သွေးကြွေးတောင်းတဲ့ည(ဇာတ်သိမ်း)

ကဝေကြီးဥက္ကာက လှမ်းအော်ပြီး ပြောလိုက်တာဗျ။ ဒီအချိန်မှာပဲ ဘိုးလူပေရဲ့ ရင်ညွန့်နေရာတည့်တည့်ကနေပြီး အနီရောင်စက်လုံးလေး ထွက် လာတယ်။ စက်လုံးလေးက ရှေ့ကိုတစ်တောင်လောက် ရွေ့လာပြီး သုံးလုံး ခွဲထွက်သွားတယ်ဗျ။
“ရှီ”
ဆိုတဲ့ အသံလေး မြည်သွားပြီး ကဝေကြီးသုံးယောက်ရဲ့ ရင်ဘတ် ထဲကို တိုးဝင်သွားတော့တာဗျို့။
”အား အား အား”
ကဝေသုံးယောက်ရဲ့ မချိမဆံ့ အော်သံကြီးက တိတ်ဆိတ်နေတဲ့ သန်းခေါင်ယံအချိန်မှာ ယာတောကြီးတစ်ခုလုံးကို လွှမ်းသွားတော့တာပေါ့။
ဗျာ။
“ဘုန်း” “ဘုန်း” “ဘုန်း”
သုံးယောက်စလုံး မြေကြီးပေါ်ကို လဲကျသွားကြပြီး လူးလှိမ့်နေ ကြတော့တာဗျို့။
ခဏကြာတော့မှ သုံးယောက်စလုံး ငြိမ်သွားကြရောဗျ။ ““ဒိဗ္ဗ မင်း ငါ့တပည့်တွေကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပြီ ဟုတ်လား၊ ကဲ လာခဲ့စမ်း ဒိဗ္ဗ၊ မင်းကို ငါ ဒုတိယတစ်ကြိမ် ထပ်သတ်စမ်း မယ်”
ပြောပြောဆိုဆိုနဲ့ ကဝေကြီးဥက္ကာက စက်တွေထုတ်တော့တာပေါ့ဗျာ။
““ဟာ”
ကျုပ်တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းပါပဲဗျာ။ ဘိုးလူပေက ကိုယ်တွေခွဲထုတ်လိုက်တာဗျို့။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်၊ ခုနစ်ယောက်၊ ရှစ်ယောက်၊ ကိုးယောက် ဟာ ကိုးကိုယ်တောင်ဗျို့။
ကဝေကြီးဥက္ကာတောင် မျက်လုံးတွေ ပြူးသွားတယ်ဗျာ။
**ဒိဗ္ဗ မင်းက တော်တော်ကို တိုးတက်နေပါလားကွ၊ ကဲ တွေ့ ကြသေးတာပေါ့ကွာ”
ကဝေကြီးဥက္ကာက စက်တွေထုတ်လိုက်တယ်ဗျ။ ဘိုးလူပေ ကိုးယောက်ကလည်း စက်တွေ တစ်ပြိုင်တည်း ထုတ် တယ်ဗျို့။ ဘိုးလူပေရဲ့ စက်ကိုးခုက အနီရောင်တွေဗျ။ ကဝေကြီးဥက္ကာ ထုတ်တဲ့စက်က အစိမ်းရောင်ဗျ။ ဘိုးလူပေကိုးယောက်ရဲ့ စက်တန်းကိုးခုက ကဝေကြီးဆီကို ပြုပြီးသွားတာဗျို့။ ကဝေကြီးရဲ့စက်က ကိုးခုခွဲပြီး ဘိုးလူပေကိုးယောက်ဆီကို သွားရောဗျ။ ကဝေကြီးရဲ့စက်က ကိုးခုခွဲထားတာ တောင် အားပြင်းတုန်းပဲဗျာ။ ဒါကြောင့်လည်း ဘိုးလူပေက ကိုးကိုယ်ခွဲပြီး ခံထားတာဗျ။
အနီရောင်စက်နဲ့ အစိမ်းရောင်စက်က ရောသွားပြီး တွန်းနေတာဗျို့။
ခဏနေတော့…
“ဝုန်း”
ဟာ သွားပြီဗျို့။ ကဝေကြီးရဲ့စက်က ဖောက်ဝင်သွားပြီဗျာ။ ဘိုးလူ ပေတစ်ယောက် ပျောက်ကိုသွားတာဗျ။
“ဝုန်း”
ဟာ သွားပြန်ပြီဗျာ။ နောက်တစ်ယောက် ပျောက်သွားပြန်ပြီ။ “ဝုန်း” တစ်ယောက် ပျောက်သွားပြန်ပြီဗျို့။
“ဝုန်း”
တစ်ယောက် ပျောက်သွားပြန်ပြီ။ တစ်ယောက်ပြီး တစ်ယောက် ပျောက်သွားလိုက်တာ တစ်ယောက်ပဲ ကျန်တော့တယ်ဗျ။ သေချာပြီပေါ့ဗျာ။ ဒါ ဘိုးလူပေအစစ်ဗျ။ ဟာ ကဝေကြီးက ကျန်နေတဲ့ ဘိုးလူပေဆီကို သူ့စက်တွေ ပြန်ပေါင်းပြီး လွှတ်ပြီဗျို့။ ဘိုးလူပေကလည်း အနီရောင်စက်နဲ့ ကာထားတယ်ဗျ။ စက်နှစ်ခု ထိပ်တိုက်တွေ့ပြီပေါ့ဗျာ။
“ဝုန်း
