မီးလောင်ကုန်းကို ရွာထဲက မဖြတ်တော့ဘူးလို့
ကျုပ်စိတ်ကူးလိုက်တယ်။ ရွာပြင်လမ်းကပဲ
ထနောင်းကုန်းကို သွားမယ်။ရွာထဲဝင်ရင်
ဟိုလူက ဆွဲထား၊ ဒီလူက ဆွဲထားနဲ့
ကျုပ် ဒီည ရွာပြန်ရောက်မှာ မဟုတ်ဘူးဗျ။
ဒါနဲ့ပဲ ကျုပ် မီးလောင်ကုန်း ရွာပြင်က လမ်းကပဲ
လာခဲ့တယ်။ ဒါကတော့ တောအုပ်ကလေးဘေးက
ဖြတ်ရတာပေါ့ဗျာ။ ဒီနေရာတွေက တာတေငယ်ငယ်
ကလေးတည်းက နေ့ရောညရော သွားနေကျ
နေရာတွေပါဗျာ။ တောအုပ်ကလေး ကျော်တော့
မြရာပင်တွေ ပေါက်နေတဲ့ ကုန်းကလေးကို
ရောက်ရောဗျ။ မြရာတောကလေးအလယ်မှာ
လူသွားလမ်း ဖွေးဖွေးကလေးရှိတယ်။
အဲဒီလမ်းကလေးအတိုင်း ကျုပ်လျှောက်လာလိုက်တာ၊
အတော်ကလေး လျှောက်မိတော့ …
“ဟာ ”
ကျုပ် ပါးစပ်က ယောင်ပြီး အော်လိုက်မိတယ်။
ခွေးကြီးဗျို့။
ကျုပ်သွားမယ့် လမ်းကလေးမှာ
ပိတ်ပြီးရပ်နေတာဗျ။ ကျုပ် သေသေချာချာ
ကြည့်လိုက်တော့မှ ဒါမဖဲဝါရဲ့ ခွေးကြီးပဲဗျ။
ကျုပ်ဖြင့် ကြက်သီးတွေ တဖျန်းဖျန်းထသွားတာဗျို့။
ကျုပ် မှားပြီးထင်တယ်၊ စောစောကတည်းက
မီးလောင်ကုန်းရွာထဲက ဖြတ်လိုက်ရင်
ကောင်းသားလို့ ကျုပ် တွေးလိုက်မိတယ်။
ခုမှတော့ နောက်ပြန်လှည့်လို့လည်း မမီတော့ဘူးလေ။
အခြေအနေကြည့်ပြီးရင် ဆိုင်ရတော့မှာပေါ့ဗျာ။
“အီ အီ အီ အီ အီ”
ဟော မဖဲဝါရဲ့ ခွေးကြီးက ကျုပ်ကို မာန်ဖီတာ
မဟုတ်ဘူးဗျ။ အမြီးကြီးလှုပ်ပြီး ကြိုဆိုတာဗျ။
သခင်တွေ့ရင် ခွေးတွေလုပ်တတ်တဲ့ ပုံမျိုးပေါ့ဗျာ။
ဒါပေမဲ့ ခွေးက ခပ်သေးသေး မဟုတ်ဘူးဗျို့။
နွားပေါက်လောက်ရှိတဲ့ အကောင်ကြီးဗျ။
မျက်လုံးကြီးတွေက ရဲနေတာ။ ပါးစပ်ထဲက
အစွယ်ကြီးတွေလည်း ဖွေးလို့ဗျ။
ဒါပေမဲ့ ဒီခွေးကြီးက အမြီးတလှုပ်လှုပ်နဲ့
ကျုပ်ကို တအီအီ လုပ်နေတာ။ဟော
နောက်ကို လှည့်ပြီး လမ်းကလေးအတိုင်း
သွားပြီဗျ။ ဟာ ရပ်ပြီ။ ကျုပ်ကို အမြီးကြီး
လှုပ်ပြနေတယ်။ ပါးစပ်ကလည်း အီအီနဲ့
လုပ်နေတာဗျ။
