” အဲ…ဟုတ်…ဟုတ် မရိုစီ…”
” ဟင်းရနံ့က သိပ်ကို မွှေးတယ်လို့ ရိုစီပြောနေတာ…”
” ဪ…အင်း ဟုတ် ဟုတ်တယ် မရိုစီ…”
မောင်ထွေးရဲ့ စကားတွေက အယောင်ယောင်အမှားမှားနဲ့။
” အကို့နာမည်က ဘယ်သူလဲဟင်…”
” ကျုပ်နာမည် မောင် မောင်ထွေးပါ…”
” မောင်ထွေး…နာမည်က သဘောစရာကောင်းတာပဲ။ ရိုစီ့နာမည်ကိုတော့ အကိုသိပြီးသားမို့ မိတ်မဆက်တော့ဘူးနော်။ ဪ…ဒါနဲ့ ရိုစီ အကိုချက်နေတဲ့ ဟင်းကို မြည်းကြည့်ချင်တယ် ကျက်ပြီမလား။ မြည်းလို့ ရမလား အကို…”
” ဪ…ဟုတ်ဟုတ် ရပါတယ် ရိုစီ…”
မောင်ထွေး ရင်ခုန်သံတွေ သိပ်ကို မြန်လွန်းနေရတယ်။ ဟင်းအိုးထဲက အကောင်းဆုံးဖြစ်နိုင်မယ့် ဟင်းတစ်တုံးကို ဆယ်ယူပြီးတော့ ရိုစီ့ကို ပေးမြည်းလိုက်တယ်။
ပူနေတဲ့ ဟင်းတုံးကို ရိုစီက ထိကနန်း၊ တို့ကနန်းမြည်းနေတော့ မောင်ထွေးခမျာ ကြည့်ပြီး ကြည်နူးနေမိသေးတာ။
” အမလေး…ကောင်းလိုက်တာနော် ဟီး…ဟီး…”
ရိုစီက ယုန်သားကို ဝါးနေရင်း ပြုံးပြီးပြောလာတော့ မောင်ထွေးတို့ ကြည့်နေရင်း သူ့ကိုယ်သူ နတ်ပြည်ရောက်သွားပြီလို့တောင် ထင်နေမိတာ။
ရိုစီ့ဆီက သင်းပျံ့တဲ့ ကိုယ်သင်းရနံ့ကိုလည်း မောင်ထွေး တစ်ဝရှိုက်ရှူရင်း လောကကြီးကို တဒင်္ဂမေ့သွားမိတယ်။
” အကို…ဟေ့ အကို…”
” ဪ…မ မ ရိုစီ…”
” ဟင်းအိုးက ရေခမ်းနေပြီလားလို့…”
ရိုစီ ပြောမှ ကြည့်မိတော့ ဟင်းအိုးက ဖျစ်ဖျစ်မြည်နေပြီ။ မောင်ထွေးလည်း ရှက်စိတ်အချို့ ရောပြွန်းပြီး ချက်ချင်းပြာယာခတ်သွားရကာ ဟင်းအိုးဆီကို ရေတွေ လောင်းချလိုက်တယ်။
” ရှဲ…” ခနဲ အသံထွက်လာတော့ လန့်သွားမိသေးတာ။ ဒါကိုကြည့်ပြီး ရိုစီက ရယ်တယ်။ ရိုစီရယ်တော့ မောင်ထွေးလည်း ရှက်ကိုးရှက်းကန်းနဲ့ လိုက်ရယ်မိတယ်။ အဲ့ဒီ့အချိန် ရိုစီက တစ်စုံတစ်ခုကို တွေးမိသွားဟန်နဲ့…။
” ဪ…အကို။ ဒါနဲ့လေ…ဟို…ညနေတုန်းက အကိုထွန်းနဲ့ စမ်းချောင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စ။ အဲ့ဒါအတွက် အကို့ကို ရိုစီတောင်းပန်ပါတယ်နော်…”
” အကိုထွန်းဆိုတာက…”
” အကိုနွားကြီးကို ပြောတာလေ။ သူ့ရဲ့ နဂိုနာမည်က ထွန်းအောင်တဲ့။ လူက အကြီးကြီးမို့ နွားကြီးလို့ နာမည်ပေးထားကြတာ…”
” ဪ…”
” အကိုထွန်းက ရိုစီအမေဘက်က ဆွေမျိုးနီးစပ်တော်တယ်။ သူက ရိုစီ့ကို သိပ်ချစ်တာ။ ရိုစီ့အတွက်နဲ့ ရန်မကြာခဏဖြစ်သတ်တတ်တယ်။ ဒါပေမယ့် ညနေတုန်းကတော့ အကိုထွန်း သိပ်ကို တရားလွန်တယ်။ ဒါကြောင့် အကို့ကို ရိုစီက ကြားကနေ တောင်းပန်တာ…”
” ဪ…မရိုစီရယ်။ ဒါများဗျာ တောင်းပန်နေရသေးတယ်လို့။ မလိုအပ်ပါဘူးဗျ…”