ဟာ ကဝေကြီးရဲ့စက်က ဘိုးလူပေရဲ့စက်ကို ဖျက်ပြီး ထိုးဝင်သွား တာဗျ။ ဟာ ဘိုးလူပေ ပျောက်သွားပြီဗျို့။ ဟင် ဒါဆိုရင် ဘိုးလူပေအစစ် က ဘယ်မှာတုံးဗျ။ ကျုပ်စိတ်ထင်တာက ကိုယ်ခွဲကိုးယောက်ထဲမှာ တစ်ယောက်ကတော့ ဘိုးလူပေအစစ်လို့ ထင်ထားတာလေဗျာ။
“ဟား ဟား ဟား ဒိဗ္ဗ မင်းပညာက ထင်သလောက် မဟုတ်ပါ လားကွာ၊ ငါ့စက်ကို မခံနိုင်လို့ ပျောက်တောင်ထွက်သွားရတယ်လို့ကွာ၊
‘ဟား ဟား ဟား ဟား’
“ ဟေ့ကောင် ဥက္ကာ၊ ငါက ဒီမှာကွ၊ မင်းရဲ့နောက်မှာ”
ကျုပ် အံ့သြပြီး လှမ်းကြည့်လိုက်မိတယ်။ ဟုတ်ပဗျာ။ ဘိုးလူပေ ဘန့်ဘွေးပင်ကြီးရှေ့မှာ ရပ်လို့ဗျ။ ကဝေကြီး ဥက္ကာလည်း နောက်ကို လှည့်ကြည့်တယ်ဗျ။
“ဪ မင်းက မသေသေးဘူးပေါ့ ဟုတ်လား၊ အေးလေ၊ မသေသေးတော့လည်း မင်းကို မသေမချင်း သတ်ရတော့မှာပေါ့ ဒိဗ္ဗရယ်” ကဝေကြီးက တော်တော်ကို ဒေါသဖြစ်နေပုံပဲဗျ။ သူဝတ်ထားတဲ့ တောင်ရှည်ပုဆိုးကို ချက်ချင်းခါးတောင်းကြိုက်လိုက်တယ်။ ပြီးတာနဲ့ ဘီလူးကြီးတစ်ကောင် ကသလို ခုန်ပေါက်လိုက်တယ်ဗျ။
ဘိုးလူပေက ချက်ချင်းပဲ သူ့နောက်က ဘန့်ဘွေးပင်ကြီးထဲကို နောက်ပြန်ထိုးဝင်သွားတယ်ဗျို့။
“ဟာ”
ကျုပ်ဖြင့် အံ့သြလွန်းလို့
“ဟာ”ခနဲတောင် အော်လိုက်မိတယ်ဗျ။ ကျုပ်ဆရာကြီး ဘိုးလူပေ ဒီလောက်အစွမ်းထက်မှန်း ကျုပ်လည်း အခုမှ သိရတာဗျို့။
“ဪ ဒီလိုလားကွ ဒိဗ္ဗရ”
ကဝေကြီးက သူ့စက်တွေကို ထုတ်တယ်။ ဒီတစ်ခါတော့ လက် ဝါးနှစ်ဖက်ကိုပွတ်ပြီး ထုတ်တာဗျ။ ထွက်တဲ့စက်က ခရမ်းပြာရောင်ဗျ။ ကျုပ်ဖြင့် ဒီလိုစက်မျိုး တစ်ခါမှကို မတွေ့ဖူးပါဘူးဗျာ။
ခရမ်းပြာစက်တွေက လက်ဝါးနှစ်ခုကြားမှာ အလုံးလေးလည်နေတာဗျ။ စက်အလုံးလေးက တဖြည်းဖြည်းနဲ့ တင်းနစ်ဘောလုံးလောက် ဖြစ်လာတယ်။
ဒီမှာတင်ကဝေကြီးဥက္ကာက သူ့စက်ကို လက်ဝါးနှစ်ဖက်ယှက်ပြီး ဆောင့်တွန်းလိုက်တယ်။ ခရမ်းပြာစက်အလုံးလေးက လေးခွနဲ့ ပစ်လိုက်တဲ့ လောက်စာလုံးလို အရှိန်နဲ့ ပြေးထွက်သွားတာဗျ။
“ဝုန်း” ဆိုတာက စက်အလုံးလေးက ဘန့်ဘွေးပင်ကြီးကိုထိပြီး မြည်သွားတဲ့အသံဗျ။ “ဟာ’ ဆိုတာက အံ့သြလွန်းလို့ ကျုပ်ပါးစပ်က ထွက်သွားတဲ့ အသံဗျို့။
“ဂျွတ်” “ဂျွတ်”
ဘန့်ဘွေးပင်ကြီး နှစ်ပိုင်းပြတ်ထွက်သွားတာဗျို့။ ကျုပ်ဆရာကြီး တော့ သွားပါပြီဗျာ။ ဆရာကြီးက မကြောက်ရဘူးလို့ မှားထားတဲ့ကြားကပ် ကျုပ်မှာ ကြက်သီးတွေ ဖျန်းခနဲ ဖျန်းခနဲထပြီး ကြောက်သွားလိုက်တာဗျာ။ “ဟား ဟား ဟား ဟား၊ သွားရှာပါပေါ့လား ဒိဗ္ဗရယ်၊ မင်းက မိုက်လုံးသိပ်ကြီးတာကိုး၊ အနှစ်လေးရာက သွေးကြွေးတောင်းဖို့ လာသတဲ့။
ဟား ဟား ဟား ဟား၊ ကျလည်းကျတဲ့ လူပဲကွာ”
ဘန့်ဘွေးပင်ကြီးက အမြစ်ကနေပြီး ကျွတ်လဲသွားတာဗျ။ နှစ်ပိုင်း လည်း ကျိုးသွားတယ်။ တစ်ပင်လုံးလည်း မိုးကြိုးပစ်သလို မဲသွားတာဗျို့။