ဒီကောင် ကျုပ်ကို ခေါ်နေတာဗျ။
သူ့နောက်က လိုက်ခဲ့ဖို့ ခေါ်နေတာ။
ဟော သွားပြန်ပြီ။ ဟာ ရပ်ပြန်ပြီ။
ကျုပ်ကို လှည့်ကြည့်ပြီး အမြီးလှုပ်ပြနေပြန်ပြီဗျို့။
ကျုပ်မှာလည်း သွားစရာက ဒီတစ်လမ်းရှိတော့
ဘယ်လိုလုပ်ရမလဲ ။ ကဲကွာ မထူးပါဘူး။
သူ့နောက်က လိုက်သွားရတော့မှာပဲလို့
ကျုပ် တွေးပြီး သူ့နောက်က လိုက်တယ်။
မဖဲဝါရဲ့ ခွေးကြီးက ရှေ့ကသွား၊ ကျုပ်က
နောက်ကလိုက်တယ်။ မြရာတောကလေးလည်း
ဆုံးရော ခွေးနက်ကြီးက ကျုပ်ကို တစ်ချက်
လှည့်ကြည့်ပြီး အမြီးလှုပ်ပြသေးတယ်ဗျ။
သူ့နောက်မှာ ကျုပ်ပါလာမှန်းသိတော့မှ
မြောက်ဘက်ကို ချိုးချသွားတယ်။ ကျုပ်လည်း
သူ့နောက်က လိုက်ရတာပေါ့ဗျာ။
ကျုပ်စိတ်ထဲမှာ နည်းနည်းတော့ ထင့်သွားတယ်ဗျ။
ဒီမြရာတောလမ်းကလေးကို ကျုပ် ခဏ ခဏ
လျှောက်ဖူးတာပဲဗျာ ။ လမ်းက ဒီလောက်လည်း
မရှည်ပါဘူး။ ဒီလို အချိုးအကွေ့တွေလည်း
မရှိပါဘူး။ လမ်းလေးက တော်တော်ကို
ရှည်တာဗျ။
ကျုပ် ဒီလမ်းလေးမှာ လျှောက်နေရတာချည်းပဲ။
နာရီဝက်ကျော်ကျော်လောက် ရှိနေပြီ။ ခွေးကြီးက
နောက်တစ်ခါက တောင်ဘက်ကို ချိုးသဗျ။
ကျုပ်လည်း သူ့နောက်က လိုက်ချိုးလိုက်တယ်။
“ဟာ အိမ်ကြီးတစ်လုံးပါလား”
ကျုပ် တုံ့ကနဲ ရပ်လိုက်တယ်။ မဖဲဝါရဲ့ ခွေးကြီးလည်း
ရပ်ပြီး ကျုပ်ကို ကြည့်နေတယ်။
အမြီးကြီးကတော့ တလှုပ်လှုပ်နဲ့ဗျို့။
ကျုပ်ကို သူ ဒီအိမ်ကို ခေါ်လာတာပါလား ။
ကျုပ် မဝင်ရဲဘူး။ တိုက်ပျက်ကြီးဗျ။
နှစ်ထပ်အိမ်ကြီး။ ရှေးခေတ်ကတည်းက
ဆောက်ထားခဲ့တဲ့ အိမ်ကြီးဗျ။ အပေါ်ထပ်မှာ
ပြတင်းပေါက် တံခါးတွေတောင် ပြုတ်ပြီး
တွဲလောင်းကျနေတယ် ။
“အီ အီ အီ အီ ”
ဟော ခွေးနက်ကြီးများ ကျုပ်ကို ခေါ်နေတာဗျ။
ကျုပ်ဘယ်ဝင်ရဲပါ့မလဲ။ အိမ်ထဲမှာတော့
မီးလင်းနေတယ် ။
“ဝူး ၊ ဝူး ၊ ဝူး ၊ ဝူး ”
ဟာ ဒီကောင် အူပြီဗျို့။ ဆွဲဆွဲငင်ငင်ကြီး အူလိုက်တာ။
“ဟာ အိမ်ကြီးထဲက လူထွက်လာတယ်ဗျ။