” အဲ့ဒီ့လိုတော့လည်း ဘယ်ဟုတ်မလဲ။ ဒီလိုတောကြီးမျက်မည်းဆိုတာ ဒယ်ဒီကလွဲပြီး ရိုစီတို့က တစ်ခါမှ ရောက်ဖူးကြတာမဟုတ်ဘူး။ အစိမ်းသက်သက်နေရာကြီး။ အကိုတို့ စောင့်ရှောက်ပေးမှသာ ရိုစီတို့အတွက် အန္တရာယ်ကင်းမှာ မဟုတ်လား…”
” ဒါတော့ ဒါပေါ့ မရိုစီရယ်…”
” မရိုစီလို့ မခေါ်ပါနဲ့ အကိုရယ်။ ရိုစီက အကို့ထက် အသက်ငယ်မယ်ထင်ပါတယ်။ဒါကြောင့် ရိုစီလို့ပဲ ခေါ်ပါ…”
” ဟုတ်ကဲ့ ရိုစီ…”
” ဒါနဲ့လေ အကို။ ရိုစီတစ်ခုလောက် မေးလို့ ရဦးမလား…”
” ရတယ် မေးပါ။ ကျွန်တော်ဖြေပါ့မယ်ဗျ…”
” ဘာရယ်တော့ မဟုတ်ပါဘူး။ ညနေတုန်းက အကိုတို့ ရန်ဖြစ်တာကို ကြည့်ပြီး ရိုစီ သိပ်ကို အံ့သြသွားမိတယ်။ အကိုထွန်းကလေ သတ္တိကြောင်တတ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ညနေတုန်းကတော့ အကို့ကို ကြည့်ပြီး သူ့ခမျာ သိပ်ကို သွေးပျက်ထိတ်လန့်သွားတယ်။ ရိုစီလေ အဲ့ဒါကို နားမလည်နိုင်ဘူး။ အံ့သြနေမိတယ်။ ဘာကြောင့်အဲ့ဒီ့လို ဖြစ်သွားရတာလဲလို့ ရိုစီသိချင်နေမိတယ် အကို…”
ရိုစီ့စကားအဆုံး မောင်ထွေး မျက်စိမျက်နှာ ပျက်သွားတယ်။
ညနေတုန်းက အဖြစ်အပျက်မှာ နွားကြီးက သူ့ကို လက်နဲ့ရွယ်တဲ့အချိန် သူက နွားကြီးရဲ့ စိတ်ကို ချုပ်နှောင်လိုက်တာ။ ပြီးတော့ နှလုံးဆီကို လှမ်းညှစ်ပြီး သူ့အသွင်ကိုလည်း မြင်စေလိုက်တာ။
တကယ်လို့ မုဆိုးကြီးသာ ရောက်မလာရင် သူ နွားကြီးကို အသက်သေတဲ့အထိတောင် လုပ်မိမယ်ထင်ရဲ့။
ဒါကြောင့် နွားကြီးက သတိဝင်ဝင်ချင်း သူ့သဏ္ဍာန်ကို မြင်ထားတာမို့ သွေးပျက်ပြီး ထွက်ပြေးသွားတာ။
” အကို…ရိုစီ မေးနေတယ်လေ…”
” ဪ…အင်း ရို…စီ…”
မောင်ထွေး အလိုက်အထိုက်လုပ်ရင်း ဘယ်လိုဖြေရမယ်ဆိုတာကို စဉ်းစားပေမယ့် အဖြေက မရဘူး။ ရိုစီကိုလည်း သူ မလိမ်လိုဘူးလေ။
” အကို…မဖြေဘူးလား…”
ရိုစီက နှုတ်ခမ်းစူပြီး ပြောလာတယ်။ ဒီအချိန်မှာ မောင်ထွေးအတွက် ကယ်တင်သူက ရှိလာတယ်။ အခြားသူမဟုတ်ဘူး နွားကြီးရယ်လေ။
မှောင်ရီပျိုးနေပြီဖြစ်တဲ့ တောစပ်ဆီကနေ အိပ်မက်ယောင်သူတစ်ယောက်လို နွားကြီးတစ်ယောက် တောင့်တောင့်ကြီးနဲ့ လှမ်းလျှောက်လာတာ။
” အကို အကိုထွန်း…”
ရိုစီတစ်ယောက် မောင်ထွေးကို မေ့သွားတယ်။ ထိုင်ရာက ထပြီး မောင်ထွန်းဆီကို ပြေးရင်းနဲ့ သူ့အဖေဆီကိုလည်း
” ဒယ်ဒီရေ…ဒီမှာ အကိုထွန်းပြန်လာပြီ…” ရယ်လို့ အော်သွားသေးတာ။
စခန်းတစ်ခုလုံး နွားကြီးကို ဝိုင်းကြည့်ကြတယ်။ လမ်းလျှောက်လာပုံကြောင့်လည်း အံ့သြမိနေကြတယ်။ ရိုစီက နွားကြီးအနားကို ရောက်လုချိန်ကျ မုဆိုးကြီးက ကြားဝင်လာပြီး…။
” ကလေးမ…သူ့အသားကို မထိပါနဲ့…”
ရိုစီ အရှိန်တန့်သွားတယ်။