“အဲဒါ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ဥက္ကာတစ်ယောက်တည်း ထုတ် တတ်တဲ့ ကဝေမိုးကြိုးစက်လို့ ခေါ်တယ်ကွ ဒိဗ္ဗရဲ့”
တောင်ရှည်ပုဆိုးကြီးကို ခါးတောင်းကြိုက်ထားတဲ့ ကဝေကြီးက အားရပါးရကို ကြုံးဝါးပြောဆိုနေတာဗျို့။
“ဟေ့ ဥက္ကာ၊ မင်းရဲ့ မိုးကြိုးစက်ကိုတော့ ငါကြိုက်သွားပြီကွ၊ ဘာဖြစ်လို့တုံးဆိုတော့ သစ်ပင်တွေကို မီးသွေးဖုတ်ရောင်းလို့ ရတာပေါ့ကွာ၊
ဟား ဟား ဟား
ကျုပ်ဆရာကြီး မသေဘူးဗျ။ ကျုပ်ဖြင့် ဝမ်းသာလိုက်တာ ဗျာ။ တလားကြီးနားမှာ မတ်တတ်ကြီးရပ်ပြီး ကြည့်နေရှာတဲ့ အစ်မ မဖဲဝါလည်း ကျုပ်လိုပဲ ဝမ်းသာသွားတဲ့ပုံပဲဗျ။ ဆရာကြီး ဘိုးလူပေက ဘန့်ဘွေးပင်နဲ့ သုံးလံ လေးလံလောက်မှာ မတ်တတ်ရပ်နေတာဗျ။ သူ့ဆေး လွယ်အိတ်ကလေးကို စလွယ်သိုင်းလျက်ပဲဗျ။
“ဟေ မင်း မသေသေးဘူးလား၊ မင်းက တော်တော်ကို အသက် ပြင်းတဲ့ကောင်ပဲ ဒိဗ္ဗရဲ့ ”
“ဥက္ကာ ဒီတစ်ခါ သေရမှာက ငါမဟုတ်ဘူးလေ၊ မင်းသေရမှာ ဥက္ကာရဲ့၊ အနှစ်လေးရာကျော်အောင် နေပြီးမှ တော်ရောပေါ့ကွာ။ မင်းအဖို့ရာ မှာ အသက်တစ်နှစ် ပိုရှည်လေ အကုသိုလ် တစ်နှစ်စာလောက် တက်လာ လေပေါ့ကွာ”
“ဟား ဟား ဟား၊ ဒိဗ္ဗရေ ဥက္ကာဆိုတဲ့ ငါက ကမ္ဘာချီအောင် နေမယ့်ကောင်ကွ၊ အဲဒါကို မင်းမြဲမြဲမှတ်ထား၊ မင်းမပြောနဲ့ မင်းလို အကောင် ဆယ်ကောင်ပေါင်းပြီးသတ်တာတောင် ငါမသေဘူးကွ၊
‘ဟား ဟား ဟား ဟား”
ကဝေကြီးဥက္ကာက ပြောပြောဆိုဆိုနဲ့ပဲ ဘီလူးကြီးတစ်ကောင်လိုခုန်ပေါက်နေလိုက်သေးသဗျ။ ပြီးတော့မှ… “ဘုန်း”
မြေကြီးကို ဖနောင့်နဲ့ ပေါက်ချလိုက်ရောဗျို့။
ဟာ…..။.
ကဝေကြီး ဖနောင့်နဲ့ ပေါက်လိုက်တာနဲ့ မြေကြီးတွေဟာ လှုပ်လာ ပြီး အတန်းကြီးတစ်ခု ဘိုးလူပေဆီကို ရွေ့သွားတာဗျို့။ မြေကြီးထဲမှာ နဂါးကြီးတစ်ကောင် ရွေ့သွားသလိုမျိုး မြေကြီးတွေပွပြီး ဆရာကြီးဆီကို တန်းတန်းကြီး သွားနေတာဗျို့။
ဘိုးလူပေကတော့ ဘာမှပြန်မလုပ်ဘဲ လက်ကြီးပိုက်ပြီး ကြည့်နေတော့တာပဲဗျာ။
ရွေ့သွားတဲ့ မြွေလိုအတန်းကြီးက ဘိုးလူပေရဲ့ အောက်တည့်တည့်ရောက်တာနဲ့ . . .
“ဝုန်း”
ဆိုတဲ့ အသံကြီးတစ်သံ မြည်သွားတယ်။
“ဟာ
မြေကြီးမှာ တွင်းကြီးတစ်တွင်း ပေါ်လာပြီး ဘိုးလူပေကို ချက်ချင်း ဆွဲချသွားရောဗျို့။
သွားပြီဗျာ၊ သွားပြီ။ ဒီတစ်ခါတော့ ကျုပ်ဆရာကြီး ဘိုးလူပေ တကယ်ကို သွားပြီဗျို့။ ကျုပ်မျက်လုံးထဲမှာ မျက်ရည်တွေ ချက်ချင်းဝဲလာ တယ်။ မဖဲဝါကို ကျုပ်လှမ်းကြည့်တော့ မဖဲဝါကလည်း မျက်လုံးနီနီကြီး တွေနဲ့ ကျုပ်ကို လှမ်းကြည့်နေတယ်ဗျ။
“သွားပေတော့ ဒိဗ္ဗရေ၊ သွားပေတော့ဟေ့၊ ဘရှီရေ မင်းသားကို ငါ မလုပ်ချင်ပေမဲ့ လုပ်လိုက်ရပြီကွာ၊ ငါ့ကို ခွင့်လွှတ်ပါ တပည့်ကြီးရယ်” ကျုပ်ရင်ထဲမှာ တော်တော်ကို နာကျင်ပြီး ခံစားနေရတယ်ဗျာ။ ကဝေကြီးဥက္ကာကို ကျုပ်အိတ်ထဲက ဗားမဲ့အင်းနဲ့ ဝင်ပစ်လိုက်ရင် ကောင်း မလားလို့ ကျုပ်တွေးနေတုန်းမှာပဲ..
