ရွှေဂူရှင်မ (အစ/အဆုံး)

မီးရောင်အောက်မှာ ဟောင်းလောင်းပွင်နေတဲ့
ရတနာသေတ္တာတွေဟာ ဘယ်နှလုံးဆိုတာ
ရေတောင် မရေနိုင်ပါဘူးဗျာ။
ရွှေရောင်ကြမ်းပြင်ပေါ်မှာ ပုံထားတဲ့ ရတနာတွေ
ရွှေမန်းကျည်းတောင်တွေ ။ ရွှေဒင်္ဂါးပြားတွေ
ရွှေရုပ်တုတွေ ။ ရွှေပုတီး။ ရွှေဆွဲကြိုး။
ရွှေလက်ကောက် ။ ရွှေခြေကျင်း ။ပတ္တမြား။
မြ။ နီလာ ။ စိန် ။ သန္တာ။ ဂေါ်မုတ်။ ပုလဲ
ရတနာမျိုးစုံက မီးရောင်အောက်မှာ တလက်လက်
တဖိတ်ဖိတ်နဲ့ လူတစ်ယောက်ရဲ့ လောဘကို
ဖိတ်ခေါ်နေတာပေါ့ဗျာ။
ရတနာပုံကြီးကို ကျော်ဖြတ်ပြီးသွားတော့
ရွှေတံခါးကြီး ပိတ်လို့ဗျ။ ရွှေသားအစစ်နဲ့
လုပ်ထားတဲ့ တံခါးဗျ။ ရသေ့ကြီးက မန္တန်သုံးလေးပုဒ်
ရွတ်ပြီး သူရဲ့ ဆေးတောင်ဝှေးနဲ့ ရိုက်လိုက်တယ်
“ဒုန်း ဝုန်း ဝုန်း ”
ဟော ရွှေတံခါးကြီး ပွင့်သွားပြီဗျို့။ ဟာ ပတ္တမြား
အရောင်ပါလား။ အခန်းကြီးတစ်ခုလုံး ပတ္တမြားအရောင်
တောက် နေပြီး ရဲရဲနီနေတဲ့ အခန်းကြီးဗျ။
နံရံလည်း ပတ္တမြား ကြမ်းခင်းလည်း ပတ္တမြား
မျက်နှာကျက်လည်း ပတ္တမြား။ဟာ သိုက်နန်းရှင်ပါလား။
အနီရောင်ထမီနဲ့ ခါးတောင်းအင်္ကျီ ဝတ်ထားတဲ့
အမျိုးသမီးတစ်ယောက် မတ်တတ်စုံရပ်ပြီး
ရသေ့ကြီးကို လက်အုပ်ချီထားတယ်။
လှလိုက်တဲ့ မိန်းမဗျာ။ ကျုပ်တစ်သက်
မြင်ဖူးသမျှ မိန်းမတွေနဲ့ ဘယ်လိုမှကို မယှဉ်သာအောင်
လှတဲ့ မိန်းမဗျာ။ငွေရောင်အခန်းမှာ တွေ့ခဲ့တဲ့
နတ်မိမယ်တွေ လှတယ်လို့ ထင်ခဲ့တဲ့အတွေးဟာ
ဘယ်ပျောက်သွားမှန်းကို မသိတော့တာပေါ့ဗျာ။
ဆင်စွယ်ကို ထုထားတဲ့ ပန်းပုရုပ်ကလေးများလာလို့တောင်
ထင်မိရဲ့ဗျာ။ ပြေပြစ်လှတဲ့ နဖူးပြင်ရဲ့အောက်မှာ
နက်မှောင်နေတဲ့ မျက်ခုံးနှစ်ခုက ဇင်ယောင်တောင်လို
ကော့ကော့လေးဗျ။
ဝိုင်းစက်နေတဲ့ မျက်လုံးနှစ်လုံးက မဟူရာလို
နက်မှောင်ပြီး ကြယ်ပွင့်လေးတွေလို တလက်လက်
တောက်ပနေတယ်။ မျက်ခုံးနှစ်ခုကြားက
ဖြောင့်စင်းတဲ့ နှာတံလေးက လေးကိုင်းသဖွယ်
နှုတ်ခမ်းကလေးရဲ့ အပေါ်မှာ အဆုံးသတ်ပြီး