ပြီးတော့ မုဆိုးကြီးဆီကို အံ့သြနေတဲ့အသွင်နဲ့ လှမ်းကြည့်တယ်။
မုဆိုးကြီးကတော့ ဘယ်သူ့ကိုမှ ဂရုစိက်မြနေဘူး။ နွားကြီးကို စူးစိုက်ကြည့်လိုက့်ပီး…
” ကဲ…မိတ်ဆွေကြီး။ သူ့ကို ပြန်လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်။ တစ်လက်စထဲနဲ့ သူ့ကို အိပ်ရာမှာ သိပ်ခဲ့ပေးပါ…”
နွားကြီးဆီက တုန့်ပြန်စကား ထွက်မလာဘူး။ ဒါပေမယ့် မုဆိုးကြီး ညွှန်ပြရာအိပ်ရာနေရာဆီကိုတော့ တစ်ခါထဲ လှမ်းတက်သွားပြီး လှဲလျောင်းအိပ်စက်လိုက်တယ်။ ဘာကြောင့်ရယ်တော့ သေချာမသိပါဘူး။ လှဲပြီးတာနဲ့ နွားကြီးဆီက ချက်ချင်းကိုပဲ အိပ်မောကျသံထွက်လာတော့တယ်။
အဲ့ဒီ့နောက်မှာတော့ အားလုံး ထမင်းစားကြတယ်။
ဝန်ထောက်မင်းတို့ဆီက ဆီသွတ်ရိက္ခာတွေပါပေမယ့် ထမင်းဝိုင်းအလယ်မှာ စားအကောင်းဆုံးက မောင်ထွေးချက်တဲ့ ယုန်သားဟင်းပဲ။
ငရုတ်သီးက စပ်ရှားရှားလေးနဲ့ တောစပ်ဆီက ရတဲ့ ပျဉ်းတော်သိမ်အရွက်လေးဖုံးချက်ထားတော့ စားရသူတို့မှာ ခံတွင်းပိုလိုက်ကြတယ်။
စားရင်းသောက်ရင်းနဲ့ မောင်ထွေးရဲ့ ဟင်းလက်ရာကိုလည်း ချီးကျူးနေကြတာဆိုတာ ဝက်ဝက်ကို ကွဲပေါ့။
xxxxxxx
” ဝေါ…ဝေါ…ဝေါ…”
အားလုံး အိပ်မောကျနေတဲ့အချိန် အထက်ဘက်ဆီက တော်လှဲသံကြီး ထွက်ပေါ်လာတာမို့ အားလုံး လန့်ဖျပ်ပြီး နိုးလာကြတယ်။
အသံကြီးက အတော့်ကို ကျယ်လောင်လွန်းလှတာ။
” တောင်ကျချောင်း ရေကျတာ။ ဘာမှစိတ်မပူကြနဲ့ အန္တရာယ်မရှိပါဘူး…”
မအိပ်စက်ဘဲ တဲရဲ့တိုင်ကို မှီထိုင်နေတဲ့ မုဆိုးကြီးက ပြောတာ။
သူတို့ရှိနေတဲ့ နေရာမှာက မိုးရိပ်မိုးယောင်တောင် မပြတော့ ကျန်တဲ့သူတွေက ဟုတ်နိုးနိုး၊ မဟုတ်နိုးနိုးနဲ့။
” ဖြစ်နိုင်ပါ့မလား မုဆိုးကြီးရယ်။ ရေလျှံရအောင် မိုးရွာဖို့ နေနေသာသာ၊ မိုးရိပ်မိုးယောင်တောင် မရှိဘူးမှတ်လား…”
ညနေစောင်းက နွားကြီးပြန်လာချိန် ခပ်မာမာအပြောခံခဲ့ရတာကို မကျေနပ်တဲ့ ရိုစီက ခနဲ့ပြီး မေးတာ။
” တောင်ကျရေဆိုတာ ဒီနေရာမှာရွာ၊ ဒီနေရာမှာ ရေကြီးတတ်တဲ့ အမျိုးမဟုတ်ဘူး ကလေးမရဲ့။ ဟိုးအထက်မှာ ရွာတဲ့မိုးကြောင့် ရေလုံးက ချောင်းတစ်လျှောက် အောက်ကို အရှိန်နဲ့ ကျဆင်းလာတာ။ ဒီရေလုံးနဲ့သာ တိုးမိရင် ဆင်လိုသတ္တဝါတောင် မလွတ်နိုင်ဘူး။ သိပ်ကို အန္တရာယ်များတယ်။ ဒါကို ကလေးမတို့ မြို့မှာနေတဲ့သူတွေက အယောက်တိုင်းမသိနိုင်ပေမယ့် ငါတို့လို ကျေးလက်က လူတွေကတော့ ကလေးက အစ သိကြတယ်…”
မုဆိုးကြီးစကားကို မချေပနိုင်တာမို့ ရိုစီ နှုတ်ဆိတ်သွားတယ်။ ဒီအခါမှာ တဲအောက်မှာ အိပ်တဲ့ မောင်ထွေးက…