“ဝုန်း”
ဟာ မီးတောက်ကြီးဗျာ၊ မြေကြီးထဲကနေ ပွင့်ထွက်လာတာဗျ။
ဟာ ဆရာကြီး ဆရာကြီး ဆရာကြီး ဘိုးလူပေ။ မီးတောက်ကြီးထဲမှာ ဆရာကြီး ပါလာတာဗျို့။ ဟော ထွက်လာပြီ။ မီးတောက်ထဲကကို အေး အေးဆေးဆေး ထွက်လာတာဗျာ။ ဟော ကဝေကြီး နောက်ဆုတ် နောက် ဆုတ်နဲ့ ပြေးပြီဗျို့။ ခြေလှမ်းနှစ်ဆယ်လောက်ကို ပြေးသွားတာဗျ။ ခဏနေ တော့မှ ဘိုးလူပေက လက်နဲ့ရမ်းလိုက်တာ မီးတောက်ကြီး ငြိမ်းသွားရောဗျို့။
“ဟား ဟား ဟား ဟား၊
ဥက္ကာရဲ့ မင်းကွာ ဒီလောက်တောင် ပြေးရသလားကွ၊ မင်း ဒီမီးတောက်ရဲ့ အပူရှိန်ကို မခံနိုင်ဘူးလား၊ အေး မင်းမှတ်ထား ဥက္ကာ၊ မင်း အဝီစိရောက်ရင် အဝီစိငရဲက အပူရှိန်က ဒီမီးတောက်ကြီးရဲ့ အပူရှိန်ထက် အဆတစ်ထောင်မက ပိုပြီးပူလိမ့်မယ်” ကဝေကြီးဥက္ကာ မျက်နှာတော်တော်ပျက်သွားတယ်ဗျ။ ပြီးတော့ ရှက်လည်း ရှက်သွားပုံပဲဗျို့။ ဘိုးလူပေကို ကဝေကြီးက စူးစူးဝါးဝါးကို ကြည့်နေတာဗျ။
ခဏနေတော့ သူ့ခြေထောက်နှစ်ချောင်းကို ပူးပြီးရပ်လိုက်တယ်။ ပါးစပ်က မန္တန်တွေရွတ်ရင်း ခေါင်းက မိုးပေါ်ကို မော့ထားတယ်ဗျ။
““ဟာ”
ကဝေကြီးက ငှက်တစ်ကောင် ဖြစ်သွားပြီဗျို့။ ငှက်ကြီးက နည်း တဲ့ငှက်ကြီး မဟုတ်ဘူးဗျ။ လူတစ်ရပ်လောက်မြင့်တဲ့ ငှက်ကြီးဗျ။ နှုတ်သီး ကြီးကလည်း အရှည်ကြီးနဲ့ ချွန်ထက်နေတာဗျ။ မျက်လုံးတွေကလည်း နီရဲပြီး အရောင်ကို တောက်နေတာဗျို့။ ခြေထောက်နှစ်ချောင်းကလည်း လူကြီးတစ်ယောက်ရဲ့ လက်ကောက်ဝတ်လောက် ရှိတယ်။ ခြေသည်းကြီး တွေမှ ငါးလက်မလောက်ကို ရှည်မယ်ဗျာ။
ဟော ကြီးလာပြီဗျို့။ ပိုကြီးလာတာဗျ။ ကဝေကြီးက မန္တန်တွေမြင့်သွားပြီဗျို့။ ဟော
ဆက်ရွက်နေပုံပဲဗျ။ ဟော လူနှစ်ရပ်လောက်တောင် ပျံပြီ၊ ပျံပြီ။ လေထဲကို ထိုးတက်ပြီး ပျံသွားပြီဗျာ။ ဝဲနေပြီဗျို့။ လေထဲမှာ ဝဲနေပြီ။ ဟော ဘိုးလူပေကို ခြေသည်းအရှည်ကြီးတွေနဲ့ လိုက်သုတ်တော့ တာပဲဗျာ။ ဘိုးလူပေလည်း ယာပြင်ထဲမှာပတ်ပြီး ပြေးနေရတော့တာပေါ့
ဗျာ။
ငှက်ကြီးက လိုက်သုတ်၊ ဘိုးလူပေက ရှောင်ပေးနဲ့ တော်တော်ကို ကြာသွားတာဗျ။ ငှက်ကြီးက ဝဲရင်း ဝဲရင်းနဲ့ အမြင့်ကို တက်သွားတယ်။ ဘိုးလူပေကလည်း သူ့ရဲ့ဆေးလွယ်အိတ်ထဲကနေ လေးသေးသေးလေးနဲ့ မြားသေးသေးလေးကို ထုတ်လိုက်တယ်။ ဒီလိုလေးသေးသေးလေးကို အရင်တုန်းကတည်းက ကျုပ်မြင်ဖူးတယ်ဗျ။ ဆရာကြီး ဒေါက်တာမင်း အောင်နဲ့ လိုက်တုန်းကလေဗျာ။ လင်းတပုံပြောင်းသွားတဲ့ ကဝေမကြီးကို ဒေါက်တာမင်းအောင် ပစ်တာလေ။
(ကဝေဆယ့်နှစ်ကြိုးစာအုပ်ထဲမှာ ပြန် ဖတ်ကြည့်ဗျာ)
ဟော လာပြီဗျို့။ ငှက်ကြီးက ဘိုးလူပေကို ပွဲသိမ်းတိုက်ဖို့ တစ်ရှိန် ထိုးကို ဆင်းလာပြီဗျို့။ ဆရာကြီး ဘိုးလူပေက လေးနဲ့မြားကို အဆင်သင့် ပြင်ပြီး စောင့်နေပြီဗျ။ နီးလာပြီ။ နီးလာပြီ။ ရောက်ပြီ။ လေးတစ်ပစ်တော့ ရောက်လာပြီဗျို့။ ပစ်ပြီ၊ ပစ်ပြီဗျို့။ ဘိုးလူပေ လေးနဲ့ပစ်လိုက်ပြီ။ လက်ခနဲ ဖြစ်သွားပြီး မြားကလေး ထွက်သွားတာဗျ။ ထိပြီဗျာ၊ ထိပြီ။ ငှက်ကြီးရဲ့ ရင်အုံတည့်တည့်ကို ထိသွားတာဗျို့။ ဟာ ထိုးကျသွားပြီဗျို့။ ထိုးကျသွားပြီ။