နီစွေးစွေး နှုတ်ခမ်းနှစ်မွှာက မပြုံးပေမဲ့
ပြုံးနေသယောင်ယောင်လေးဗျ။
ခန္ဓာကိုယ်ကလည်း မဆူ မကြုံ။
မနိမ့် မမြင့် အလွန်ကို တင့်တယ်လွန်းလှပါတယ်ဗျာ။
ရေအပြင်ထက်မှာ ငွားငွားစွင့်စွင့် ပွင့်နေတဲ့
ပဒုမ္မာကြာပန်းတစ်ပွင့်ကို ကြည့်နေရသလိုပါပဲဗျာ။
သူရပ်နေတဲ့ အနောက်မှာ ရွှေလှေကားထစ်တွေဗျ။
အားလုံးကိုးထစ်ရှိတယ်။ အဲဒီ အပေါ်မှာတော့
ရတနာမျိုးစုံ စီခြယ်ထားတဲ့ ရွှေပလ္လင်လေးဗျ။
အမြင့်က ကျုပ်ရင်စို့လောက် ရှိမယ်။
အဲဒီရွှေပလ္လင်ပေါ်မှာမှ ရွှေကြာပွင့်ကြီးတစ်ပွင့်။
ရွှေကြာပွင့်ရဲ့ အလယ်က ပန်းဝတ်ဆံနေရာမှာ
ရွှေကလပ်တစ်ခုဗျ။အဲဒီရွှေကလပ်ပေါ်မှာ
ဖန်ပေါင်းချောင်နဲ့ အုပ်ထားတဲ့ ရွှေကြုတ်ကလေးဗျ။
နှစ်လက်မလုံးလောက်ရှိပြီး အမြင့်က
ခြောက်လက်မလောက်ရှိမယ် ။
ရွှေကြုတ်ရဲ့ အပေါ်မှာ ရုပ်ကြွလေးတွေ
ဖော်ထားသေးသဗျ။
ရသေ့ကြီးရဲ့ မျက်လုံးတွေက အဲဒီရွှေကြုတ်ကို
စိုက်ကြည့်ပြီး မေးလိုက်တယ်။
“သိုက်နန်းရှင် မဟုတ်လား”
“မှန်ပါ့ဘုရား တပည့်တော်မဟာ
ဟောဒီရွှေဂူသိုက်နန်းကြီးရဲ့
သိုက်နန်းရှင်ပါဘုရား”
“အော် …အော် ။ ရွှေဂူရှင်မ နန်းကြာမုံဆိုတာ
ဒကာမလေးပေါ့”
“ဟုတ်ပါတယ်ဘုရား ။ တပည့်တော် ရွှေဂူရှင်မ
နန်းကြာမုံပါဘုရား ။ ဒီပြဒါးပြာသိုက်ကို
စောင့်ရတဲ့သူပါဘုရား”
ဘရသေ့က ခေါင်းညိတ်ပြလိုက်ပြီး ပြောတယ်ဗျ။
“ဒီမှာ ရွှေဂူရှင်မ နန်းကြာမုံ ဘရသေ့ ထွက်ရပ်လမ်းကို
မြန်းကြွဖို့ရာ ဟောဒီပြဒါးပြာရမှ ဖြစ်မှာမို့ ဟောဟိုက
ကြာကလပ်ပေါ်မှာ တင်ထားတဲ့ ပြဒါးပြားရွှေကြုတ်ကို
အလှူခံပါတယ် ဒကာမလေး”
“ဒီပြဒါးပြာဟာ လှူလို့လည်း မရ။ ပေးလို့လည်း မရတဲ့
အရာပါဘုရား ။ အထက်က ဘိုးဘိုးကြီးဘုရားတို့ရဲ့
အမိန့်အရ အသက်ပေးပြီး ကာကွယ်ရမှာပါဘုရား။
တပည့်တော်မ အနူးအညွတ် တောင်းပန်ပါတယ်။
ရွှေ ငွေ ရတနာ ကျောက်သံ ပတ္တမြားတွေကို
အရှင်ဘုရားတို့ ကြိုက်သလောက် ယူသွားပါဘုရား ။
ဒီပြဒါးပြာကိုတော့ ပေးဖို့နေနေသာသာ လက်နဲ့တောင်
အထိမခံနိုင်ပါဘူးဘုရား ။ တပည့်တော်မကို