” ဟုတ်တယ် ရိုစီ။ ဒါကို အကိုတို့လို ရိုးမကို အခြေပြုပြီးနေကြတဲ့သူတိုင်း သိထားကြတယ်။ ဒါပေမယ့် မုဆိုးကြီးလိုမျိုး ကြိုသိနိုင်ဖို့ကကျတော့ မဖြစ်နိုင်ဘူးလေ။ ဒါအတွက်ကြောင့် ညနေတုန်းက ခရီးကို ရှေ့မဆက်ဘဲ ဒီမှာပဲ အထိုင်ချမယ်လို့ မုဆိုးကြီးက ပြောခဲ့တာ…”
” ဟင်…အဲ့ဒီ့လိုလား။ ဒါဖြင့်လည်း အဲ့တုန်းကတည်းက ပွင့်ပွင့်လင်းလင်းပြောပြပေါ့။ ဘာလို့ မပြောပြခဲ့တာလဲ…”
” ဪ…ဖြစ်မလာသေးခင်မှာ ပြောရင် ယုံသူရော မယုံသူရော ရောပြွန်းပြီး စိတ်ဝမ်းကွဲနိုင်တာကြောင့်ပေါ့…”
မောင်ထွေးနဲ့ ရိုစီတို့ စကားပြောနေကြတာကို မုဆိုးကြီးရော ဝန်ထောက်မင်းပါ တစ်ခွန်းမှ ဝင်မပြောကြဘူး။
အသံက သူတို့ရှိရာဆီကို တဖြည်းဖြည်းနဲ့ နီးကပ်ခဲ့တယ်။ အနားရောက်လုရောက်ခင်မှာတော့ အသံက ညနေက ရေချိုးဆင်းတဲ့ လျှိုထဲဆီကနေ ဖြတ်သန်းသွားလေတယ်။
ဒီတော့မှပဲ အားလုံးက သက်ပြင်းချနိုင်ကြတော့တယ်။
” ကဲ…အားလုံးပဲ အိပ်ကြတော့။ မနက်ကျ တောလည်မယ့်အဖွဲ့ အစောထွက်ကြမယ်…”
အိပ်ရာတွေဆီကို ကိုယ်စီကိုယ်ငှ ပြန်ဝင်ကုန်ကြ၏။ သို့သော် တစ်ခဏ အကြာ၌…
” အမလေး…”
ရိုစီ့ဆီက အော်သံ။
အသံကြားကြားချင်း အိပ်ရာကနေ ဝုန်းခနဲထပြီး ရောက်သွားသူက မောင်ထွေး။
အားလုံးရောက်လာပြီး မီးတွေ ဖွင့်ကြည့်တဲ့အခါမှာတော့ ရိုစီက အလွန်အမင်း ကြောက်လန့်နေပြီး မောင်ထွေးကတော့ ရိုစီ့အိပ်ရာထဲမှာ။ လက်က အိပ်ရာဆီက တစ်စုံတစ်ခုကို ဖိထားတဲ့ပုံပဲ။
” ဟေ့…မောင်ထွေး။ မင်း ဘာလုပ်တာလဲ…”
” မဟုတ်ဘူး။ မောင်ထွေးက ရိုစီ အော်သံကြားမှ ရောက်လာတာ…”
အထင်လွဲတော့မယ့် အခြေအနေကို ဝင်ထိန်းသူက မုဆိုးကြီး။
ပြီးတော့ မုဆိုးကြီးက မောင်ထွေးရှိရာဆီကို သွားလိုက်ပြီး လက်နဲ့ ဖိအုပ်ထားတဲ့ အရာကို ဆွဲထုတ်ယူလိုက်တယ်။
” အိုး…ဂေါ့…”
” ဘုရား…ဘုရား မြွေပဲ…”
မုဆိုးကြီးရဲ့ လက်ထဲမှာ ဦးခေါင်းကို အကိုင်ခံထားရပြီး ကျန်ရစ်တဲ့ ကိုယ်လုံးက လက်ကို ပြန်လည်ရစ်ပတ်ရုန်းကန်နေတဲ့ လက်ကောက်ဝတ်လုံးလောက်ရှိတဲ့ မည်းပြောင်ပြောင် မြွေဟောက်တစ်ကောင်။
” မြွေဟောက်ပဲ…ရေလုံးတိုးလာမှာကို သိလို့ ရှောင်ရှားရင်း ဒီကို ရောက်လာတာ…”
မုဆိုးကြီးက မြွေဟောက်ကောင်ကို တောစပ်ဆီ ယူသွားပြီး ပါးစပ်က တတွတ်တွတ်ပြောပြီး လွှတ်ပေးလိုက်တယ်။
” ရိုစီ ကျေးဇူးတင်ပါတယ် အကိုမောင်ထွေး…”
ရိုစီက ကျေးဇူးတင်စကားပြောတာ။ ဝန်ထောက်မင်းကတော့ မောင်ထွေးကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်နေတယ်။
” အားလုံးပဲ မအိပ်ခင် ကိုယ့်အိပ်ရာကို ပြန်ပြီးစစ်ဆေးကြပါ။ ကဲ…ကဲ…အိပ်ရာဝင်ကြပေတော့…”
မုဆိုးကြီးက ဆော်သြတယ်။
အဲ့ဒီ့နောက်မှာတော့ အားလုံးပဲ ကိုယ့်အိပ်ရာကို ပြန်လည်စစ်ဆေးလိုက်ကြပြီး အိပ်ရာဝင် အိပ်စက်ကြလေတော့တာ။
