ဟိမဝန္တာကလာတဲ့ ကလေးနှစ်ယောက်

ပြောတာက တစ်ခုဆိုပေမယ့် ကိုဘတင့်က မမယ်ဆုံ လက်ထဲက နီနောက်နောက်အခဲလေးနှစ်ခုစလုံးကို လှမ်းယူလိုက်ပြီး ခေါင်းအုံးတစ်ခုစီမှာ လိုက်ထည့်လိုက်တယ်။
နောက်တစ်နေ့မှာတော့ အဆောင်ခဲလေးတွေကို ကိုဘတင့်ရဲ့ စီစဉ်မှုနဲ့ပဲ သင်္ကန်းစဆီမှာ ကျစ်လို့ လင်မယားနှစ်ယောက်စလုံး တစ်ခုစီ ကိုယ်နဲ့မကွာ ဆောင်ထားလိုက်ကြတော့တာ။
* * * * * *
မမယ်ဆုံရဲ့ကိုယ်ဝန်က နေ့စေ့လစေ့ကာလကို ရောက်ရှိလာခဲ့တယ်။
မွေးဖို့ နီးလာတော့ တတ်သိနားလည်သူတို့ရဲ့ ပြောစကားအရ မွေးဖွားရာမှာ လွယ်ကူစေဖို့ လမ်းများများ လျှောက်ရတယ်ဆိုတဲ့အတွက် ညနေဘက်တိုင်းမှာ မမယ်ဆုံတစ်ယောက် လမ်းလျှောက်ဖြစ်နေရဲ့။
တစ်ညနေမှာတော့ ကိုဘတင့်ရွာထဲခဏသွားချိန် ခြံဝန်းထဲမှာ မမယ်ဆုံ တစ်ယောက်ထဲ လမ်းလျှောက်နေတုန်း…။
” မယ်ဆုံ…”
ခြံဝဆီက ခေါ်သံကြောင့် ကြည့်မိတော့ မမယ်ဆုံ တစ်ခါမှ မမြင်ဖူးတဲ့ ဆံပင်ဖွားလျားချထားတဲ့ အသက်ကြီးကြီး မိန်းမကြီးတစ်ယောက်။
” ငါ နင့်ကို ပြောစရာရှိတယ်…”
မိန်းမကြီးက ပြောပြီးတာနဲ့ ရဲရဲတင်းတင်းပဲ ခြံထဲဝင်လာခဲ့တာ။ မမယ်ဆုံကတော့ မိန်းမကြီးကို ကြည့်ရင်း စိတ်ထဲမှာ သရိုးသရီနဲ့။
” ဒီက အဒေါ်က ဘယ်သူလဲ…”
အနားမရောက်ခင် မမယ်ဆုံမေးမိတော့ မိန်းမကြီးရဲ့ ခြေလှမ်းတွေက ရပ်တန့်သွားပြီး…။
” ငါနာမည်က စိန်မြ။ အခု နင့်ဗိုက်ထဲက ကလေးတွေက နင်တို့ကို ခိုက်မှာမို့လို့ ဖျက်စီးပစ်ဖို့ ငါလာပြောတာ…”
” ဟင်…”
ရုတ်တရက်တော့ မမယ်ဆုံ ကြောင်အမ်းသွားမိတယ်။ ပြီးကာမှ စိတ်ထဲမှာ ဒါက အဘိုးပြောတဲ့ အနှောက်အယှက်ပဲဖြစ်မယ်လို့ တွေးမိလိုက်ပြီး တုန်လှုပ်သွားမိတာမို့ လက်က အားကိုးတကြီးနဲ့ လည်ပင်းဆီက ဆွဲထားတဲ့ အဆောင်ကြိုးလေးကို ထိကိုင်လိုက်မိပြီး…။
” အဒေါ့်ကို ကျုပ် မသိဘူး။ ကျုပ် ဗိုက်ထဲက ကလေးတွေကည်း အဒေါ်ပြောသလို ကျုပ်တို့ကို ခိုက်စရာအကြောင်းမရှိဘူး…”
မမယ်ဆုံရဲ့ ခပ်မာမာပဲ ပြောလိုက်တဲ့စကားအဆုံး မိန်းမကြီးရဲ့ မျက်နှာက နဂိုထက်ကို နှစ်ဆ’လောက်ခက်ထန်သွားရပြီး…။
” ဪ…ဒါဆို နင်က ဖျက်စီးဖို့ မလုပ်ဘူးပေါ့…”
” ဟုတ်တယ်…အဒေါ့်စကားတစ်ခွန်းနဲ့ ကျုပ်ကလေးတွေကို ဖျက်စီးရမယ်ဆိုတာ ဖြစ်ကို မဖြစ်နိုင်တာ…”
” ဟဲ့…ဒီမှာ ငါ့နာမည်က စိန်မြဟဲ့ စိန်မြ။ နင် မသေမချင်းမှတ်ထားစမ်း။ နင့်ကလေးတွေကို နင်မဖျက်ရင် ငါကိုယ်တိုင်ဖျက်ပြမယ်…”