သနားတယ်ဆိုရင် ဒီကပဲလှည့်ပြီး ပြန်တော်မူပါ
ဘရသေ့ကြီးဘုရား”
“သြော် …ဒီလိုလား ။ ဒီလိုဆိုမှဖြင့် ရအောင်
ယူရတော့မှာပေါလေ”
ဘရသေ့က သူဆေးတောင်ဝှေးကို ကြမ်းပြင်မှာ
ဒေါက်ကနဲမြည်အောင် ထောက်လိုက်တယ်ဗျ။
ဒီမှာတင် ပတ္တမြားခန်းဆောင်ရဲ့ ထောင့်လေးထောင့်မှာ
ရပ်နေတဲ့ တင်းပုတ်ကိုင် ဘီလူးရုပ်ကြီး လေးရုပ်
အသက်ဝင်လာရောဗျို့။
တင်းပုတ်ကြီးတွေကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး
ကျုပ်တို့ဘက်ကို လျှောက်လာရောဗျာ။
ဒီအချိန်မှာ ဘရသေ့က မျက်စိစုံမှတ်ပြီး
မန္တန်ရွတ်နေတာဗျ။
ဘရသေ့က မန္တန်ကို အရပ်လေးမျက်နှာလှည့်ပြီး
ရွတ်တာ။ သူ့လက်ထဲမှာ ကိုင်ထားတဲ့
ဆေးတောင်ဝှေးကနေအခိုးအလျှံတွေ
ထွက်လာတာဗျို့။
ကျောက်ဘီလူးရုပ်ကြီး လေးကောင်က
တရွေ့ရွေ့နဲ့ ကပ်လာကြတာ ကျုပ်တို့နဲ့
ဆယ်ပေလောက်ပဲ ကွာတော့တာဗျ။
“ဟိတ်”
ဘရသေ့ ထအော်လိုက်တော့ ဘီလူးရုပ်ကြီး
လေးရုပ်ဟာ လက်ကြီးတွေ မြှောက်ရက်သားနဲ့
ကျောက်ရုပ်ပြန်ဖြစ်သွားကြရောဗျို့။
“ဟဲ့ ဖယ်စမ်း ရွှေဂူရှင်မ”
ဘရသေ့က ပြောပြောဆိုဆိုနဲ့ သူ့တောင်ဝှေးနဲ့
ရွှေဂူရှင်မဘက်ကို ဝှေ့လိုက်တာ တောင်ဝှေးက
မီးခိုးလုံးကြီး ထွက်သွားပြီး ရွှေဂူရှင်မဟာ
နေရာမှာတင် ခွေကျသွားရောဗျို့။
ကျုပ်ဖြင့် ရွှေဂူရှင်မကို သနားလိုက်တာဗျာ။
ပြေးပြီး ပွေ့ထူပေးချင်လိုက်တာ။
စိတ်ကို မနည်းထ်ိန်းထားရတယ်။
ဘရသေ့က ရှေ့ဆက်သွားပြီ။ ကျုပ်လည်း
နောက်က ကပ်လိုက်လာတယ်။ ဘရသေ့က
ရွှေလှေကား ကိုးထစ်ကို စပြီး တက်ပြီဗျ။
တစ်ထစ်။ နှစ်ထစ် ။သုံးထစ် ။ လေးထစ် ။ ငါးထစ်။
“စည်းပေါက်သွားပြီဟေ့ ။ ဝိုင်းကြဟေ့ ။ ဝိုင်းကြ”
ဂူကြီးတစ်ခုလုံး ဟိန်းထွက်သွားတဲ့ အသံကြီးဗျ။
ကျုပ်လည်း လန့်ပြီး နောက်ကို လှည့်ကြည့်လိုက်တယ်။
“ဟာ ”
ရသေ့သောမက ကျုပ်နောက်မှာ ပါမှမလာဘဲ။
သတိမေ့ပြီး လဲကျနေတဲ့ ရွှေဂူရှင်မကို ရသေ့သောမက
ပွေ့ထားလို့ပါလား။
‘နောင် နောင် နောင် နောင်”
ဟာ ဂူကြီးတစ်ခုလုံး မောင်းတီးသံတွေ ဆူညံပြီး