xxxxxx
မနက်အစောအချိန်…။
နေထွက်လာပြီဆိုပေမယ့် မြူခိုးတို့က တောင်သီလာတို့ဆီမှာ ရစ်ဝဲကပ်ခိုနေတုန်းပဲ။ ကျေးငှက်သာရကာတို့ အော်မြည်သံက တောတစ်ခွင်ကို လွှမ်းထားတယ်။
ဝန်ထောက်မင်းတို့ စခန်းချရာ နေရာဆီမှာ အားလုံး အိပ်ရာက နိုးပြီး ခရီးဆက်ဖို့အတွက် ပြင်ဆငိနေကြတယ်။
မုဆိုးကြီးမုံခေါင်ကလည်း အားလုံးပြီးစီးမယ့်အချိန်ကိုစောင့်ရင်း တူမီးသေနတ်အတွက် ကျည်အသစ်ရိုက်နေတယ်။
” မုဆိုးကြီး…”
ဝန်ထောက်မင်းက အသံပြုပြီး အနားကို ရောက်လာတယ်။
မုဆိုးကြီးက မော်ကြည့်လိုက်တော့…။
” ကျွန်ုပ်တို့ စခန်းကို ဒီနေရာမှာပဲ ပုံသေချထားပြီး ပစ်မယ့်အဖွဲ့ပဲ တောဆီကို ဝင်ကြတာ ပိုကောင်းမယ် ထင်တယ်…”
မုဆိုးကြီးက ကျည်ဆံကို ပြန်ရိုက်နေတယ်။
” ဝန်ထောက်မင်းရဲ့ သဘောပါ။ အဲ့ဒီ့လိုသွားချင်တယ်ဆိုလည်း ရပါတယ်…”
” အင်း ကျွန်ုပ်စိတ်ထင် ဒီတောင်ကြောတွေမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေ ရှိနေမယ်လို့ ထင်မိတယ်။ ဒါကြောင့် လူအများကြီးသွားရင် ပစ္စည်းတွေလည်း များပြီး တောတောင်ထဲမှာ သွားရေးလာရေး နေရေးထိုင်ရေး အားလုံး အခက်တွေ့မယ်လို့ ထင်မိတယ်…”
” မှန်ပါတယ် လူများရင်တော့ နင်ပြောသလိုဖြစ်မှာ အသေအချာပဲ…”
” ဒါကြောင့် စခန်းကို ဒီမှာပဲ အထိုင်ချပြီး ပစ်မယ့်အဖွဲ့က တောကိုဝင်မယ်။ အဲ့ဒီ့လိုဝင်ရာမှာလည်း အဝေးကြီးကို မဝင်လိုဘူး။ သားကောင်ရှိနိုင်မယ့် နီးရာတောကိုပဲ ဝင်တော့မယ်။ ဒါပေမယ့် အဲ့ဒီလိုဆို သားကောင်ကော ရနိုင်ပါ့မလား။ ကျွန်ုပ်ကလည်း တောလိုက်မထွက်ဖြစ်တာ နှစ်အတော်ကြာနေပြီ။ ဒါကြောင့် မုဆိုးကြီးကပဲ အစစအရာရာစီစဉ်ပေးပါ။ တကယ်လို့ လိုအပ်မယ်ဆိုရင်လည်း လမ်းပြကြေး ထပ်ပေးပါမယ်…”
မုဆိုးကြီးက ကျည်ရိုက်နေမှုကို အဆုံးသတ်လိုက်ပြီး သိမ်းဆည်းလိုက်တယ်။
” ဘာမှ စိတ်မပူပါနဲ့။ ငါ နင့်စိတ်တိုင်းကျဖြစ်အောင် အားလုံးအဆင်ပြေအောင် စီမံပေးမှာပေါ့…”
အစီအမံက ပြောင်းသွားတယ်။
ဝန်ထောက်မင်းပြောသလိုပဲ တောပစ်မယ့်အဖွဲ့နဲ့ စခန်းမှာ ကျန်ရစ်မယ့်အဖွဲ့ဆိုပြီး ကွဲသွားတယ်။
အားလုံးပေါင်း ဆယ်ယောက်တိတိရှိတဲ့အထဲက ဝန်ထောက်မင်းတို့အသားအဖရယ် မုဆိုးကြီးရယ် မောင်ထွေးရယ် နောက်ပြီးတော့ သက်တော်စောင့်ဖြစ်တဲ့ နွားကြီးတို့ နှစ်ယောက်ရယ် ဖြစ်သွားတယ်။
ကျန်ရစ်တဲ့သူတွေကတော့ စခန်းဆီမှာ စားရေးသောက်ရေး စီမံပြီး လိုအပ်မှသာ လိုက်လာခဲ့ကြဖို့ မှာခဲ့တယ်။
ဒီလိုနဲ့ပဲ တောဆီကို ဝင်ကြပါပြီ။
စခန်းဆီက ထွက်ပြီး မကြာခင် မုဆိုးကြီးက ခြေလှမ်းတွေကို ရပ်ပြီး ပါးစပ်က တီးတိုးစကားတွေ ပြောလို့ ဟိုဒီလိုက်ကြည့်နေတယ်။