“ဘုန်း”
မြေကြီးပေါ်ကို ငှက်ကြီး ပြုတ်ကျသွားတာဗျ။
“ဖျန်း” “ဖျန်း ဖျန်း
ငှက်ကြီးက သဲထဲမှာလူးပြီး အတောင်ပံတွေ ခတ်နေတယ်ဗျ။ ဟာ ကဝေကြီး ပြန်ဖြစ်သွားပြီဗျို့။ ငှက်ကြီးပုံစံ ပျောက်သွားပြီး မြေကြီး ပေါ်ကနေ ထလာတာ ကဝေကြီးဥက္ကာဗျာ။
ဘိုးလူပေကို စိုက်ကြည့်နေတယ်ဗျ။ ဘိုးလူပေကလည်း သူ့လေး ကလေးကို လွယ်အိတ်ထဲ ပြန်ထည့်လိုက်ပြီး ကဝေကြီးကို ကြည့်နေတယ်ဗျ။
“ဒိဗ္ဗရေ ငါ ဘာကောင်လဲဆိုတာ ဒီညတော့ မင်းကောင်းကောင်း သိရတော့မှာပေါ့ကွာ”
လို့ ကဝေကြီးကပြောရင်း သူ့လက်တစ်ဖက်နှင့် လေထဲမှာ စက် ဝိုင်းဝိုင်းသလို ဝိုင်းလိုက်တယ်ဗျ။ “ဝုန်း”
ဟာ မီးကွင်းအဝိုင်းကြီးပျို့။ အရွယ်က စကောတစ်ချပ်လောက်ရှိမယ်။
““ဒိဗ္ဗ ဒါ ကဝေမီးကွင်းလို့ ခေါ်တယ်၊ မင်းငြိမ်းနိုင်ရင် ငြိမ်းပေါ့ ကွာ၊ ရော ဟေ့၊ လာပြီ ဒိဗ္ဗရေ”
ကဝေကြီးက လက်နဲ့တွန်းသလို လုပ်လိုက်တာ မီးကွင်းကြီးက လေထဲမှာ ပျံထွက်လာပြီး ဘိုးလူပေရဲ့ ခေါင်းအပေါ် သုံးလံလောက်မှာ ဝဲနေရောဗျ။ ကျုပ်စိတ်ထင် ပြောရရင်တော့ ကဝေမီးကွင်းကြီးကဘိုးလူပေ ကို တည့်တည့်စွတ်ချဖို့ ချိန်နေပုံရတယ်ဗျ။
ဘိုးလူပေကလည်း သူ့လက်ဝါးနှစ်ဖက်ကိုပွတ်ပြီး စက်တစ်ခု ထုတ် ဖို့ လုပ်နေတယ်ဗျ။ ဟော လာပြီဗျို့၊ လာပြီ၊ လာပြီ။ မီးကွင်းကြီးက ဘိုးလူပေရဲ့ ခေါင်းပေါ်တည့်တည့်ကိုစွပ်ဖို့ ဆင်းလာတာပေါ့ဗျာ။ မီးကွင်း ကြီး နီးလာတော့ ဘိုးလူပေက သူ့လက်ဝါးထဲက စက်နဲ့ပစ်လိုက်တာ။
“ဝုန်း”
ဟာ ရေလုံးကြီးဗျာ၊ ရေလုံးကြီး ထိုးတက်သွားပြီး မီးကွင်းကြီး ငြိမ်းသွားရောဗျို့။
“ဟား ဟား ဟား ဟား အဲဒါ ပထမံရေစင်စက်လို့ ခေါ်တယ် ဥက္ကာ၊ မင်းမြင်ဖူးသွားတာပေါ့လေ”
**ဒိဗ္ဗ မင်းက ဒီဘဝရောက်မှ ပညာတွေ တော်တော်ကိုထက်လာ တာပဲကိုး၊ ဒါပေမဲ့ မင်း ငါ့ကိုတော့ မနိုင်နိုင်ပါဘူး ဒိဗ္ဗရာ၊
”ဟား ဟား ဟား ဟား”
ကဝေကြီးက တဟားဟားနဲ့ ရယ်တုန်းဗျ။
လုပ်ပြန်ပြီဗျို့။ ပါးစပ်ရှေ့မှာ လက်ကာပြီး မန္တန်တွေ ရွတ်နေပြန်ပြီဗျို့။ ကဝေကြီးဥက္ကာရဲ့ ပညာတွေကလည်း မကုန်နိုင်အောင် ပါပဲဗျာ။
ဟော ပါးစပ်ရှေ့မှာ ကာထားတဲ့လက်ကို ဆုပ်လိုက်ပြီး မြေကြီး ပေါ်ကို ပစ်ပေါက်သလို လုပ်လိုက်ပြီဗျို့။
““အုန်း” ““အုန်း”
ဟာ ဘာကောင်ကြီးတွေတုံး၊ လေထဲကနေ အုန်းကနဲမြည်ပြီး ပေါ်လာတာ နှစ်ကောင်တောင်ဗျ။ လူသုံးကိုယ်စာလောက် ရှိမယ်ဗျ။ အရပ်ကလည်း ဆယ့်ငါးပေလောက် မြင့်တယ်ဗျို့။ မျက်လုံးကြီးတွေက ဟင်းသောက်ပန်းကန်အရွယ်လောက်ရှိပြီး နီရဲပြူးထက်နေတာဗျ။ လက်ထဲ မှာလည်း တင်းပုတ်တစ်ချောင်းစီ ကိုင်လို့ဗျို့။