ကျောက်တုံးကြီးတွေ လိမ့်ကျလာတဲ့ အသံတွေလည်း
ကြားရတယ်ဗျာ။ လူတစ်ထောင်လောက် ညာသံပေးပြီး
ပြေးလာတဲ့ ခြေသံတွေ ကြားနေရတယ်။
ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တဖျန်းဖျန်း
ထလို့ဗျာ။
“ဝုန်း ဝေါ ဝေါ”
ဟာ ကျောက်နံရံကြီးတွေမှာ အပေါက်ကြီးတွေ
ပေါ်လာပြီး ရေလုံးကြီးတွေ ပန်းထွက်လာရောဗျို့။
“ပြေး ပြေး မောင်တာတေ ပြေးတော့ တော်တော်မိုက်တဲ့
သောမ။ ဒင်းကြောင့် ဖြစ်ရတာ။ မောင်တာတေ
လွတ်အောင် ပြေးပေတော့ ”
ကျုပ်လည်း တစ်ကိုယ်လုံး ထူပူပြီး စွတ်ပြေးခဲ့ရတာပေါ့ဗျာ။
ထွက်ပေါက်ကို ရောက်ပြီဗျ။ ကျောက်လှေကားတွေပေါ်ကို
ပြေးအတက်မှာ…
“ဝုန်း”
နောက်က ပါလာတဲ့ ရေလုံးကြီးက
ကျုပ်ကို ပြေးရိုက်လိုက်တယ်
ကျုပ် ရေလုံးကြီးနဲ့ ပါသွားရောဗျို့။
ကျုပ် သတိရလာလို့ကြည့်လိုက်တော့
စမ်းချောင်းကြီးတစ်ခုဘေးက
ကျောက်တုံးကြီးတစ်ခုပေါ်မှာဗျ။
တစ်ကိုယ်လုံးလည်း နာကျင်နေတာပဲဗျာ။
ကျုပ် ဘယ်နေရာရောက်နေမှန်းလည်း မသိဘူး။
သတိမေ့နေတာ ဘယ်လောက်ကြာသွားမှန်းလည်း
မသိချင်ဘူးဗျ။
စမ်းချောင်းထဲက ရေကို လက်ခုတ်နဲ့ ခပ်သောက်ပြီး
မျက်နှာသစ်လိုက်တယ်။ ပြီးတော့မှ တောထဲကထွက်ဖို့
မှန်းပြီး လျှောက်လာတယ်။ တော်တော်လေး
လျှောက်မိတော့ ကျုပ်ရှေ့မှာ တွေ့လိုက်ရတာက
ညောင်ပင်ကြီး နှစ်ပင်ဗျ။
“ဟာ ”
ကျုပ် တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တဖျန်းဖျန်း
ထသွားတာဗျို့။ ဒါ ရွှေဂူသိုက်ကြီးရဲ့ ဝင်ပေါက်က
ညောင်ပင်ကြီးတွေဗျ။ ကျုပ် လျှောက်ရင်းနဲ့
ရွှေဂူသိုက်ကြီးရှိတဲ့ နေရာကို ပြန်ရောက်လာတာပဲ။
ကျုပ်လည်း ဘာမှမတွေးတော့ဘဲ နောက်ကို
ချာကနဲ လှည့်ထွက်လိုက်တယ်။
“မောင်တာတေ ။ နေပါဦးကွဲ့”
ကြက်သီးတွေ ဖျန်းကနဲ ထပြီး ဆံပင်တွေပါ
ထောင်သွားတယ်လို့ ထင်လိုက်မိတယ်ဗျာ။
ကျုပ်နာမည်ကို ဘယ်သူ ခေါ်လိုက်တာတုံး။
သိုက်ထဲက ကျောက်ဘီလူးကြီးတွေများလားလို့
တွေးမိပြီး ကျုပ်နောက်ကို လှည့်ကြည့်လိုက်တော့