” အရှေ့ဘက်က ကျောက်နီတောင် စားကွင်းမှာ ဆတ်ရှိမယ်။ တောင်ဘက်က ရေနက်ချောင်ဘက်မှာ ဝက်အုပ်တစ်အုပ်ရှိမယ်။ ဘယ်ဟာကို ပစ်ချင်လဲ…”
မုဆိုးကြီးက ဝန်ထောက်မင်းကို မေးတာ။
ဝန်ထောက်မင်းက တစ်ချက်တွေးလိုက်ပြီး…။
” ဥိးလှဖေအိမ်မှာတုန်းကတော့ ဆတ်သားက စားခဲ့ပြီးပြီ။ ဒီတော့ အခုတစ်ခါ ဝက်သွားပစ်ကြမယ်…”
” ကောင်းပြီလေ.. ငါတို့ သွားကြတာပေါ့။ ဒါပေမယ့် တစ်ခုတော့ ငါမှာကြားချင်တယ်။ အဲ့ဒီ့နေရာမှာ မက်မောစရာ ဘာကိုပဲ တွေ့တွေ့ နင်တို့ မထိမကိုင် မယူကြပါနဲ့…”
မုဆိုးကြီးက မှာကြားပြီးတာနဲ့ တောင်ဘက်ဆီကို ဦးတည်လှမ်းထွက်သွားခဲ့တယ်။
အားလုံးပဲ အနေုာက်က လိုက်ကြတာပေါ့။
ခရီးက နည်းနည်းလှမ်းပြီး ဗျိုက်တောနဲ့ ရွက်ကြွေတောအချို့ကို ဖြတ်ခဲ့ကြရတယ်။
နောက်တော့ လမ်းကြောင်းက အောက်ကို နိမ့်ဆင်းသွားပြီး လျိုကြီးတစ်ခုဆီကို ဦစတည်သွားတယ်။
ငှက်ပျောပင်တွေ တစ်ပင်စ နှစ်ပင်စ မြင်လာရချိန်ကျ မုဆိုးကြီးက…။
” ကဲ…အားလုံးပဲ။ အရှေ့မှာ လူးကျင်းရှိတယ်။ လူကို စုမနေကြနဲ့ နှစ်ယောက်စီ တွဲနေကြ။ သေနတ်ပါတဲ့သူနဲ့ မပါတဲ့သူ သုံးယောက်တစ်တွဲစီ တွဲလိုက်ကြတာ ပိုကောင်းမယ်။ ဘာကြောင့်လဲဆိုတော့ လူများများစုနေရင် တောဝက်က ကျည်လာရာကို ကမူးရှုးထိုး ပြေးထိုးတဲ့အခါ ရှောင်ရခက်နေလိမ့်မယ်…”
မုဆိုးကြီးစကားကြောင့် လူသုံးယောက်တစ်တွဲ တွဲလိုက်ကြတယ်။
သေနတ်မပါတဲ့သူက ရိုစီနဲ့ မောင်ထွေးပဲ ရှိတာဆိုတော့ တစ်ဖွဲ့စီ ခွဲထွက်ရတယ်။ မောင်ထွေးက နွားကြီးတို့ဆီ ပါဝင်သွားရပြီး ရိုစီကတော့ သူ့အဖေနဲ့အတူ မုဆိုးကြီးအဖွဲ့မှာ။
မုဆိုးကြီးက သူ့ရဲ့ တူမီးသေနတ်ကို ယမ်းထောင်းကျည်ထည့်ပြီး အသင့်ပြင်လိုက်တယ်။
အဲ့ဒီ့အခိုက် လေသင့်လာတာမို့ ဝက်အုပ်ရဲ့ အုအုအိအိ အသံတွေကို ကြားလိုက်ကြရတယ်။
” ကဲ…အခြေအနေအရတော့ ဘေးကနေ ပန်းပြီး လူးကျင်းကို ဝိုင်းကြမယ်။ီးအချိန်က သူတို့လူးကျင်းဆီ ဆင်းကြတယ်ဆိုပေမယ့် အချို့ကောင်တွေက ငှက်ပျော်ငုတ်တူးစားချင်စားနေကြဦးမှာ။ ဒါကိုတော့ သတိထားကြ။ ပစ်ကွင်းရပြီဆိုရင် လေချွန်သံပြုကြမယ်။ နောက်တစ်ကြိမ်ဆိုရင် ပြိုင်တူပစ်ကြမယ်…”
အဖွဲ့နှစ်ဖွဲ့ ကိုယ်စီကိုယ်ငှ လမ်းကြောင်းအတိုင်း ထွက်ခဲ့ကြတယ်။
ငှက်ပျောတောက ရွက်ခြောက်တွေနဲ့ဆိုတော့ ပစ်ကွင်းကောင်းရဖို့က အတော့်ကို မလွယ်ဘူး။ ဒီလိုပဲ အရှေ့ကို တိုးရာမှာလည်း အသံမထွက်အောင်အပြင် သင်းကွဲနဲ့ မတွေ့အောင် အတော့် ဂရုစိုက်ကြရ ရှောင်ရှားနေကြရတယ်။
သွေးအေးအေးနဲ့ အချိန်အတော် ယူပြီး သွားလိုက်တော့ လူးကျင်းကို တွေ့ရပါပြီ။ ဝက်အုပ်က ဆယ်ကောင်လောက်ရှိတယ်။