ကျုပ်ချက်ချင်းတွေးမိသွားတယ်။ ဒီကောင်ကြီး နှစ်ကောင်က ဇော်ဂနီကြီးတွေ ဖြစ်မယ်ဗျ။ ဟော ဘိုးလူပေကို လိုက်ကြပြီဗျို့။ ဘိုးလူပေ ကလည်း လှည့်ပတ်ပြေးနေတာဗျ။
“ဒုန်း” “ဒုန်း”
ဟာ လက်ထဲက တင်းပုတ်ကြီးတွေနဲ့ ထုပြီဗျို့။
““ဒုန်း” ““ဒုန်း”
ဟာ ထုပြန်ပြီဗျာ။ ဘိုးလူပေကလည်း လှစ်ခနဲ လှစ်ခနဲနေအောင် ရှောင်ပေးနေတာဗျ။
ဇော်ဂနီကြီးတွေကလိုက်၊ ဘိုးလူပေကပြေးနဲ့ တော်တော်ကို ကြာ သွားတာဗျ။ ဒီတော့မှ ဘိုးလူပေက လွယ်အိတ်ထဲက အင်းတွေထုတ်ပြီး ပစ်တော့တာဗျို့။ “ဝုန်း
ဟာ သွားပြီဗျို့။ ဇော်ဂနီတစ်ကောင်တော့ “ဝုန်းခနဲမြည်ပြီး ပျောက်သွားပြီဗျ။ ဟော ဘိုးလူပေ ပစ်ဦးမယ်ဗျို့။ ပစ်ပြီ၊ ပစ်ပြီး ပစ်လိုက်ပြီ
“ဝုန်း”
ဟော နောက်တစ်ကောင်လည်း ပျောက်သွားပြန်ပြီဗျာ။ “ဟား ဟား ဟား ဟား ဥက္ကာရေ၊ မင်းဇော်ဂနီကြီးနှစ်ကောင် တော့ ငါ့အင်းဒဏ် မခံနိုင်လို့ ပြန်ပြေးကြပြီဟေ့၊ ကဲ မင်းမှာ ဘာကောင် တွေ ကျန်သေးတုံး၊ ကျန်သေးရင် ခေါ်လိုက်လေကွာ”
“ဒိဗ္ဗ မင်း လေကျယ်မနေနဲ့၊ မင်းက တောက်လျှောက်ထွက်ပြေး နေတဲ့ ကောင်လေကွာ၊ မင်းက ငါ့ကို ရင်ဆိုင်ရဲတာမှ မဟုတ်တာ၊
ဟား ဟား ဟား ဟား
“ဥက္ကာ ငါက အကြောင်းမဲ့လုပ်နေတာ မဟုတ်ဘူးကွ၊ မင်းရဲ့ စက်တွေ အားနည်းလာအောင် လုပ်နေတာကွ၊ ကဲ မင်းက သိပ်ကိုရင်ဆိုင် ချင်နေရင်လည်း ရင်ဆိုင်လိုက်ကြတာပေါ့ကွာ”
ဘိုးလူပေက ပြောရင်းနဲ့ ရှေ့ကို တိုးလာတယ်။ ကဝေကြီးဥက္ကာက လည်း ရှေ့ကိုတိုးလာတယ်။ တွေ့ကြပြီပေါ့ဗျာ။ အလင်းနဲ့အမှောင်၊ အထက် နဲ့အောက် ပညာသည်ကြီးနှစ်ယောက်ရဲ့ ရင်ဆိုင်တိုက်ပွဲကြီးဗျ။ တစ်ယောက်နဲ့တစ်ယောက် လက်တစ်ကမ်းအကွာမှာ နှစ်ယောက် စလုံး ရပ်လိုက်ကြတယ်။ မျက်နှာချင်းဆိုင် ရပ်လိုက်ပြီးတာနဲ့ စက်တွေ စထုတ်ကြတော့တာပေါ့ဗျာ။
ဟော လှုပ်ပြီဗျို့။ မဖဲဝါ ငြိမ်နေရာကနေပြီး လှုပ်လာပြီဗျို့။ တိုက်ပွဲနဲ့ အနီးဆုံးနေရာအထိ မဖဲဝါ ရွှေ့လိုက်တယ်။ ကျုပ်လည်း မဖဲဝါ လိုပဲပေါ့ဗျာ။ တိုက်ပွဲနဲ့ အနီးဆုံးနေရာအထိ ရွှေ့လိုက်တယ်။ ကျုပ်အင်္ကျီ အိတ်ကပ်ထဲက အင်းချပ်ကိုလည်း ကျုပ်စမ်းကြည့်လိုက်တယ်။
လက်ထဲမှာ ကိုင်ထားတဲ့ ဗားမဲ့ဆရာတော်ရဲ့ ဂဠုန်တောင်ဝှေးကိုလည်း ဆကြည့်လိုက် တယ်။ စိတ်ထဲမှာလည်း ကျုပ်အိပ်မက်ထဲမှာ တွေ့ခဲ့ရတဲ့ ကျုပ်ရဲ့ဆရာတော် ဖြစ်ခဲ့ဖူးတဲ့ ဗားမဲ့ဆရာတော်ကို အာရုံပြုပြီး ကန်တော့လိုက်တယ်။ ပြီးတော့ ကျုပ်သစ္စာဆိုတယ်။
“ကျွန်ုပ်တာတေသည် ဖြူစင်သောစိတ်ထားဖြင့် အထက်လမ်း ဆရာကြီးများကို လိုက်ပါ ကူညီခဲ့သူ ဖြစ်ပါတယ်။ ဒီသစ္စာ မှန်ကန်ပါက အောက်လမ်းပညာသည် ကဝေကြီးဥက္ကာကို နိုင်တဲ့သူ ဖြစ်ပါစေ”
ကဝေကြီးက စက်အစိမ်းရောင်ရော အနီရောင်ရော ခရမ်းပြာ ရောင်ရော အစုံထုတ်ပြီး စက်တစ်ခုတည်းဖြစ်အောင် ပေါင်းလိုက်တယ်ဗျ။ ဘိုးလူပေကတော့ အဖြူရောင်တောက်နေတဲ့ စက်ကိုထုတ်ပြီး တွန်းနေကြပြီဗျို့။ ကဝေကြီးကလည်း သူ့ပညာအကုန်ထုတ်ပြီး သူ့စက်တွေ ကို လွှတ်နေတာကို ကျုပ်သိတယ်ဗျ။ ဘိုးလူပေကလည်း ပညာကုန်ထုတ် ပြီး ကာထားတာပေါ့ဗျာ။