ကျုပ်ကို မြင်တော့ ရပ်သွားတယ်။ အိမ်ထဲက
ဖြာထွက်နေတဲ့ မီးရောင်အောက်မှာ ကျုပ်တွေ့လိုက်ရတာက
မိန်းမတစ်ယောက်ဗျ။ ဆံပင် ဖားလျားချထားတယ်။
“တာတေ ဘာမှ မကြောက်နဲ့ လာပါ ”
ဟာ ကျုပ်ကို သိနေတာပါလား၊ ကဲဟာ ဘာဖြစ်ဖြစ်
ခုနေထွက်ပြေးလို့လည်း ဒီခွေးကြီးက လိုက်ကိုက်ချင်
ကိုက်နေမှာ။ အိမ်ထဲဝင်လိုက်တာပဲ ကောင်းပါတယ်။
ကျုပ်အိမ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကြီးထဲကို
ဝင်တဲ့ လမ်းက အုတ်စီထားတဲ့ လမ်းကလေးဗျ။
ဘေးတစ်ဖက်တစ်ချက်မှာ ပျိုမနိုင်
ပန်းပင်ကလေးတွေရှိတယ်။
ပန်းတွေ ဖွေးဖွေးလှုပ်ပွင့်နေတာဗျ။ အုတ်လမ်းကလေး
အလယ်လောက်ရောက်တော့ ယုဇနပင်တွေဗျ။
ပွင့်နေလိုက်ကြတာ။ ဖွေးနေတာပါပဲဗျာ။
ယုဇနပန်းရဲ့ ချိုအီအီအနံ့က ကျုပ်နှာခေါင်းထဲကို
ဝင်လာတယ်။ ကျုပ်ခွေးကြီးကို သတိရပြီး
နောက်ကို လှည့်ကြည့်တော့ ဘုရား ဘုရား
ကျုပ်နောက်နားမှာ ပါလာတာကိုးဗျ။
“လာပါ တာတေ၊ မကြောက်ပါနဲ့ ”
ဟာ ဟိုညက ကျုပ်အိပ်မက်ထဲမှာတွေ့တဲ့
ကောင်မလေးပဲဗျ။ တော်သေးတာပေါ့ဗျာ။
ဒီအသွင်သဏ္ဍန်နဲ့ တွေ့ရပေလို့ပေါ့။
ကျုပ် သင်္ချိုင်းတွေထဲမှာ မြင်နေရတဲ့
အရပ်ဆယ်ပေလောက်ကြီးသာ ဆိုရင်
ကျုပ် ဒီနေရာမှာတင် နှလုံးခုန် ရပ်သွားမှာ
သေချာတယ်ဗျို့။
အိပ်မက်ထဲက မဖဲဝါပါပဲ။
“တာတေ နင် ဆပ်သမြောင်ကိုသွားတာ ငါသိတယ်၊
ဦးဗုံကြီး ကျွတ်သွားပြီ၊ ဝမ်းသာဖို့ကောင်းပါတယ်
နင်လည်း ကုသိုလ်အများကြီး ရသွားပြီ”
ကျုပ်က မဖဲဝါရဲ့ အိမ်ကြီးထဲကို လိုက်ကြည့်တယ်။
တော်တော်ကျယ်တဲ့ အိမ်ကြီးဗျ။ ဒါပေမဲ့ သက်တမ်း
တစ်ရာကျော်လောက်တော့ရှိပြီထင်တယ်။
တော်တော့ကို ဟောင်းနွမ်းနေတာ။
“တာတေ ၊ ထိုင်လေ”
မဖဲဝါက ကျုပ်ကို ကုလားထိုင်ကြီးတစ်လုံးကို
လက်ညှိုးထိုးပြတယ် ။
ကုလားထိုင်က ကနုတ်ပန်းတွေနဲ့ ဗျ။
တော်တော်ကြီးတာ။ တစ်ခါတုန်းက လူကြီးကြီးတွေ
