“ဗျာ ဟုတ်လား အဘ”
“အေး ဟုတ်တယ်တဲ့၊ ကြိုးနဲ့ဆွဲပြီး လူလေးငါးယောက်
ဆွဲလည်း မလဲဘူးတဲ့ကွ၊ နောက်ဆုံး ဘယ်လိုလှဲလို့မှ
မလဲတော့ အကြံအိုက်ပြီး ထိုင်နေကြတုံး တောထဲက
အော်သံကြီးတွေကြားလို့ ထွက်ပြေးလာကြရဆိုပဲ၊
နောက်တစ်နေ့ လူစုပြီး သွားကြည့်တော့ မနေ့က
လွှာနဲ့ ဖြတ်ထားတဲ့ သစ်ပင်ကြီးက လွှာရာတောင်
မရှိဘဲ အကောင်းပကတိ ပြန်ဖြစ်နေတာတဲ့ဟဲ့၊
ဒါနဲ့ ဘိုးဘရှင်က ကန်တော့ပွဲပေးပြီး တောင်းပန်
လိုက်ရသတဲ့၊ အဲဒီကတည်းက အဲဒီတောင်ကုန်းကို
သစ်မလဲကုန်းခေါ်ကြတာတဲ့ကွ၊ စောစောက
ပြောတဲ့ သမုန်းအိုင်ကြီးက သစ်မလဲတောင်ကုန်းရဲ့
အခြေမှာ ရှိတာပေါ့ ငွေစိန်ရဲ့ ”
“သြော် ဒါကြောင့် သစ်မလဲလို့ ခေါ်တာကိုး”
ကျုပ်တို့မိသားစုသုံးယောက် စကားတွေပြောရင်း
တော်တော်ညဉ့်နက်မှ အိပ်ရာဝင်ခဲ့ကြတယ်။
လေတွေကလည်း တိုက်လိုက်တာဗျာ၊ ကျုပ်
ကိုယ်ပေါ်က ဝတ်ထားတဲ့ အင်္ကျ ီ၊ ပုဆိုးတွေဆိုတာ
လေထဲမှာ တဖျတ်ဖျတ်လွင့်နေတာဗျ။ ကျုပ်
ရောက်နေတာ သစ်မလဲတောင်ကုန်းကြီးပေါ်မှာဗျ။
သစ်မလဲတောင်စောင်းကနေ ကျုပ်က
အောက်ကို ငုံ့ကြည့်နေတာ။ လပြည့်ညဗျ။
ကောင်းကင်ကို မော့ကြည့်တော့ လကြီးမှ
သာလိုက်တာ ထိန်လို့ဗျို့၊ အောက်ကို
ငုံ့ကြည့်နေတာ လသာတော့ လရောင်တဖျတ်ဖျတ်
လက်နေတဲ့ သမုန်းအိုင်ကြီးကို အပေါ်စီးက
မြင်နေရတာဗျ။ ရေအိုင်ဘေးမှာ သမုန်းပင်တွေမှ
တောအုပ်လိုကို ပေါက်နေတာ။
ဟာ…အိမ်ကလေး တစ်လုံးပါလား။ သမုန်းအိုင်နဲ့
မလှမ်းမကမ်းမှာ အိမ်လေးတစ်လုံးဗျ၊ ကြည့်စမ်းဗျာ၊
ဒီတောကြီးထဲမှာ ဒီလောက် သပ်သပ်ရပ်ရပ်
ဆောက်ထားတဲ့ အိမ်ကလေးတစ်လုံးက ဘယ်လိုများ
ရှိနေရတာတုံး၊ ပျဉ်ထောင်တစ်ထပ်အိမ်ဗျ။
သက်ကယ်မိုးနဲ့။
ဟော အိမ်ထဲက မိန်းမတစ်ယောက် ထွက်လာတယ်ဗျို့
မိန်းမကို ကျုပ် လရောင်အောက်မှ ထင်ထင်ရှားရှား
မြင်နေရတယ်၊ အသက်လေးဆယ်လောက် ရှိမယ်ဗျ၊
သူ့ကို ကျုပ်မြင်ဖူးသလိုလို ရှိတာနဲ့ သေသေချာချာ
ကြည့်နေမိတာ၊ အဲဒီမိန်းမက ဆံပင်တွေ ကျောပေါ်မှာ