ကျုပ်ကတော့ ကဝေကြီးနဲ့ နီးသထက်နီးအောင် နေရာရွှေ့ထားရ တာပေါ့လေ။ ကဝေကြီးကတော့ သူ့စက်တွေကလွဲရင် ဒီအချိန်မှာ ဘာကိုမှ မမြင်တော့ဘူးပေါ့ဗျာ။ ပညာက ညီနေတော့ ဘိုးလူပေရဲ့ အဖြူရောင် ကာစက်ကို ကဝေကြီးရဲ့ စက်တွေက မဖောက်နိုင်ဘူးပေါ့ဗျာ။ တဖြည်း ဖြည်း အချိန်ကြာလာတာနဲ့အမျှ ကဝေကြီးရဲ့စက်တွေ အားနည်းနည်းပျော့ လာပြီဗျ။
အရောင်လေး နည်းနည်းမှိန်လာတယ်။ ဘိုးလူပေရဲ့စက်တွေက တော့ နည်းနည်းမှကို မမှိန်ဘူး။ အဖြူရောင်မှ လင်းပြီးတောက်နေတာဗျ။ ဒါကို ကဝေကြီးဥက္ကာလည်း သိသွားပုံပဲဗျ။ စောစောက သူ့အားတွေ အများကြီးသုံးပြီးသွားပြီလေဗျာ။ ဘိုးလူပေရဲ့ ပရိယာယ်မှာ ကဝေကြီး ခံသွားရတာပေါ့ဗျာ။ ဟော ထွက်လာပြီဗျို့။
ထွက်လာပြီ။ ကျုပ်စောင့်နေတဲ့ စက်နက်တန်းဗျို့။ ဥက္ကာကြီးရဲ့ နောက်ဆုံးလက်နက်ပေါ့ဗျာ။ ကဝေစက်နက် တဲ့ဗျာ။ ကဝေတစ်သောင်းမှာ တစ်ယောက် မထုတ်နိုင်တဲ့ စက်တဲ့ဗျို့။ ဟော ထွက်လာပြီ၊ ရှေ့ကို ထွက်လာပြီ။ ဘိုးလူပေအနားကို ရောက်ဖို့ နှစ်ပေလောက်ပဲ လိုတော့တာဗျ။
ပြေးပြီ၊ ကျုပ်ပြေးပြီဗျို့။ ကဲကွာ၊ ကဲကွာ၊ ကဲကွာ ရိုက်ပြီဗျာ။ ဗားမဲ့ဆရာတော်ရဲ့ တောင်ဝှေးနဲ့ သုံးချက်တိတိ ကျုပ်လွှဲရိုက်ချလိုက်တယ်။
“အုန်း
အသံကြီးဗျာ မြည်သွားလိုက်တာ မြေကြီးတောင် တုန်သွားတယ် ဗျို့။ ဟာ မီးခိုးလုံးကြီးဗျာ၊ ကဝေကြီးဥက္ကာကို မမြင်ရတော့ဘူးဗျ။ ကျုပ်က အိတ်ကပ်ထဲက အင်းချပ်ကို အဆင်သင့်ထုတ်ပြီး ကိုင်ထားလိုက်တယ်။ တောင်ဝှေးကို ဘယ်လက်မှာ ပြောင်းပြီးကိုင်ရတာပေါ့ဗျာ။ ပါးစပ်ကလည်း အင်းနှိုးမန္တန်ကို မပြတ်ရွတ်နေရတာဗျ။
မီးခိုးတွေ တဖြည်းဖြည်း ပျယ်သွားတော့မှ တွေ့ရတာဗျို့။ ကဝေကြီးဥက္ကာ မြေကြီးပေါ်မှာ ဒူးထောက်လျက်ကြီး ထိုင်လို့ဗျ။ ခေါင်းကြီးက လည်း ငိုက်စိုက်ကြီးချလို့ဗျာ။ ခေါင်းမှာ ပေါင်ထားတဲ့ ပုဝါလည်း မြေကြီး ပေါ်မှာ ပြုတ်ကျလို့ဗျ။ သျှောင်ထုံးကြီးတောင် ပြေကျနေတယ်ဗျာ။ ကျုပ်ကြည့်နေတုန်းမှာပဲ လွှားခနဲခုန်ဝင်လာတာက အစ်မ မဖဲဝါဗျ။
“ဘုန်း” “ဘုန်း “ဘုန်း” ““ဘုန်း”
ရိုက်ပြီဗျို့။ မဖဲဝါက သူ့ရဲ့ သံမဏိလက်ဝါးကြီးနဲ့ ဆက်တိုက်ကိုရိုက်တော့တာဗျာ။
“ဝေါ့”
ဟာ အန်ပြီဗျို့၊ ကဝေကြီး သွေးတွေထိုးအန်ချလိုက်ပြီ။ ကျုပ်အစ်မ မဖဲဝါကတော့ နှစ်ပေါင်းလေးရာက သူ့ရဲ့သွေးကြွေးကို တောင်းလိုက်ပြီပေါ့ဗျာ။
““မောင်တာတေ၊ အင်းပစ်တော့”
ကျုပ်က အင်းနှိုးဂါထာ အဆင်သင့် ရွတ်ထားပြီးသားဆိုတော့ ရှေ့ကို တစ်လှမ်းပြေးတက်လိုက်ပြီး ကဝေကြီးရဲ့ တည့်တည့်ကို ဗားမဲ့ ဆရာတော်ရဲ့ ကဝေသက်ဖြတ်အင်း ပစ်သွင်းလိုက်တယ်။
“အုန်း