ထိုင်တာထင်တယ်။ ရွှေတွေလည်း ချထားတယ်။
အခုတော့ ဟောင်းနွမ်းပြီး ရွှေတွေလည်း
အကွက်လိုက် ကွာနေပြီဗျ။
ကျုပ်ကုလားထိုင်မှာ ဝင်ထိုင်တယ်။
ကျုပ်လက်ထဲက အမေ့ချိုင့်ကိုလည်း
အောက်မချဘဲ ကိုင်ထားတာဗျ။ ကျုပ်က
အကြံနဲ့လေ။ အကြောင်းဆိုရင် ဒီချိုင့်နဲ့
လွှဲရိုက်ပြီး ကျုပ် စွတ်ပြေးမယ်လို့ တွေးနေတာဗျ။
အမေ့ချိုင့်က ကြွေရည်သုတ် ငါးဆင့်ချိုင့်လေဗျာ။
“တာတေ၊ နင့်ချိုင့်ကြီးကို အောက်ချထားလိုက်ပါ၊
ကိုင်ထားရတာ လေးက လေးသနဲ့၊ ဒီမှာ
ဒီချိုင့်နဲ့ ရိုက်ပြီး ထွက်ပြေးရမဲ့သူ ဘယ်သူမှ
မရှိပါဘူးဟာ”
ကျုပ်တွေးတာကို သူသိနေပါလား။ ကျုပ်လည်း
လက်ထဲက ချိုင့်ကို ကြမ်းပြင်ပေါ် ချထားလိုက်တယ်။
“တာတေ နင် ဗိုက်ဆာနေတယ်မို့လား၊ ဘာစားချင်တာလဲ၊
ငါ နင် စားချင်တာကို ကျွေးလို့ရတယ် ပြော”
ဟိုနေ့ညက အိပ်မက်ထဲမှာ တွေ့တုန်းကတော့
ကျုပ်က သူ့ကို မဖဲဝါမှန်း မသိလို့ နင်နဲ့ငါနဲ့
ပြောခဲ့တာဗျ။ အခုတော့ ကျုပ် ကြက်သီးတွေ
တဖျန်းဖျန်း ထနေတာဗျို့။ ဘာမှလည်း
ပြောမရဲဘူးဗျ။
“ဟို ဟို ကျုပ် ဘာမှမစားချင်ပါဘူး သင်္ချိုင်းရှင်မကြီး”
“ဟာ တာတေကလည်း နင် ဘာမှအန္တရာယ်
မဖြစ်စေရပါဘူး ၊ စားချင်တာ ပြောပါ”
ကျုပ်ဖြင့်ဗျာ အံ့သြလိုက်တာ။ အလွန်
ကြမ်းတမ်းတဲ့ မဖဲဝါကြီးက အခုကျတော့
အတော်ကို ယဉ်ကျေးတာဗျာ။ ကျုပ်ဖြင့်
ယုံတောင် မယုံနိုင်အောင်ပါပဲ။
“တာတေ ငါ့ကို မအံ့သြနဲ့ ၊ ငါက ကြိုက်တဲ့
အသွင်ကို ယူလို့ ရတယ်ဟဲ့ ”
ဟာ ကျုပ်တွေးတာကို သိနေတာဗျ။
ကျုပ်ဖြင့်ဗျာ တွေးတောင် မတွေးရဲတော့ဘူးဗျို့။
ဟော ထွက်လာကြပြီဗျို့။ ထွက်လာကြပြီ။
ငွေဗန်းလေးတွေ ကိုင်လို့ဗျ။ အောင်မလေး
ကြောက်စရာကြီးတွေဗျာ။ ဆံပင် ဖားလျားကြီးနဲ့
ထဘီကြီး ရင်လျားထားတာက တစ်ယောက်ဗျ။
နဖူးတည့်တည့်မှာ မျက်လုံးကြီးတစ်လုံးပဲပါတယ်။
ပါးစပ်ကလည်း ပြဲပြဲကြီးဗျ။ လက်ထဲက ဗန်းကို