ဖြန့်ချထားတယ်။ ရုပ်ရည်က ရွက်ကြမ်းရေကျိုရုပ်မျိုးဗျ။
ဟာ…ကျုပ်ကို မြင်သွားပြီး လှမ်းကြည့်နေတယ်။
ဟော ပြုံးပြတယ်။ ရင်းရင်းနှီးနှီး ရှိတဲ့ပုံမျိုးဗျ။
“တာတေ လာလေ၊ တောင်စောင်းအတိုင်း
ဆင်းလာခဲ့၊ ငါပါဟဲ့ တာတေရဲ့၊
နင် ငါ့ကို မမှတ်မိဘူးလား”
ကျုပ် မမှတ်မိဘူးဗျ။ သိသလိုလိုတော့ ရှိတယ်
ကျုပ်လည်း သူ့ကို စိုက်ကြည့်နေမိတယ်
“တာတေ၊ ငါ မဖဲဝါလေ”
“ဗျာ၊ မဖဲဝါ ဟုတ်လား ”
မဖဲဝါကို ဒီအရွယ်မျိုး၊ ဒီရုပ်ရည်မျိုးနဲ့ ကျုပ်
တစ်ခါမှကို မတွေ့ဖူးဘူးဗျ၊ ကျုပ် သစ်မလဲ
တောင်ကုန်းပေါ်ကနေ ခပ်သုတ်သုတ် ဆင်းလာပြီး
သမုန်းအိုင်ဘေးကနေ ပတ်ပြီး လျှောက်သွားလိုက်တယ်
ပျဉ်ထောင်အိမ်လေးရှေ့မှာ မဖဲဝါက ကျုပ်ကို
ရပ်ပြီး စောင့်နေတယ်
“လာ…တာတေ၊ အိမ်ပေါ်တက်ခဲ့”
မဖဲဝါက ရှေ့ကတက်ပြီး ကျုပ်က နောက်က
တက်ခဲ့တယ်။ အိမ်လေးက အထဲမှာလည်း
သပ်သပ်ရပ်ရပ်ကလေးဗျ။ အိမ်ထဲမှာ ကုတင်
နှစ်လုံး ချထားတယ်။အဝတ်အစားထည့်တဲ့
ဘီရိုတစ်လုံးရှိတယ်။ အိုးခွက်ပန်းကန်တွေလည်း
အစုံဗျ။ ကလေးကစားစရာတွေလည်း စုံလို့ပါဗျာ။
ကျုပ်က အိမ်ထဲကို အကဲခတ်ပြီး ကြည့်လိုက်တယ်။
“ထိုင် တာတေ၊ ဖျာပေါ်မှာထိုင် ”
ကျုပ်က သင်ဖြူးဖျာလေးတစ်ချပ်ပေါ်မှာ
ထိုင်လိုက်တယ်။ ကျုပ်နဲ့ ခပ်လှမ်းလှမ်းက
ဖျာပေါ်မှာ မဖဲဝါက ထိုင်တယ်။ မဖဲဝါဆိုလို့သာ
ယုံရတာပါဗျာ၊ မိန်းမတစ်ယောက်ပါပဲ။
ကျုပ်တို့ ထနောင်းကုန်းက မဝိုင်းကြည်တို့
လုံးကြည်တို့လိုပါပဲဗျာ
ဟာ…ကုတင်ပေါ်မှာ ကလေးတစ်ယောက်
အိပ်နေပါလား။ ရှပ်အင်္ကျ ီဝါဝါလေး ဝတ်ပြီး
ပုဆိုးအစိမ်းကွက်ကလေးကို ဝတ်လို့ဗျ။
အသက်က ခြောက်နှစ် ခုနှစ်နှစ် အရွယ်လေးဗျ။
အိမ်ထဲမှာ ထွန်းထားတဲ့ ရေနံဆီမှန်အိမ်လေးရဲ့
အလင်းရောင်နဲ့ ကျုပ် သေသေချာချာ
မြင်နေရတာဗျ။ ကလေးက အသား
ဖြူဖြူလေးဗျ။ ချစ်စရာကောင်လေးပဲလို့
ကျုပ် တွေးနေမိတယ်။ ကလေးကို
ကျုပ်ကြည့်နေမှန်း မဖဲဝါကို သိတယ်ဗျ။
“တာတေ၊ အဲဒါ ငါ့သား ဖဲညိုလေ”
“ဗျာ မဖဲဝါရဲ့သား ဟုတ်လား”