မိန်းမကြီးက ပြောပြီး လက်ကြီးနှစ်ဖက်ဆန့်တန်းရင်း တိုးဝင်လာတော့ မမယ်ဆုံ ကြောက်ကြောက်လန့်လန့်နဲ့ အနောက်ကို ဆုတ်တိုးမိတော့တာ။ ဒါပေမယ့်လည်း ကိုယ်ဝန်ကြီးနဲ့ဆိုတော့ မလွယ်ကူလှဘူးလေ။
” ဟား…ဟား…ဟား…နင်ကော နင့်ကလေးတွေပါ သေပေတော့…”
မိန်းမကြီးက ဝမ်းသာအားရနဲ့ ပြောပြီး သူ့လက်ကြီးနှစ်ဖက်နဲ့ မမယ်ဆုံရဲ့ လည်ပင်းကို လှမ်းညှစ်လိုက်တယ်။
မမယ်ဆုံလည်း မရှောင်သာတော့တာမို့ ကြောက်အားလန့်အားနဲ့ မျက်စိကို စုံမှိတ်လိုက်ချိန်…။
” ဝုန်း…”
” အား…”
လွင့်စင်ထွက်သွားတဲ့အသံနဲ့ အော်သံနက်ကြီးက ရှေ့ဆင့်နောက်ဆင့်။
မမယ်ဆုံ မျက်စိကို ဖွင့်ကြည့်လိုက်တော့ အခုနက မိန်းမကြီးကို မတွေ့ရတော့ဘူး။ ခြံဝန်းထဲမှာ သူတစ်ယောက်ထဲ ထီးထီးကြီးရပ်လို့။
ဒီအကြောင်းကို ကိုဘတင့်ပြန်လာလို့ မယ်ဆုံက ပြောပြတော့ ပထမတော့ ယုံရခက်ခက်။
နောက်တော့မှ မယ်ဆုံလည်ပင်းက လက်ရာကြီးနဲ့ သူတို့ဖြစ်ခဲ့တဲ့ နေရာက မီးကျွမ်းထားသလိုဖြစ်နေတဲ့ မိန်းမကြီးရဲ့ ဆံချည်ထွေးတွေကို တွေ့ပါမှ ယုံမိရတော့တယ်။
ဒီနောက်ပိုင်းမှာတော့ ကိုဘတင့်ဟာ မမယ်ဆုံကို စိတ်မချတာမို့ မီးဖွားတဲ့အချိန်အထိ အနားက လုံးဝမခွာဘဲ စောင့်ရှောက်ပေးနေတော့တာ။
ဒီကနေ တစ်ပါတ်ကြာမှာတော့…။
* * * * * *
ညဆယ့်နှစ်နာရီအချိန်။
” အူဝဲ…အူဝဲ….”
အခန်းထဲက ကလေးငိုသံနှစ်ခုက အပြိုင်အဆိုင်ထွက်ပေါ်နေတယ်။
ကိုဘတင့်ကတော့ အိမ်ရှေ့ဆီမှာ ဂနာမငြိမ် ဟိုလျှောက်၊ ဒီလျှောက်ရင်း ရှိနေရာက…။
” အရီးလေး…ကလေးတွေကတော့ ယောက်ျားလေးမွေးပြီး အဆင်ပြေပြီဆိုတာကို ကျုပ်သိရပြီ။ ကျန်တဲ့ ကျုပ်မိန်းမကော ဘယ်လိုနေသေးလဲဗျ…”
အထဲက တုန့်ပြန်သံက ထွက်မလာ။ ရုတ်တရက် ကလေးငိုသံတွေက တိတ်သွားတယ်။ အခြေအနေကြောင့် ကိုဘတင့်စိတ်ထဲ ထင့်ခနဲပဲ။
” အရီးလေး…အရီးလေး…”
ကိုဘတင့် ထပ်ခေါ်ကြည့်ပေမယ့် အသံက ထွက်မလာတော့ စိတ်ကထိန်းမရတော့ပြီ။ ချက်ချင်း အပြေးတစ်ပိုင်းနဲ့ အခန်းထဲဆီကို တိုးတိုက်ဝင်လိုက်တော့…။
” ဟဲ့…ပလုတ်တုပ်…”
” ဟင်…”
အခန်းထဲက မြင်ရတဲ့ မြင်ကွင်းက ကိုဘတင့်ထင်သလိုမဟုတ်၊ လုံး၀ ဆန့်ကျင်ဘက်။
မယ်ဆုံက ကလေးနှစ်ယောက်ကို တစ်ဖက်တစ်ချက်ထားပြီး နို့တိုက်ဖို့ကြိုးစားနေတာကို အရီးဖွားတုတ်က ကူညီပေးနေတာ။ ကိုဘတင့်ရဲ့ မျက်နှာ ပြုံးသွားရတယ်။
“ဘတင့်ရယ် နင်ကလည်း အသံမပေး ဘာမပေးနဲ့။ ငါရော မယ်ဆုံပါလန့်သွားရတာပဲအေ…”