ကျုပ်ရှေ့က သစ်သားစားပွဲခုံပေါ်တင်လိုက်တယ်
ဟော နောက်တစ်ယောက်၊ အောင်မလေး
နားရွက်ကြီးက အကြီးကြီးပါလားဗျာ။
တစ်ကိုယ်လုံးမှာလည်း အမွေးရှည်ကြီးတွေ
ဖုံးလို့ဗျ။ ဟာ လျှာနီနီကြီးက ပါးစပ်ကြီးထဲက
တွဲလောင်းကြီးကျနေတာ။
တစ်တောင်လောက်ရှိမယ်ထင်တယ်။
ယောင်္ကျားလား မိန်းမလားတော့ မသိဘူးဗျ။
သူ့လက်ထဲက ငွေလင်ဗန်းကို ကျုပ်ရှေ့က
ခုံပေါ် လာချတယ်။
ပြီးတော့ မဖဲဝါရဲ့ နောက်မှာသွားပြီး
ရို့ရို့လေးတွေ ရပ်နေကြတယ်။
ကျုပ်က သူတို့ကို လိုက်ကြည့်နေတော့
မဖဲဝါက ကျုပ်ကို မေးတယ်။
“တာတေ နင် သူတို့ကို မြင်ရလား ”
“မြင် မြင်ရပါတယ်၊ သင်္ချိုင်းရှင်မကြီးဗျာ”
“ဟေ နင် ဘာဖြစ်လို့ မြင်ရတာတုံး ”
“ကျုပ် ဆေးကွင်းထားလို့ပါ၊ သင်္ချိုင်းရှင်မကြီး”
“သြော် ဒါကြောင့်ကိုး။ နင် ဒီဆေး ဘယ်ကရတုံး”
“ဆရာကြီးနွံဖ ပေးတာပါ၊ မဖဲဝါ ”
“သြော် နင်နဲ့ထိုက်လို့ နင်ရတာပေါ့။
ဒီဆေးကို နေရာတကာ မသုံးရဘူး တာတေ”
“ကျုပ်မသုံးပါဘူး သင်္ချိုင်းရှင်မကြီး။
ဒီနေ့ ဦးဗုံကြီး ကျွတ်ရဲ့လားဆိုတာ
သိချင်လို့ ကျုပ် ကွင်းသွားတာပါဗျာ”
“ကဲ တာတေ စား စား”
ကျုပ်စားပွဲပေါ်ကို လှမ်းကြည့်လိုက်တယ်
ရွှေရောင်ဝင်းနေတဲ့ ငှက်ပျောသီးတွေက တစ်ဗန်းဗျ။
ညိုပြီး ပြောင်နေတဲ့ ညိုတိုတို အသီးတွေက တစ်ဗန်းဗျ။
ကျုပ် စားရဲပါ့မလဲဗျ။
ဒါပေမဲ့ မစားဘဲလည်း မနေနိုင်ဘူးဗျ။
ကဲ ဖြစ်ချင်ရာ ဖြစ်ဟာဆိုပြီး ငှက်ပျောသီး
တစ်လုံးကို ခွာစားလိုက်တယ်။ ဟာ
ကောင်းလိုက်တာဗျာ ။ ကျုပ် ဆီးသီးလို
အသီးတွေကို တစ်လုံးယူစားလိုက်တယ်။
ကောင်းလိုက်တာ။ချိုပြီး မွှေးနေတာဗျ။
ချက်ချင်းကို အားတွေပြည့်သွားသလိုပဲဗျ။
“ကျုပ်ကို ပြန်ခွင့်ပြုပါ မဖဲဝါ ”
ကျုပ်က အရဲစွန့်ပြီး ခွင့်တောင်းကြည့်တယ်
“အေး အေး ပြန်ပါ တာတေ၊ ငါက နင့်ကု
ကြုံတုန်း အိမ်လည်ခေါ်တာပါ”
ကျုပ် ဘာမှမပြောတော့ဘဲ ထလိုက်တယ်။