ကျုပ်က တအံ့တသြနဲ့ မေးလိုက်မိတာဗျ။
“နင် တော်တော်အံ့သြသွားလား။ ငါ့သား
ဆိုပေမယ့် သူက လူဟဲ့ တာတေရဲ့။
ငါ့သားနာမည်က မောင်ဖဲညိုတဲ့၊ မဖဲဝါ
မွေးတဲ့သားဆိုတော့ မောင်ဖဲညိုပေါ့ဟယ်
ဖဲညို ဆိုပေမယ့် ငါ့သားက အသားသိပ်မညိုပါဘူး
တာတေရဲ့ ၊ ဖြူဖြူလေးပါ ၊နင် ဖဲညိုကို ချစ်လား”
“ချစ်စရာလေးဗျ၊ မဖဲဝါရဲ့၊ ဒီကလေးက
မဖဲဝါရဲ့သား ဟုတ်လား”
“ဟုတ်တယ် တာတေ၊ နို့စို့ကလေးလေး
အရွယ်ကတည်းက သစ်မလဲတောင်ပိုင်ဘိုးဘိုးကြီး
တာဝန်ပေးလို့ ငါမွေးခဲ့ရတဲ့ ငါ့သားဟဲ့၊ ဒီနေရာမှာ
ဒီအိမ်လေးကို ဘိုးဘိုးကြီးရဲ့ တန်ခိုးနဲ့ ဆောက်ပေး
ထားတာ၊ အိမ်ထဲမှာလည်း အချိန်တန်ရင် ထမင်း
ဟင်းတွေကို ဘိုးဘိုးကြီးက အမြဲဖန်ဆင်းပေးထားတာ၊
ငယ်ငယ်တုန်းကဆိုရင် ငါ့သားဖဲညိုမှာ နွားနို့တို့၊
ဆိတ်နို့တို့ မပြတ်ရအောင်ကို ဘိုးဘိုးကြီးက
အဆင်သင့် ထည့်ပေးထားတာ။
ထမင်းစားတတ်တဲ့ အရွယ်ရောက်တော့လည်း
ငါ့သားကြိုက်တဲ့ ဟင်းကို မထပ်အောင်ကို ဘိုးဘိုးကြီးက
စီမံပြီး အိုးတွေ၊ ပန်းကန်တွေထဲမှာ အချိန်မရွေး
လှန်ကြည့်လိုက် အမြဲရှိနေတာ တာတေရဲ့၊
ငါက ငါ့သားကို မွေးပေးရုံပဲ။ ထမင်းခွံပေး၊
နို့တိုက်ပေး၊ ချေးကလူ သေးကလူ လုပ်ကိုင်
ပေးပေါ့ဟယ်၊ ငါ့သားဝတ်ဖို့ အဝတ်အစားဆိုတာ
သူ့အရွယ်နဲ့သူ မနွမ်းစေရအောင် ဘိုးဘိုးကြီးက
ဆင်တာဟေ့”
“ဒီကလေးက ဘယ်လိုများ ရောက်လာတာတုံးဗျ”
ကျုပ်ကလည်း သိချင်တာဆိုရင်
သိပ်အောင့်မထားတက်ဘူးဗျ။
မဖဲဝါကို တန်းမေးလိုက်တာ။
“ဒီကလေးရဲ့ မိဘနှစ်ပါးကို ကားလမ်းဓါးမြတွေက
သတ်ပစ်ပြီး ပါလာတဲ့ ရွှေတွေ၊ ငွေတွေ၊ အကုန်
ယူကြတယ်၊ကလေးကိုတော့ မသတ်ရက်တာနဲ့
ခေါ်လာကြပြီး ဒီတောထဲမှာ ငှက်ပျောဖက်တွေ
ခင်းပြီး ထားပစ်ခဲ့ကြတာ၊ တော်တော်ကို ရက်စက်
တဲ့လူတွေပေါ့ဟယ်၊ ကလေးငိုသံကြားလို့
တောင်ပိုင်ဘိုးဘိုးကြီးက လာကြည့်တော့
အကျိုးအကြောင်း အားလုံးသိသွားပြီး ငါ့ကို
ချက်ချင်းအမိန့်ပြန်ခေါ်လိုက်လို့ ငါရောက်