ညောင်ပင်ကြီး တစ်ပင်ရဲ့နောက်က ထွက်လာတဲ့
အဘိုးကြီးတစ်ယောက်ဗျ။ အပေါ်ဖြူ အောက်ဖြု။
ပုဝါဖြူ ပေါင်းလို့။ လွတ်အိတ်ကတော့ အစိမ်းရောင်ဗျ။
“ဟာ…အဘိုးပါလား”
ဟုတ်တယ်ဗျ။(မဖဲဝါ မဝင်ရ)မှာ ကျုပ်ပြောပြခဲ့ဖူးတဲ့
ကုန်းတန်းရွာဟောင်းကြီးက အဘိုးဆရာကြီးဗျ။
ကျုပ်ကို အင်းလက်ကိုင်ပုဝါစည်းပြီး ရွာဟောင်းကြီး
အဟောင်းကို ပြခဲ့တာလေဗျာ။အဖေရှင်လို့ခေါ်တဲ့
အဘိုးဆရာကြီးလေ။ (ခင်ဗျား မေ့နေရင်တော့
‘မဖဲဝါ မဝင်ရ’ကို ပြန်ပြီး ဖတ်ကြည့်ဗျာ)
“မောင်တာတေ အဘိုးကို မှတ်မိသားပဲ။
ဘယ့်နှယ်တုံးကွဲ့ မောင်တာတေရဲ့။
ရသေ့သိုက်ဆရာနဲ့ အဖော်လိုက်ခဲ့တာ
တော်တော်မှ ဗဟုသုတ ရရဲ့လား”
“ဟာ မပြောပါနဲ့တော့ အဘိုးရယ် ကျုပ်ဖြင့်
ကံကောင်းလို့ မသေတာဗျာ”
“ဟား ဟား ဟား ဟား မင်းကွာ တော်တော်စပ်စုချင်တဲ့
သူငယ်ပဲ ။ရသေ့သိုက်ဆရာကို ဘယ်လိုများတွေ့လို့
လိုက်လာတာတုံး”
ကျုပ်က အဘိုးဆရာကြီး အဖေရှင်ကို အကျိုးအကြောင်း
ပြောပြလိုက်တော့ အဘိုးက ကျုပ်ကို ခေါင်းတညိတ်ညိတ်နဲ့
ကြည့်တယ်ဗျ။
“ကဲ မောင်တာတေ ။ အဘိုးပြောတာ နားထောင်။
သိုက်ထဲမှာ ရွှေဂူရှင်မ အခုထိ သတိမရသေးဘူးကွဲ့”
“ဟာ ဟုတ်လား အဘိုး”
“အေး ဟုတ်တယ် မောင်တာတေ ။ သိုက်ဆရာ
ရသေ့ရဲ့ ပညာက တော်တော်မြင့်တာကွဲ့။
ရွှေဂူရှင်မကို ကယ်ဖို့ လူကလေး သိုက်ထဲကို
ပြန်ပြီး ဝင်မှ ဖြစ်မယ်”
“ဗျာ ။ ကျုပ် သိုက်ကြီးထဲကို ပြန်ဝင်ရမယ် ဟုတ်လား
အဘိုး ။ ကျုပ်ကို ကျောက်ဘီလူးကြီးတွေ ဝိုင်းပြီး
သတ်ကြမှာပေါ့ အဘိုးရဲ့”
“မသတ်ပါဘူး မောင်တာတေရယ် ။
ဟောဒီဆေးတောင့်ကို ယူသွား။ သိုက်ထဲရောက်တော့
ဒီဆေးတောင့်ကို သွေးပြီး မောင်တာတေကိုယ်တိုင်
သိုက်နန်းရှင်မရဲ့ မျက်နှာမှာ သနပ်ခါး လိမ်းသလို
လိမ်းပေးလိုက်ပေတော့ ။ ရွှေဂူရှင်မ
ကောင်းသွားလိမ့်မယ်ကွဲ့”
“ဖြစ်ပါ့မလား အဘိုးရယ်”
“ဟာ ဖြစ်ပါတယ်ကွဲ့ မောင်တာတေအပေါ်ကို
ဘာအန္တရာယ်မှ မကျရောက်စေရပါဘူး ။
ပြီးတော့ မောင်တာတေ လာမှာကို သူတို့
ကြိုသိလို့ စောင့်နေကြပါပြီ ။ သူတို့ သခင်မ