ချိုင့်ကို လက်ကဆွဲပြီး မဖဲဝါရဲ့ အိမ်ကြီးထဲကနေ
ထွက်ခဲ့တယ်။ ခွေးကြီးတော့ မတွေ့တော့ဘူးဗျ။
သုတ်သုတ် သုတ်သုတ်နဲ့ လျှောက်လာလိုက်တာ။
နည်းနည်းကလေးလှမ်းလာတော့ ကျုပ်နောက်ကို
ဖြတ်ကနဲ လှည့်ကြည့်လိုက်တယ်။
“ဟာ သင်္ချိုင်းကုန်းကြီးပါလား ”
စောစောက ကျုပ်ထွက်လာတဲ့ အိမ်ကြီးကို
အစအနတောင် မတွေ့ရတော့ဘူးဗျ။
သင်္ချိုင်းကုန်းကြီးပဲ တွေ့ရတယ်။
ဟုတ်တာပေါ့။ ဒါ မီးလောင်းကုန်းရွာ
သင်္ချိုင်းကုန်းပဲ။ ဖဲသမားကိုအောင်ချစ်ကို မဖဲဝါ
ရိုက်သတ်တာ ဒီသင်္ချိုင်းပဲလေ။
ဒါဆိုရင် မဖဲဝါရဲ့ အိမ်က ဒီနေရာမှာ ရှိတာလား။
ဒါမှ မဟုတ် လူကိုလည်း ကြိုက်တဲ့အသွင်
ပြောင်းလို့ရသလိုပဲ။ အိမ်ကိုလည်း ကြိုက်တဲ့
အသွင်နဲ့ ကြိုက်သလို ဖန်ဆင်းနိုင်တာလား။
မီးလောင်ကုန်းရွာရဲ့ သင်္ချိုင်းကြီးမှာ မဖဲဝါရဲ့
အိမ်ကြီး တကယ်ရှိတာလား။
ကျုပ်ကို သူခိုင်းတာလုပ်ပေးလို့ သူ့အိမ်ကို
ဒီနေရာမှာ ခဏဖန်ဆင်းပြပြီး အိမ်လည်ခေါ်တာလား၊
ကျုပ်လည်း တွေးလို့မရပါဘူးဗျာ။
ဘာပဲပြောပြောပေါ့ဗျာ။
ကျုပ်စားခဲ့တဲ့ ငှက်ပျောသီးနဲ့ အသီးကတော့
တကယ်ကို ကောင်းတာဗျို့။ အဲဒီညက ကျုပ်
အိမ်ပြန်ရောက်တော့ ဆယ်နာရီတောင် ထိုးပြီဗျို့။
အဘနဲ့ အမေက ကျုပ်ကို စိတ်ပူတာပေါ့ဗျာ။
ကျုပ်က မီးလောင်ကုန်းက အသိအိမ်မှာဝင်ပြီး
စကားပြောနေလို့ပါလို့ ပြောရတာပေါ့။
ပြီးတော့ အဘနဲ့ အမေကို ဦးဗုံကြီး ကျွတ်လွတ်သွားတဲ့
အကြောင်း ပြောပြတော့ အဘတို့လည်း
ဝမ်းသာကြတာပေါ့ဗျာ။
ကျုပ်ကတော့ မျက်ကွင်းဆေးကို နနွင်းဖြူ
သွေးပြီး ကပျာကယာ ဖျက်ပစ်လိုက်ရတာပေါ့။
ခင်ဗျားရော မဖဲဝါရဲ့အိမ်ကို သွားလည်ကြည့်ချင်နေလား။
ပြီးပါပြီ။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးလုပ်သွားပေးပါအုံးဗျာ
စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ
#တာတေ
#မဖဲဝါ