လာပြီး ဒီကလေးကို မွေးနေရတာ ၊ နင် ငါ့ကို
ပင့်တဲ့အခါတိုင်း ငါ ဒီနေရာကနေ နင့်ဆီကို
ကြွလာခဲ့ရတာ တာတေ”
“ဟင် ဒါဆိုရင် အဲဒီအချိန်မှာ ကလေးကို
ဘယ်သူနဲ့ ထားခဲ့တုံးဗျ”
“မဖဲဝါတစ်ယောက် ထားခဲ့တာပေါ့ဟဲ့
တာတေရဲ့၊ ဒီလိုပဲ ငါက ခွဲသွားနေကျပဲဟာ”
“သြော် ဒီလိုကိုး”
ဒီကိစ္စကိုတော့ ကျုပ် မအံ့သြပါဘူး။
ဘာဖြစ်လို့တုံးဆိုတော့ ကျုပ်ဆီမှာတောင်
မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေး ရှိနေတာပဲလေဗျာ။
“နင့်ကို ငါ အခုခေါ်တွေ့တာက ကိစ္စရှိလို့ဟဲ့
တာတေရဲ့ ”
“ဗျာ ၊ ဘာကိစ္စတုံး မဖဲဝါ ”
“ငါ့သားဖဲညို ခုနှစ်နှစ် ပြည့်သွားပြီ တာတေ၊
ဘိုးဘိုးကြီးက ဖဲညိုကို နင့်ဆရာတော်မှာ
အပ်ခိုင်းတယ်၊ ဖဲညိုကို သာသနာ့ဘောင်
သွင်းပြီး စာပေကျမ်းဂန်တွေ သင်ကြားပေးရမယ်၊
လို့ မိန့်တယ်၊ ဒါကြောင့် နင့်ကို ခေါ်ရတာ”
“ဟင် ဟုတ်လား၊ ကျုပ်ဆရာတော်ဆီမှာ
အပ်ပေးမယ် မဖဲဝါ ၊ ဒါနဲ့ ဖဲညိုလေးကို
ကျုပ် ဘယ်တော့ လာခေါ်ရမှာတုံးဗျ”
“မနက်ဖြန် မနက်စောစော လာခေါ် တာတေ၊
ငါ့သားကို ငါ အားလုံးပြောထားပြီးပြီ၊ သူ
စောင့်နေလိမ့်မယ် ”
“ကောင်းပါပြီ မဖဲဝါ၊ ကျုပ် မနက်ကို စောစောလာပြီး
ဖဲညိုလေးကို ခေါ်ပါ့မယ် ”
“ဟဲ့ တာတေ၊ ထစမ်း၊ ထစမ်း”
အမေက ကျုပ်ကို လှုပ်နှိုးနေတာဗျ။
ကျုပ် အိပ်မက်ကနေ လန့်နိုးသွားတယ်။
“အမေ ဘာတုံး၊ ဘာဖြစ်လို့တုံး”
“နင့်မလဲ နှိုးလိုက်ရတာဟယ် ၊ ထပြီး
နားလေးဘာလေး ထောင်စမ်း၊ ဘာသံကြီးတုံး မသိဘူး”
“ဝေါင်း ဝေါင်း ”
ကျုပ် အိပ်ရာထဲမှာ ငုတ်တုတ် ထထိုင်ပြီး
နားထောင်လိုက်တယ်၊ ဟာ ကျားဟိန်းသံကြီးဗျ၊
ကျုပ်တို့ဘက်က တောတွေမှာ ကျားမှမရှိတာ၊
ဘယ်လိုဖြစ်တာတုံး။
“ကျားဟိန်းသံကြီးဗျ၊ အမေရ”
“အေး ဟုတ်တယ်၊ နင့်အဘတော့ အိမ်ရှေ့
ထွက်ကြည့်နေတယ်၊ ရွာထဲက လူတွေလည်း
နိုးကုန်ပြီ၊ တစ်အိမ်နဲ့ တစ်အိမ် လှမ်းပြီး
စကားပြောနေကြတယ် ”
အားလုံးနိုးနိုးကြားကြားရှိအောင် နေကြတဲ့
သဘောပေါ့ဗျာ။ ကျုပ်တို့အညာရွာလေးရဲ့