အတွက် သူတို့တွေမှာ မျက်ရည်နှင့် မျက်ခွက်
ဖြစ်နေကြရရှာတာပါကွယ် ။ ကိစ္စပြီးရင်သာ
ချက်ချင်းပြန်ထွက်လာခဲ့ ။ ကျုပ် ဒီ ညောင်ပင်ကြီးတွေ
အောက်ကပဲ စောင့်နေမယ်”
အဘိုး ဆရာကြီး အဖေရှင်က သူ့ခေါင်းမှာ
ပေါင်းထားတဲ့ပုဝါအဖြူလေးကို ဖြုတ်ယူပြီး
ကျုပ်ခေါင်းမှာအဘိုးကိုယ်တိုင်
ပေါင်းပေးလိုက်တယ်။
ပြီးတော့ ဆေးတောင့်အပ်တယ်။
“ဝုန်း ဝုန်း ကျွိ ကျွိ”
ဟာ သိုက်တံခါးကြီး ပွင့်သွားပြီဗျို့။
ကျောက်လှေကားကြီးတွေကို မြင်နေရပြီ။
“ကဲ မောင်တာတေ သွားပေတော့ ။
သူ့ကို သိုက်တံခါး ဖွင့်ပေးလိုက်ပြီ”
ကျုပ်လည်း ဆေးတောင့်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ကျောက်လှေကားအတိုင်း ဆင်းလာလိုက်တယ်
ဟိုနေ့က တွေ့တဲ့ လက်လေးဖက်ပါတဲ့ ကျောက်ဘီလူး
ရုပ်ကြီးက ဒီတစ်ခါတော့ လှုပ်တောင် မလှုပ်ဘူးဗျ။
ကျုပ်က ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်ဝင်လိုက်တယ်။
ဆင်စွယ်ရောင် အခန်းကြီးကို ဖြတ်လိုက်တယ်။
ဘယ်သူ့ကိုမှ မတွေ့ဘူးဗျ။
“ဝုန်း ဝုန်း ”
ဟာ နောက်တံခါးတစ်ချပ် ပွင့်ပြန်ပြီဗျို့။
ပတ္တမြားအရောင် ခန်းမကြီးဗျ။ ရွှေလှေကားထစ်တွေနဲ့
ရွှေပလ္လင် ။ ရွှေကြာပွင့်ကြီးပေါ်က ရွှေကြုတ်နဲ့
ထည့်ထားတဲ့ ပြဒါးပြာ။ ရသေ့ကြီး ဦးဘောဂ
သိပ်လိုချင်တဲ့ ပစ္စည်းပေါ့ဗျာ ။ ကျုပ်က
ပတ္တမြားခန်းမကြီးထဲကို လှည့်ပတ်ကြည့်လိုက်တော့
အစိမ်းရောင် တင်းတိန်းကာထားတဲ့
အခန်းတစ်ခန်းကို တွေ့လိုက်တယ်။
အရှေ့မှာ ရပ်နေတဲ့ နတ်မိမယ်လေးတွေ
အစိမ်းရောင်နဲ့ ရွှေရောင်အဝတ်နဲ့ဗျ။
ကျုပ်က သူတို့ဘက်ကို လျှောက်သွားလိုက်တယ်။
သူတို့အားလုံး ကြမ်းပြင်ပေါ်မှာ ဒူးတုပ်ထိုင်ပြီး
ကျုပ်ကို လက်အုပ်ချီ ထားကြတယ်
“ဆေးသွေးဖို့ ပေးပါ”
ကျုပ်ပြောလိုက်တာနဲ့ တင်းတိန်းကိုဖွင့်ပြီး
နတ်မိမယ်လေး တစ်ပါး ထွက်လာတယ်။
ရေထည့်ထားတဲ့ ရွှေခွက်တစ်ခုနဲ့ မြကျောက်ပြင်တစ်ချပ်
ပေးတယ်။ ကျုပ်က ပတ္တမြားကြမ်းပြင်မှာ ထိုင်ပြီး