ပစ်ကွင်းအတွက်ကို အသံလုံလုံနဲ့ နေရာယူကြပြီးတော့ မုဆိုးကြီးက လေချွန်သံပြုလိုက်တယ်။
တစ်ဖက် နွားကြီးတို့ဆီကလည်း လေချွန်သံ ပြန်လာခဲ့တယ်။
” ကဲ…ဝန်ထောက်မင်း။ ပစ်ကွင်းရပြီဆိုရင် အချက်ပြတော့မယ်…”
မုဆိုးကြီးက နောက်တစ်ကြိမ် ပြုလိုက်ချိန်တယ်။ လေချွန်သံ အဆုံးမှာတော့…။
” ဒိန်း…ဒိန်း…ဒိန်း…”
” ဝု အု အု အီး…”
” အား…”
အဖွဲ့နှစ်ဖွဲ့ဆီက ပစ်ခတ်သံတွေကြောင့် ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတယ်။
ဝက်အုပ်ဆီက အော်သံတွေအပြင် နွားကြီးတို့အဖွဲ့ဆီက လူတစ်ယောက်ရဲ့ အော်သံကိုလည်း စူးခနဲ ကြားလိုက်ရတယ်။
ယမ်းခိုးတွေကြားမှာ ဝက်အုပ်က ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ခေါင်းဆောင်ဝက်ကြီးနဲ့အတူ သုံးလေးကောင် လဲကျနေတယ်။
ကျန်တဲ့ ဝက်အချို့ကတော့ ကမူးရှူးထိုးနဲ့ တစ်ဖက်ကို တက်ပြေးကုန်ကြတယ်။
ဝက်တွေဆီက အန္တရာယ်ကတော့ အေးသွားပြီ။ သို့ပေမယ့် မုဆိုးကြီးအတွက် မအေးသေးတာက လူအော်သံ။
” ဟေး…ဘာဖြစ်တာလဲ…”
နွားကြီးတို့ဆီက တုန့်ပြန်သံ မကြားရ။ မုဆိုးကြီးတို့လည်း တစ်ဖက်တောဆီကို အပြေးအလွှား သွားကြည့်လိုက်ကြတယ်။
” ဟင်…”
သွေးအိုင်ထဲမှာ နွားကြီး သူ့အဖော်တို့ ခွေခွေလေးတွေ လဲနေကြတယ်။
မောင်ထွေးကတော့ ငှက်ပျော်ပင်တွေစုနေတဲ့ အကြားမှာ တွေ့ရတယ်။
” မောင်ထွေး ဘယ်လိုဖြစ်တာလဲ…”
” ဝက်ပတ်တာ…”
” ဟာ…က္စ်…”
မုဆိုးကြီး မကျေမချမ်နဲ့ ညည်းတွားလိုက်တယ်။
ဝန်ထောက်မင်းနဲ့ ရိုစီတို့ကတော့ နွားကြီးတို့နှစ်ယောက်ကိုကြည့်ပြီး သွေးပျက်နေကြတယ်။
ရိုစီဆိုရင် ကြောက်စိတ်ကြောင့် ကြူကြူပါအောင် ငိုလေတာ။
မုဆိုးကြီးမှာတော့ ထင်မှတ်မထားတဲ့အဖြစ်အတွက် စိတ်ထဲ ဒေါသတခဲခဲနဲ့။
xxxxxx
တစ်ပါတ်ခန့်အကြာ…။
နွားကြီးတို့နှစ်ယောက်ကို ရွာဆီမှာပဲ သင်္ဂြိုဟ်ခဲ့ကြပြီး ဝန်ထောက်မင်းတို့လည်း ခရီးစဉ်ကို ဖျက်လို့ မြို့ဆီကို ပြန်ကြတော့မယ်။
ဝန်ထောက်မင်းတို့နဲ့အတူ မောင်ထွေးလည်း ြ ထမင်းချက်အဖြစ်နဲ့ မြို့ကို လိုက်ပါသွားဖို့ အသင့်ဖြစ်နေတယ်။
မောင်ထွေးကို မြို့ကို ခေါ်တာ ရိုစီက ခေါ်တာ။ ဒါကြောင့် ကျေနပ်စိတ်ကဲနေတဲ့ မောင်ထွေးရဲ့ အကြည့်တွေက ရိုစီ့ဆီမှာပဲ ရွှန်းရွှန်းစားစားကို ရှိနေတယ်။
ဦးလှဖေတို့ ဝိုင်းထဲကို မုဆိုးကြီး ဝင်ရောက်လာတယ်။ ဝန်ထောက်မင်းကို နှုတ်ဆက်ပြီးတော့ မုဆိုးကြီးက မောင်ထွေးကို လှမ်းခေါ်လိုက်တယ်။ ပြီးတော့ ဝေးရာဆီကို ခေါ်သွားခဲ့ပြီး…။
” မောင်ထွေး…ဖြစ်စဉ်အမှန်ကို ငါသိလိုတယ်။ နင် ဘာလုပ်ခဲ့တယ်ဆိုတာ ဘာဖြစ်ခဲ့တယ်ဆိုတာ ငါ့ကို ပြောပြပါ…”