ဓလေ့လေးတွေပေါ့ဗျာ။
“ဝေါင်း၊ ဝေါင်း၊ ဝေါင်း ”
ကျားသံက ရွာအနောက်ဘက်က ကြားရသဗျ။
ကျုပ် စိတ်ထင်တော့ သင်္ချိုင်းကုန်းဘက်က ထင်တယ်
ခဏနေတော့ အသံပျောက်သွားတယ်။ ကျုပ်တို့လည်း
အိပ်လို့မပျော်ကြတော့ဘူးပေါ့ဗျာ၊ အခြေအနေကို
စောင့်ကြည့်နေကြရတာဗျ။ ရွာထဲများ ကျားဝင်
လာမလားလို့ပေါ့ဗျာ
ဒါပေမဲ့ ရွာထဲက ခွေးတွေရော၊ နွားတွေရော
ငြိမ်နေကြတာဗျာ။ ရွာထဲမှာ ကျားဝင်လာရင်
ဒီကောင်တွေ ဘယ်ငြိမ်နေပါ့မလဲဗျာ။ မနက်
မိုးလင်းတော့ ယာထဲစောစောဆင်းမယ့်သူတွေ၊
ရွာပြင်ထွက်ပြီး သွားလာလုပ်ကိုင်မယ့်သူတွေ
တစ်ယောက်မှ မထွက်ဝံ့တော့ဘူးပေါ့ဗျာ။
အဲဒီထဲမှာ ကျုပ်လည်း ပါတယ်ဗျ။
” ဟဲ့ တာတေ၊ နင်ကရော စောစောစီးစီး
ဘယ်သွားမလို့တုံး၊ ဖင်တကြွကြွနဲ့ ”
“ကျုပ် လူတစ်ယောက် သွားခေါ်ရမှာမို့လို့
အမေရ ”
“ဘာ၊ ဘယ်ကလူတုံး”
“ကလေးပါ ၊ ကလေးတစ်ယောက်ကို
သွားခေါ်ပေးရမှာ”
“ဟေ…ကလေး၊ ဘယ်က ကလေးတုံး”
“ဆရာတော်ဆိုတဲ့အသံ ကြားတော့မှ အမေ
ငြိမ်သွားတာဗျ။
“ကြည့်လည်းသွား၊ ကျားက ခြုံတောထဲ
ဝပ်ချင်ဝပ်နေမှာ”
“ဟုတ်ကဲ့ပါ အမေ”
လို့ ပြောပြီး ကျုပ် ဇွတ်ထွက်ခဲ့တာဗျ။ ကျုပ်က
ဆေးလွယ်အိတ်ကို စလွယ်သိုင်း
လွယ်ထားတာတွေ့တော့အမေက ကျုပ်ကို
မျက်မှောင်ကြိုတ်ပြီး ကြည့်နေတယ်ဗျ။
သမုန်းအိုင်ကို ကျုပ်ရောက်တော့ သစ်ရွက်တွေ
ပေါ်ကို နှင်းတွေ တပေါက်ပေါက် ကျနေတာဗျို့။
ညက အိပ်မက်ထဲမှာ ကျုပ်ရောက်ခဲ့တဲ့
အိမ်ကလေးကို လိုက်ရှာနေတုန်းဗျ။
“ဝေါင်း ဝေါင်း ဝေါင်း”
ဟာ ဒါ ညက ကျုပ်တို့ရွာမှာ ကြားလိုက်ရတဲ့ ကျားဟိန်းသံကြီးပဲဗျ။ ကျုပ်ကပျာကယာပြေးပြီး
တောင်ထန်းပင်ကြီးနောက်ကို ပြေးကပ်လိုက်တယ်။
ကျားသံကြားတဲ့ဘက်ကို လှမ်းကြည့်လိုက်တော့
ဟာ တွေ့ပြီဗျို့။ တွေ့ပြီ။ ညက ကျုပ် အိပ်မက်ထဲမှာ
ရောက်ခဲ့တဲ့ အိမ်ကလေးဗျ။
မဖဲဝါတို့ သားအမိ နေတဲ့အိမ်ဗျ။ ဟာ ကျား ကျား
ကိုးတောင်ကျားကြီးဗျ။ အိမ်ကလေးကို ပတ်ပြီး
သွားနေတာ ။ ခါးကြီးက တနွဲ့နွဲ့နဲ့ဗျ။