ဆေးသွေးတယ်။ ရွှေခွက်ထဲက ရေကိုထည့်လိုက်
သွေးလိုက်နဲ့ မြကျောက်ပြင်မှာ ဆေးတော်တော်ရလာတော့
ကျုပ်က ဆေးတောင့်ကို ပြန်သိမ်းပြီး မြကျောက်ပြင်ကို
ယူတယ်။ ကျုပ်လုပ်သမျှကို မျက်တောင်မခတ်ဘဲ
ကြည့်နေတဲ့ နတ်မိမယ်လေးတွေက သူတို့ပါ
ထရပ်ပြီး အစိမ်းရောင်ပိုးသားတင်းတိန် ဟိုဘက်
ဒီဘက် ကိုင်ပြီး ဖွင့်ပေးကြတယ်
အတွင်းကို လှမ်းကြည့်လိုက်တော့ ရွှေသလွန်ပေါ်မှာ
ဆန့်ဆန့်လေး လဲနေတဲ့ ရွှေဂူရှင်မ နန်းကြာမုံကို
တွေ့လိုက်ရတယ်။တစ်ကိုယ်လုံး ပတ္တမြားရောင်
နီရဲနေတဲ့ ထိုင်မသိမ်းနဲ့ ခါးတောင်အင်္ကျီကို
ဝတ်ထားတယ်ဗျ။
အခန်းတစ်ခုလုံး မွှေးကြိုင်နေတာပဲဗျို့။
တင်းတ်ိန်ကာထားတဲ့ အခန်းထဲမှာ အစိမ်းရောင်
ဝတ်ထားတဲ့ နတ်မိမယ်လေးတွေက ရွှေယပ်တွေကိုင်ပြီး
ရွှေဂူရှင်မကို ယပ်ခတ်ပေးနေကြတယ်
ကျုပ်က ရွှေဂူရှင်မ လဲလျောင်းနေတဲ့ ရွှေသလွန်ဘေးကို
ကပ်သွားပြီး မထိရက်လောက်အောင်လှတဲ့ လူလား
နတ်လား မသိနိုင်တဲ့ ရွှေဂူရှင်မရဲ့ မျက်နှာလေးပေါ်မှာ
အဘိုးဆရာကြီးရဲ့ ဆေးတော်ကို သေသေချာချာ
လိမ်းပေးလိုက်တယ်။
ဆေးကုန်အောင် လိမ်းပြီးတာနဲ့ ကျုပ်က လက်ထဲမှာ
ကိုင်ထားတဲ့ မြကျောက်ပြင်ကို နတ်မိမယ်လေး
တစ်ယောက်ကို လှမ်းပေးလိုက်တယ်
ဒီအချိန်လေးမှာပဲ …
“ဟာ သခင်မ သတိရလာပြီ”
လို့ ရွှေယပ်ကိုင် နတ်မိမယ်လေးတစ်ပါး ပြောလိုက်တဲ့
အသံကို ကျုပ် ကြားလိုက်တယ်။ နတ်မိမယ်လေးတွေ
အားလုံး ရွှေသလွန်းဘေးမှာ ဝိုင်းအုံပြီး ကြည့်ကြတယ်
“ဝမ်းသာလိုက်တာ သခင်မရယ်”
ကျုပ်ကတော့ မလှမ်းမကမ်းမှာပဲ
ရပ်ကြည့်နေလိုက်တယ်
“သခင်မ နေကောင်းပါပြီကွယ် ကဲ ကဲ ညီမတော်တို့
ဖယ်ကြဦးကွဲ့။ သမားတော်လေးကို
ကျေးဇူးပြုရပေဦးမယ်”
ရွှေဂူရှင်မက ရွှေသလွန်ညောင်စောင်းမှာ အသာလေး
ထထိုင်လိုက်တယ်။ ကျုပ်က ရပ်နေတဲ့ နေရာမှာပဲ
ကြုံ့ကြုံ့ထိုင်လိုက်တယ်
“အဖေရှင်ရဲ့ကျေးဇူး ကြီးမားလှပါပေတယ်
ဟောဒီက မောင်ငယ် သမားတော်လေးကိုလည်း
နန်းကြာမုံ ကျေးဇူးအထူးတင်လှပါတယ်ကွယ်
ကဲ သမားတော်လေး ကြိုက်တဲ့ ရွှေငွေရတနာတွေကို