အရီးဖွားတုတ်က သူ့ထုံးစံအတိုင်း ဗျစ်စိဗျစ်စိပြောတော့ ကိုဘတင့်တို့ မချိသွားဖြဲလုပ်မိရင်း…။
” ကျုပ်က…အရီးကို ခေါ်နေတာ။ အရီးက ဘာမှပြန်မပြောလာတော့ ကျုပ်စိတ်ပူပြီး…အဟီး…”
” ကဲ…ကဲ…ခုမှတော့ ပူမနေနဲ့တော့။ မင့်ကလေးတွေကော မင့်မိန်းမပါ ကျန်းမာတာမှ ဒေါင်ဒေါင်မြည်လို့…”
” ဒါဖြင့်…ကျုပ်…ဟို…အပြင်ကို…”
ကိုဘတင့်က အထစ်ထစ်၊ အငေါ့ငေါ့ပြောပြီး အခန်းပြင်ကို ပြန်ထွက်ဖို့ လုပ်နေလိုက်တာ။
” အခုမှတော့ လုပ်မနေပါနဲ့တော့အေ။ ယောက်ျားသား မီးနေခန်းမဝင်ရဘူးဆိုပေမယ့် မင့်က အထဲတောင်ရောက်ပြီးနေမှပဲ။ ဘာမှမထူးတော့ဘူး သွား…ကိုယ့်ကလေးတွေနဲ့ မိန်းမကို အားသွားပေးချေဦး။ ကျုပ် အပြင်ဘက်ထွက်ပြီး ရေနွေးလေးဘာလေးသောက်လိုက်ဦးမယ်…”
” အဟီး…”
ကိုဘတင့် မျက်နှာမထားတတ်ဘဲ စပ်တိစပ်ဖြဲ ဖြစ်နေရတယ်။ အရီးဖွားတုတ် အခန်းပြင်ကို ထွက်သွားတော့ မယ်ဆုံတို့သာအမိအနားကို အသာကပ်မိလိုက်ပြီး…။
” မယ်…မယ်ဆုံ အဆင်ပြေရဲ့လား။ ကလေးတွေကော ဘယ်လိုနေလဲ…”
မယ်ဆုံက ပင်ပန်း နွမ်းလှနေတဲ့ကြားက ကိုဘတင့်ကို ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို စူလိုက်ကာ…။
” ကျုပ် ဘယ်အဆင်ပြေမလဲတော်။ နှစ်ယောက်ကြီးတောင် မွေးရတာ ကျုပ်ဖြင့် နာလိုက်တာမှ တအား…”
ကိုဘတင့် မယ်ဆုံကို အားနာမိသလို၊ သနားမိသွားသလို ခံစားလိုက်ရပြီး ရုတ်တရက်ဘာပြန်ပြောရမယ်မသိဘူးဖြစ်သွားရတယ်။ ဒါပေမယ့် နှုတ်ခမ်းစူနေတဲ့ မယ်ဆုံက ကလေးတွေကို ကြည့်လိုက်တော့ ချက်ချင်း ပြုံးသွားပြီး…။
” ကျုပ် သားတွေကတော့ ဒီမယ်ကြည့်လေ။ ပြေလိုက်သမှ ပြေပြေပြေတောင်နေသေး။ ဒီမယ်ကြည့် အကြီးလေူကဆို အိပ်တောင်ပျော်နေပြီ…”
ညာဘက်က အိပ်ပျော်နေတဲ့ ကလေးကို မယ်ဆုံက အကြီးလေးလို့ ပြောတော့ ဘယ်ဘက်က ကလေးက အငယ်ဆိုတာ အလိုလိုနေရင်း ကိုဘတင့်သိသွားရတယ်။
အကြီးလေးက အိပ်သွားပေမယ့် အငယ်လေးကတော့ မျက်လုံးကို ပြူးနေအောင်ဖွင့်ပြီး သူ့အမေနို့ကို သဲသဲမဲမဲစို့နေဆဲ။
” တောက်…ငါ့သားတွေများ ချောလိုက်တာကွာ…”
သားနှစ်ယောက်ကို တစိမ့်စိမ့်စိုက်ကြည့်ရင်း ကိုဘတင့် ရေရွတ်မိတာ။ ဒါကို မမယ်ဆုံက မျက်စောင်းတစ်ချက် အသာအယာ လှမ်းခဲလိုက်ပြီးတော့…။
” ချောမှာပေါ့တော်…ကျုပ်သားတွေက သူတော်စင်တွေနေတဲ့ ဟိမဝန္တာက လာတာကိုးတော့…”
စကားအဆုံးမှာတော့ မယ်ဆုံကော ကိုဘတင့်ပါ ပြိုင်တူပြုံးမိလိုက်တော့တယ်။
ဆက်ရန်။
နောင်ရိုး( ဆေးတပ်)