ကျုပ်က ကျား အိမ်ဟိုဘက်ကို ရောက်သွားတဲ့
အချိန်မှာ ရေအိုင်ဘေးက ပတ်ပြေးပြီး အိမ်နားကို
နီးအောင် ရွှေ့လိုက်တယ်။ အလို အိမ်ရှေ့မှာ
မတ်တတ်ကြီးရပ်နေတာ မဖဲဝါပဲ။ ကျားကို
သူ ဘာမှမလုပ်ဘူးလား။ ဖဲညိုရော၊ ဖဲညို၊
ကျုပ် လိုက်ကြည့်တယ်။ ဖဲညိုကို မတွေ့ဘူးဗျ။
“ဝေါင်း ၊ ဝေါင်း၊ ဝေါင်း”
ဟော ကျားက အိမ်ကို တစ်ပတ်ပတ်ပြီး ဒီဘက်
ပြန်ရောက်လာပြီဗျို့။ ကျုပ်က ပိတောက်ပင်ကြီး
နောက်မှာ ကပ်ပြီး ငြိမ်နေလိုက်တယ်။ ကျားက
အိမ်ကို ပတ်နေပုံထောက်ရင် ဖဲညို အိမ်ထဲမှာပဲ
ရှိလိမ့်မယ်ဗျ။ ကျားက ကလေးကို
ခြောက်နေတာပဲဖြစ်မယ်
“ဟား၊ ဟား ၊ ဟား ၊ ဟား မဖဲဝါ နင်
ဘာတတ်နိုင်သေးတုံး၊ နင် သားတစ်ယောက်
မွေးနေတယ်ဆိုတဲ့သတင်း ကြားကတည်းက
ငါ လိုက်နေခဲ့တာ၊ နောက်ဆုံးနေ့မှာပဲ
လာပြီး မိတော့တာကိုး၊ ဒီနေ့ နင့်သားကို
ထနောင်းကုန်းဆရာတော်ဆီအပ်ပြီး
ဒီနေရာကနေ နင်အပြီး ထွက်သွားတော့မှာကို
ငါသိလို့ ညက တစ်ညလုံး ထနောင်းကုန်းက
ကောင်တွေ အပြင်ထွက်မလာရဲအောင်
ကျားသံပေးခဲ့ပြီးသား၊ ခုလောက်ရှိရင်
ကလေး လာခေါ်မယ့်အကောင် ကြောင်ချီး
ပါပြီး အိမ်ပြင်ကိုတောင် ထွက်လာနိုင်မှာ
မဟုတ်ဘူး ကြားလား၊ ကဲ နင့်သားကို
အိမ်ထဲမှာ ငါ ဖမ်းထားလိုက်ပြီ၊ နင့်ဆီက
ငါလိုချင်နေတဲ့ မြောက်ဘက်ရှင်မရဲ့
‘ပညာဗူး’အခုပေး၊ နင် စောင့်နေရတာမှန်း
ငါ အတတ်သိတယ် ၊ မပေးရင် နင့်သားကို
ငါ ခေါ်သွားမယ်၊ ငါလို ကဝေရာဇာဖြစ်အောင်
ငါလုပ်ပေးမယ် ”
“တောက်”
ဟာ မဖဲဝါက တောက်ခေါက်တယ်ဗျ
လူကတော့ မလှုပ်နိုင်ဘူး။ ကျုပ် သေသေချာချာ
ကြည့်လိုက်တော့မှ သြော် ကဝေက စက်တွေနဲ့
ဖမ်းထားတာကိုး၊ ကျုပ် ချက်ချင်း မျက်ကွင်းဆေး
သွေးပြီး ကွင်းလိုက်တယ်။
ကျုပ်ဆေးလွယ်အိတ်မှာက အစုံပါပြီးသားလေဗျာ။
ဒီတော့မှ ကဝေစက်တွေ ကျုပ် သေသေချာချာ
မြင်ရတာဗျ။မဖဲဝါရဲ့ တစ်ကိုယ်လုံးမှာကိုကဝေစက်တွေ
ပတ်ထားတာဗျို့။ ဒါကြောင့် မဖဲဝါ မလှုပ်နိုင်တာ။
“သြော် သရဲမက တောက်တော့ ခေါက်နိုင်သေးတာကိုး၊
