေမည်းမည်းကြီးကို စူးစိုက်ကြည့်နေလိုက်တယ်။
” ဖုန်း…ဖျစ်…ဖျစ်…ဝုန်း…”
ဦးသိဒ္ဒိနဲ့ လက်တစ်ကမ်းအကွာကို ရောက်တာနဲ့ မြွေမည်းကြီးခမျာ တစ်စစီကို ကြေကွဲပျက်စီးသွားတော့တာ။
” အွတ်…”
မြွေကြီးပျက်စီးပျောက်ကွယ်သွားတာနဲ့ မြွေဆရာတင်အုန်းတစ်ယောက် မချိမဆန့်အော်ပြီး သွေးပွက်ပွက်အန်လို့ လဲပြိုကျသွားခဲ့တယ်။
” ဟာ…ဆ…ဆရာ…”
တပည့်နှစ်ယောက်က အတင်းလှုပ်နှိုးကြပေမယ့်လည်း မြွေဆရာတင်အုန်းတစ်ယောက် သေဆုံးခဲ့ရပြီမို့ ပြန်လည်ပြီး နိုးထမလာနိုင်တော့ပါဘူး။
အဲ့ဒီအခိုက်အတန်မှာပဲ သေဆုံးနေပြီဖြစ်တဲ့ မြွေဆရာတင်အုန်းရဲ့ ၀မ်းဗိုက်နေရာက ဖောင်းကြွလာခဲ့ပြီး ရုတ်တရက် ဖောင်ခးနဲ အော်မြည်ပြီး ပေါက်ထွက်သွားခဲ့တယ်။
ပြီးတော့ အထဲကနေ မြွေတွေတိုးထွက်လာခဲ့ပြီး နံဘေးဆီက အောင်စိုးနဲ့ ငဦးတို့ကို ကိုက်ခဲကုန်ကြတော့တယ်။
” အင်း…ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်၊ ကြမ္မာငင်ရာ လားကြပေတော့ ငမိုက်သားတို့…”
ဦးသိဒ္ဒိက ခပ်ညည်းရေရွတ်တယ်။ နောက်တော့ ဒိုးညီနောင်တို့ကို ခေါ်ပြီး ခြေလှမ်းတွေက နေရာကနေ ဝေးရာဆီကို တရွေ့ရွေ့နဲ့…။
*******
နောက်တစ်နေ့ မနက်ရောက်ချိန်…။
ပိတောက်ကုန်းရွာသားတို့ ရွာအပြင်တောစပ်ဆီမှာ အောက်လမ်းဆရာနဲ့ သူ့တပည်တွေလို့ ယူဆရတဲ့ လူစိမ်းသုံးယောက်ကို ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြတာကို တွေးကြရတယ်။
တွေ့တွေ့ချင်း တချို့ဆို ဒေါသမထိန်းနိုင်ကြဘဲ အလောင်းတွေကို ပြေးလို့ ကန်ကျောက်နင်းချေကြသေးတာ။
အဲ့ဒီ့အချိန်မှာ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ ဟိမ၀န္တာဆီကို ဥိးတည်လှမ်းလျှောက်ကြရင်းဖြင့်…။
ဒီအဖြစ်အပျက်တွေ ပြီးခဲ့ပြီးနောက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ ကျောက်တော်ဆိုတဲ့ ရွာဆီကို ရောက်ခဲ့ကြပြီး အဲ့ဒီရွာမှာ ကြုံကြိုက်နေကြရတဲ့ ထူးဆန်းအံ့သြဖွယ်ကောင်းလွန်းလှတဲ့ အခက်အခဲတစ် ်ခုကို ဖြေရှင်းပေးဖို့ ကြုံလာခဲ့ပါတယ်။
ဒီအကြောင်းကိုတော့ ” တမ္ပဒီပမြို့ဟောင်းက အကျဉ်းသားများ” ဆိုတဲ့ စာမူမှာဆက်လက်ဖတ်ရှုပေးကြပါရန်…။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)