မောင်ထွေးတစ်ယောက် မုဆိုးကြီးကို ညာလို့မရဘူးဆိုတာ နားလည်တာကြောင့် အမှန်အတိုင်းပဲ ပြောပြလေတယ်။
xxxxxx
လူစုခွဲပြီးတော့ လမ်းကြောင်းအတိုင်း ဆက်တိုးလာကြရင်း တစ်နေရာကိုရောက်တော့ နွားကြီးတို့နှစ်ယောက်က မောင်ထွေးကို သေနတ်နဲ့ အပြိုင်ချိန်လာကြတယ်။
မောင်ထွေးလည်း ထင်မှတ်မထားခဲ့တာကြောင့် ကြက်သေသေသွားတယ်။
” မကောင်းဆိုးရွား…မင်းဘာကောင်လဲဆိုတာ ငါသိတယ်။ မင်းဘယ်လောက်ကြီးပဲ စွမ်းစွမ်း သေနတ်ကိုတော့ ယှဉ်နိုင်မယ် မထင်ဘူး။ ဟုတ်တယ်မလား ငတိုး …”
” ဟုတ်ပါ့ဗျာ…ဟုတ်ပါ့…”
နွားကြီးတို့နှစ်ယောက် စကားတွေ ပြောနေကြတုန်း မုဆိုးကြီးတို့ဆီက လေချွန်သံကြားရတယ်။
နွားကြီးက ပြုံးဖြီးဖြီးနဲ့ လေချွန်သံ ပြန်ပေးလိုက်တယ်။ အဲ့ဒီ့အချိန်မှာပဲ မောင်ထွေးရဲ့ အမြင်ဆီမှာ မလှမ်းမကမ်းက ဝက်လူးကျင်းကို လှမ်းမြင်လိုက်ရတယ်။
” ပစ်ဖို့ အချက်ပြတာနဲ့ ငါတို့ ဝက်ကို မပစ်ဘဲ သူ့ကို ပစ်မယ်…”
နွားကြီးက သူ့လူကို အချိန်ကိုက်လိုက်တယ်။
အဲ့ဒီ့အချိန်မှာပဲ လေချွန်သံက ထွက်ပေါ်လာတယ်။ မောင်ထွေးလည်း နံဘေးက ငှက်ပျော်အုံကြားကို ဒိုင်ပင်ပစ်ထိုးချလိုက်တယ်။ ပြီးတော့ ဝက်အုပ်ဆီက ဇီဝိန်ကြွေပြီး လွင့်ပျံလာတဲ့ ဝိဉာဉ်ကို ဆွဲဆောင်လှမ်းခေါ်လိုက်မိတော့တာ။
xxxxxx
” အင်း…နင် မမှားပါဘူး အသက်အန္တရာယ်အတွက် လက်တုန့်ပြန်တာပဲ။ ငါ အဲ့ဒီ့တုန်းကတည်းက ထင်မိတယ်။ ဘာလို့လဲဆိုတော့ မြေပြင်မှာ ခြေရာခြေခင်း ဘာမှမရှိတာအပြင် ပစ်တုန်းကလည်း ဝင်တွေ အဲ့ဒီ့ဘက်ကို ပြေးတက်သွားတာကို ငါမမြင်မိလို့…”
မောင်ထွေး မျက်နှာ မကောင်းဖြစ်သွားတယ်။
” ကဲပါ…မအခု နင် မြို့ကို လိုက်သွားရမယ်မလား။ သူတို့ အလုပ်ကို လုပ်မှာဖြစ်တဲ့အတွက် သူတို့အပေါ်မှာ သစ္စာရှိပါ။ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာကိုပဲ နင်မြတ်နိုးပါလို့ ငါ မှာလိုက်ပါရစေ…”
မောင်ထွေးလည်း မုဆိုးကြီးရဲ့ စကားကို ခေါင်းညိတ်နာခံလိုက်တယ်။
” မောင်ထွေးရေ သွားကြမယ်ဟေ့…”
ဦးလှဖေက လှမ်းခေါ်နေပြီ။
” ဆရာ…ကျုပ်သွားတော့မယ်…”
မုဆိုးကြီးက ခေါင်းညိတ်ပြတော့ မောင်ထွေးလည်း ကျောခိုင်းထွက်သွားခဲ့ပါပြီ။
xxxxxx
တမြေ့မြေ့နဲ့ ဝေးဝေးသွားတဲ့ ဝန်ထောက်မင်းတို့အဖွဲ့ကို ကြည့်ပြီး မုဆိုးကြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။
” မောင်ထွေး…နင် အစစအရာရာ အဆင်ပြေပါစေ…”
နှုတ်ဆက်စကားမဆန်တဲ့ တီးတိုးစကား။
ဝန်ထောက်မင်းတို့အဖွဲ့ကတော့ တရွေ့ရွေ့နဲ့ သရမီရွာဆီကနေ ဝေးလို့ ဝေးလို့…။
ပြီးပါပြီ။