နင် ဘယ်လောက် ခေါင်းမာမလဲ သိရသေးတာပေါ့”
ပြောပြောဆိုဆိုနဲ့ ကဝေရာဇာက သူ့ပါးစပ်ထဲက
စိမ်းစိမ်းပြာပြာစက်တွေကို ထပ်လွှတ်နေတယ်ဗျ။
ကျုပ်က ဆေးလွယ်အိတ်ထဲက သံကဝေရုပ်
ကလေးကို ထုတ်ယူလိုက်ပြီး ဂါထာစုတ်လိုက်တယ်
ကျုပ်ဆရာကြီးတွေ ကျုပ်ကို ချီးမြှင့်ခဲ့တဲ့ အရုပ်လေဗျာ
သံကဝေနဲ့ တွေ့လို့ကတော့ ဘယ်ကဝေစက်မှ
မခံနိုင်ဘူးဗျို့။ ကျုပ် အကြိမ်ကြိမ် မြင်ဖူးပြီးသားဗျ။
ကျုပ် လက်ဖဝါးပေါ်မှာ တင်ပြီး ဂါထာစုတ်နေတဲ့
သံကဝေရုပ်ကလေးက အရောင်တွေ တဝင်းဝင်းနဲ့
လက်လာတယ်ဗျို့၊ ဟော ပျံသွားပြီ၊ ပျံသွားပြီ။
သံကဝေရုပ်ကလေး လေထဲကို ပျံထွက်သွားပြီ။
“ဝီ ၊ ဝီ ၊ ဝီ”
အလင်းဝိုင်းလေးတစ်ခု ထွက်သွားတဲ့
သံကဝေရုပ်ကို ကဝေရာဇာက မော့ကြည့်ပြီး
မျက်လုံးကြီး ပြူးသွားတယ်။ မဖဲဝါ
ကတော့ ကျုပ်ရောက်နေပြီဆိုတာကို
သိသွားတာပေါ့ဗျာ။ သံကဝေရုပ်ကလေးက
ကဝေကြီးရဲ့ ခေါင်းအပေါ်မှာပတ်ပြီး ပျံနေတာဗျို့။
ဟော ဟော ကဝေကြီးရဲ့ ပါးစပ်က ထွက်နေတဲ့
စက်တွေ အရောင်မှိန်သွားပြီဗျ။ မဖဲဝါကို ပတ်ထားတဲ့
စက်တွေလည်း အရောင်မှိန်သွားပြီဗျ။ မဖဲဝါကို
ပတ်ထားတဲ့ စက်တွေလည်း အရောင်မှိန်မှိန်လာပြီး
ပျောက်သွားပြီ။ ဟော မဖဲဝါရှေ့ကို တစ်လှမ်း
လှမ်းထွက်လာပြီး ကျုပ်က ဂါထာရွတ်ပြီး
သံကဝေရုပ်ကလေးကို ပြန်သိမ်းလိုက်တယ်။
“ဘုန်း”
ရိုက်ပြီဗျာ၊ မဖဲဝါရဲ့ သံလက်ဝါး ရိုက်ချက်လေဗျာ။
ကဝေရာဇာ ဆိုတဲ့လူ ရှေ့ကို ဟက်ထိုးလဲကျသွားတယ်။
“ဝေါင်း”
ဟာ ကျားကြီးတစ်ကောင်ဗျို့။ သစ်မလဲတောင်ကုန်းက
ပြေးဆင်းလာတာ။ ကိုးတောင်ကြီးကြီး သုံးကောင်စာ
လောက် ရှိမှာဗျာ။ ဟာ ကဝေကောင် ပြေးပြီဗျို့။
မှောက်လျားထိုးနေရာကနေ ချက်ချင်းကုန်းထပြီး
ပြေးတာဗျို့။ ကျားကြီးက သမုန်းအိုင်ကြီးကို
လွှားကနဲ ကျော်ခုန်လာတာဗျို့။
ကျုပ်ဖြင့် ပိတောက်ပင်ကြီးနောက်မှာ ကပ်ပြီး
အသားတဆတ်ဆတ် တုန်နေတော့တာဗျို့။
“ဝေါင်း”
ကဝေကောင်ကြီး ပြေးလို့ လွတ်နိုင်မလားဗျာ