ကြိုက်သလောက် ယူသွားနိုင်ပါတယ်”
“ဟာ ကျုပ် အဲဒါတွေ ဘာကိုမှ မလိုချင်ပါဘူးဗျာ
ရွှေဂူရှင်မ ကျန်းမာသွားရင်ပဲ ကျုပ် စိတ်ချမ်းသာလှပါပြီ”
“သမားတော်လေးရဲ့ စိတ်ထား မွန်မြတ်ပါပေတယ်
ဒါဆိုရင်တော့ ဟောဒီ ရွှေကြက်ဖလေးကို
လက်ဆောင်အဖြစ် သခင်မ ပေးလိုက်ပါ့မယ်
ဒါကိုတော့ ယူပါကွယ်”
ရွှေဂူရှင်မက သူ့လက်ဝါးပေါ်မှာ ဘွားကနဲ
ပေါ်လာတဲ့ ကြက်ဥလုံးအရွယ်လောက်ရှိတဲ့
ရွှေကြက်ဖရုပ်ကလေးကို ကျုပ်ကို ပေးတယ်
“အဘိုးဆရာကြီးက ကျုပ်ကို အပြစ်တင်
နေပါဦးမယ်ဗျာ”
“ဟာ အပြစ်မတင်စေရပါဘူးကွယ် နန်းကြာမုံ
ဟောဒီကနေ အဖေရှင်ကို လှမ်းပြီး
လျှောက်ထားလိုက်ပါ့မယ် ကဲ ယူပါ
မောင်ငယ်”
ကျုပ် ရိုရိုသေသေ သွားပြီး ယူလိုက်တယ်
ပြီးတော့ ကျုပ်ပြန်ဖို့ ပြင်တယ်
အဘိုးဆရာကြီးက ကိစ္စပြီးတာနဲ့
ချက်ချင်း ပြန်ထွက်ခဲ့လို့ မှာလိုက်တယ်လေဗျာ
ပြဒါးပြာသိုက်ကြီးကနေ ကျုပ် ပြန်ထွက်လာတော့
အဘိုးဆရာကြီးက ညောင်ပင်ကြီးအောက်ကနေ
ကျုပ်ကို စောင့်နေတယ်
ကျုပ်က ခေါင်းက ပုဝါနဲ့ ဆေးတော်ကို
အဘိုးဆရာကြီးကို ပြန်အပ်လိုက်တယ်။
အဘိုးဆရာကြီးက ကျုပ်ကို ဆပ်သမြှောင်
သွားတဲ့ လမ်းအရောက် လိုက်ပို့ပေးတယ်
ခဏလေးနဲ့ ဆပ်သမြှောင်ကို ပြန်ရောက်လာတယ်။
ကျုပ်တို့ကို မျှော်နေကြတဲ့ ဆရာတော် ဦးဥတ္တမနဲ့
ကိုအောင်ပွားကို တွေ့တယ်။ ကျုပ်က ဖြစ်သမျှ
အကြောင်းတွေကို လျှောက်ထားလိုက်တယ်။
ဆရာတော်လည်း တော်တော်ကို စိတ်မကောင်း
ဖြစ်သွားတာပေါ့ဗျာ။ ကိုအောင်ပွားက ကျုပ်ကို
လှည်းနဲ့ ပြန်ပို့ပါတယ်။ ကျုပ် ခါးပိုက်ထောင်ထဲမှာ
ထည့်ထားတဲ့ ရွှေကြက်ဖလေး အကြောင်းကိုတော့
ဆရာတော် ဦးဥတ္တမကိုရော။ကိုအောင်ပွားကိုရော
ပြောမပြခဲ့ဘူးဗျ။
ထနောင်းကုန်းကို ပြန်ရောက်တော့ ရွှေဂူရှင်မ
ပေးလိုက်တဲ့ ရွှေကြက်ဖလေးကို ဘယ်သူမှ
မသိအောင် ကျုပ်ရဲ့ သံသေတ္တာထဲမှာ
အသာကလေး သိမ်းထားလိုက်တယ်။
ပြီးပါပြီခဗျာ
စာချစ်သူများအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