“အုန်း”ဆိုတဲ့ အသံကြီး မြည်သွားပြီး အခိုးဖြူဖြူတွေ အလုံးလိုက် ထွက်သွားတာဗျို့။ ဘာကိုမှ ကျုပ်မမြင်ရတော့ဘူးဗျ။
ခဏနေတော့မှ အခိုးအလျှံတွေ တဖြည်းဖြည်းပျယ်သွားတယ်။ ကျုပ်က ကပျာကယာ ကြည့်လိုက်မိတယ်။ သက်တော်လေးရာကျော် ရှိပြီဆိုတဲ့ ကဝေတို့ရဲ့ထွဋ်ခေါင် ကဝေအချုပ် ဆရာအုပ်ကြီးတော့ ဆန့်ဆန့် ကြီး ဇီဝိန်ချုပ်နေပါရောလားဗျာ။ ကျုပ်က ကဝေကြီးနဲ့ တစ်လံလောက်မှာ ကျနေတဲ့ ဗားမဲ့ဆရာတော်ရဲ့ ကဝေသက်ဖြတ်အင်းကို ပြေးကောက်လိုက်တယ်။ ဒီအင်းက ကမ္ဘာတည်သရွေ့ တည်နေမယ့်အင်းဆိုတာကို ကျုပ် သိတယ်လေဗျာ။
“မောင်တာတေ ဝေးဝေးဆုတ်တော့”
ကျုပ်ကို ဘိုးလူပေက လှမ်းအော်ပြောတာဗျ။ ကျုပ်လည်း သတိ ဝင်သွားပြီး နောက်ကိုလှည့်ပြီး ပြေးရတာပေါ့ဗျာ။ ခပ်လှမ်းလှမ်းရောက်မှ ရပ်ပြီးလှည့်ကြည့်လိုက်တယ်။
မဖဲဝါကလည်း သူ့ခေါင်းတလားကို လှစ်ခနဲ ရွှေ့သွားတယ်။
“ဝုန်း”
ဟာ ထတောက်ပြီဗျို့။ ငရဲမီးတောက်ကြီး ထတောက်ပြီ။ နည်းတဲ့ မီးတောက်ကြီးလားဗျာ။ လူနှစ်ရပ်လောက်ကို ရှိတာဗျ။ သွားပြီဗျို့။ ကဝေ ကြီးဥက္ကာကို ငရဲမီးတောက်ကြီးက ဆွဲချသွားပြီဗျို့။ မီးတောက်ကြီးနဲ့အတူ တူ ကဝေကြီးရဲ့ ခန္ဓာကိုယ်ကြီး မြေကြီးထဲကို ပါသွားရောဗျာ။
အစ်မ မဖဲဝါက သူ့ရဲ့ ခေါင်းတလားဘေးမှာထိုင်ပြီး ဆရာကြီး ဘိုးလူပေကို ကန်တာ့တယ်ဗျ။
“ကျုပ်တပည့်မ ဒီဘဝဆိုးကြီးကနေ အမြန်ဆုံး ကျွတ်ပါ လွတ်ပါစေဗျာ’
မဖဲဝါက ဆရာကြီးကို ခေါင်းညိတ်ပြတယ်။ ပြီးတာနဲ့ သူ့ခေါင်း တလားကြီးကို ခေါင်းပေါ်မှာရွက်ပြီး ထွက်သွားတယ်ဗျ။ ခြေလှမ်းသုံးလေး လှမ်း လှမ်းပြီးတာနဲ့ မဖဲဝါ ဖြုတ်ကနဲ ပျောက်သွားတာပေါ့ဗျာ။
ကျုပ်က ဘိုးလူပေကို ဘန့်ဘွေးကုန်းက ဘိုးစံမောင်အိမ်အထိ လိုက်ပို့တယ်။ ကိုကြီးစံအေးရော ဘိုးစံမောင်ရော မအိပ်ကြဘဲ ကျုပ်တို့ကို စောင့်နေကြတာဗျို့။ ကျုပ်က ဗားမဲ့တောင်ဝှေးနဲ့ အင်းကို ဘိုးလူပေဆီကို အပြီးအပ်လိုက်တယ်။ကတ္တီပါအိတ်အနီကလေးနဲ့ အင်းနှိုးဂါထာပါတဲ့ ကြေးပေလွှာက ညနေကတည်းက ဘိုးလူပေကို အပ်ခဲ့ပြီးသားလေဗျာ။ ဒီပစ္စည်းတွေက ကိစ္စပြီးတာနဲ့ ဘိုးလူပေကို အပ်လိုက်ရမှာဗျ။
ခဏနေတော့ ဘန့်ဘွေးကုန်း ဘုန်းကြီးကျောင်းတွေက တုံးမောင်း ခေါက်သံတွေ ကြားရတော့တာပဲဗျ။
“အတော်ပဲ တာတေရေ၊ အရီးရဲ့ ကောက်ညှင်းပေါင်းလည်း ကျက်ပြီဟေ့”
အရီးကျွေးတဲ့ ကောက်ညှင်းပေါင်းနဲ့ နှမ်းထောင်းကို ဗိုက်ဆာဆာနဲ့ အားရပါးရ စားလိုက်တော့တာပေါ့ဗျာ။ အဘနဲ့ အမေမှာတဲ့အတိုင်း ဘိုးလူပေကို ထမင်းစားဖိတ်ပြီး ကန်တော့လိုက်တယ်။ ပြီးတာနဲ့ ကျုပ် အိမ်ပြန်လာခဲ့တယ်။
ကျုပ်အိမ်ရောက်တော့ အဘနဲ့ အမေကလည်း ကျုပ်ကို စောင့်နေ ကြပြီပေါ့ဗျာ။ ကျုပ်လည်း ဒီတော့မှ အဘနဲ့ အမေကို အင်းဝက စခဲ့တဲ့ ဇာတ်လမ်းကို ပြောပြရတာပေါ့ဗျာ။
ခဏနေတော့ မိုးစင်စင်လင်းတော့တာပါပဲ။
ပြီးပါပြီခင်ဗျာ