မဖဲဝါတို့ အိမ်လေးအလွန်လောက်မှာ ကျားကြီးက
ကဝေကို ခုန်အုပ်လိုက်တယ်
“အား”
ကဝေရဲ့ အသံနက်ကြီးနဲ့ အော်သံက
တစ်တောလုံး လွှမ်းသွားတယ်။ သွားပြီဗျာ။ တင်းတောင်းတစ်လုံးလောက်ရှိတဲ့ ခေါင်းကြီးနဲ့
ကျားက ကဝေကို ပါးစပ်ကြီးထဲမှာ ချီပြီး
သစ်မလဲတောင်ကုန်းပေါ်ကို တက်ပြေး
သွားတာများဗျာ။ လွှားကနဲ လွှားကနဲ နေတာဗျ။
ကျုပ်ရိပ်စားမိပါတယ်။ ဒီကျားဟာ သစ်မလဲတောင်
ဘိုးဘိုးကြီးရဲ့ နတ်ကျားကြီးပဲ ဖြစ်မှာပေါ့ဗျာ
မဖဲဝါက အိမ်ထဲဝင်ပြီး ဖဲညိုလေးကို လက်ဆွဲပြီး
ခေါ်ထုတ်လာတယ်။ ဖဲညိုကတော့ အပြင်မှာ
ဖြစ်သွားတာတွေကို သိပ်သိပုံမပေါ်ဘူး။
“တာတေ ၊ ဖဲညိုကို ဆရာတော့်ဆီမှာ အပ်လိုက်ပါ၊
ဖဲညိုက သာသနာဘောင်မှာနေပြီး သာသနာပြုမယ်
ပုဂ္ဂိုလ်ပါ၊ ဒါကြောင့် ဘိုးဘိုးနဲ့ ငါ သ့ူကို စောင့်ရှောက်
ပေးကြရတာ”
ဖဲညိုက အဝတ်အစား ထည့်ထားတဲ့ လွတ်အိတ်ကလေး
စလွယ်သိုင်းပြီး ကျုပ်နဲ့ လိုက်လာတယ်။ ကျုပ်က
ဖဲညိုကို ကျောပိုးပြီး တောထဲကနေ အမြန်ဆုံး
ထွက်ခဲ့တယ်။ ရွာတို့ လူတို့ကို တစ်ခါမှ မမြင်ဖူးတဲ့
ဖဲညိုလေးက ထနောင်းကုန်းကို ရောက်တော့
တအံ့တသြ ဖြစ်နေတာပေါ့ဗျာ။
ကျုပ် ဖဲညိုကို ဆရာတော် ဦးဂုဏဆီမှာ အပ်လိုက်တယ်။
ဆရာတော်ကလည်း ဖဲညိုကို မြင်မြင်ချင်း ဂရုဏာဖြစ်ပြီး
လက်ခံလိုက်တယ်ဗျ။ အဲဒီနေ့က စပြီး ဖဲညိုဟာ
ဆရာတော် မွေးစားတဲ့သား ဖြစ်သွားတာပေါ့ဗျာ။
ခုဆိုရင် ဖဲညိုကို ကိုရင်ဝတ်ထားတာ နှစ်နှစ်တောင်
ရှိပြီဗျ။ ကျုပ်တို့ ရွာသားတွေက ကိုရင်ဖဲညိုရဲ့
လာရာကို မသိပေမယ့် ကိုရင်ဖဲညိုကို ခင်မင်ကြတယ်
ကြည်ညိုကြတယ်။ ကိုရင်ဖဲညို ဆွမ်းခံထွက်ရင်
အလုအယက်ကို ဆွမ်းလောင်းကြတာဗျို့။
ကိုရင်ဖဲညိုက သူ့ကို တောထဲက ခေါ်လာခဲ့တဲ့
ကျုပ်ကိုတော့ သံယောဇဉ်အရှိဆုံးပေါ့ဗျာ။
တစ်ခါ တစ်ခါတော့ သူ့အမေ မဖဲဝါကို
ကိုရင်ဖဲညို သတိရနေတတ်တယ်ဗျ။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ တာတေ
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