ကျီးကန်းမ (စ/ဆုံး)

သူ့ဆေးမိသွားတဲ့ ကျီးကန်းအားလုံးဟာ သူ့အစေအပါးတွေဖြစ်ပြီး သူခိုင်းတိုင်းလုပ်ကြတော့တာပဲဟဲ့။ သူဒီနယ်ကိုဘယ်လို ရောက်လာလဲ ငါတို့မသိဘူး။
သူနဲ့အတူပါလာတဲ့ ကျီးကန်းတွေရော ဒီနယ်က
သူဆေးကျွေးထားတဲ့ ကျီးကန်းတွေရော
ပေါင်းလိုက်ရင် ကျီးကန်းတွေထောင်ချီပြီး ရှိနေ
ပြီ။ အဲ့ဒီ့တောကျိးကန်းကြီးတွေက ကျီးကန်းမရဲ့အစေအပါးတွေပဲဟဲ့ ”
“နေပါဦး မဖဲဝါ ရဲ့ ။ ဒီစုန်းမကြီးကို ဘာလို့ ကျီးကန်းမလို့ ခေါ်တာတုံးဗျ”
“ဟဲ့တာတေ ဒီကောင်မကြီးက စုန်းပညာကို
အမြင့်ဆုံးတတ်နေပြီဟဲ့။ အသက်ကလည်း
ရာချီနေလောက်ပြီ။တခြားစုန်းတွေက ထဘီ
ခြုံရင် လင်းတဖြစ်တယ်။သူက အဝတ်နက်ကြီး
ခြုံလိုက်ရင်ကျီးကန်းကြီးဖြစ်သွားရောဟေ့။
အရွယ်က တောကျီးကန်း ငါးဆလောက်ကြီးတယ်။ဒါ့ကြောင့် ဒီစုန်းမကြီးကို ကျီးကန်းမ
လို့ခေါ်တာ”
“သြော် ဒီစုန်းမကြီးက ဗမာမကြီးပဲလား”
“ဟာ မဟုတ်ဘူး။ ဒီကမဟုတ်ဘူး။ ဘယ်နိုင်ငံကစုန်းမကြီးမှန်းကို မသိတာ”
“ဟာ ဒါဆိုရင် ကျုပ်တို့ရွာတော့ ဒီစုန်းမကြီး
ြိငိုးတာကို ခံရရင် သေကုန်တော့မယ်ထင်တယ်”
“နင် ဒီလောက်ကြောက်စရာမလိုဘူး တာတေ။
ဒီကောင်မကြီးပုန်းနေတဲ့ ဂူပေါက်ကိုငါသိတယ်။
အခုလာမယ့် လကွယ်ည ကိုးနာရီတိတိမှာ
နင်ထနောင်းကုန်း အနောက်ဘက်တံခါးကနေ
ထွက်ခဲ့ ပြိးရင် ညောင်ကျပ်ပင်ကြီးအောက်မှာ
စောင့်နေ ။ နင့်ကိုနက်ကျော်လာပြီးခေါ်လိုက်
မယ်။
နက်ကျော်ကို နင်မကြောက်နဲ့ တာတေ
နက်ကျော်က နင့်ကိုသိတယ်။ သူနင့်ကို ခင်တယ်
သူနဲ့သာလိုက်သွား။ သူက ကျီးကန်းမ
ပုန်းနေတဲ့ ဂူပေါက်ကြီးကို လိုက်ပြလိမ့်မယ်။
အဲဒီ့တောင်တစ်တောင်လုံးမှာ ကျီးကန်းမရဲ့
အစေအပါး ကျီးကန်းတွေရှိတယ်။ ဒါပေမဲ့
ဒီကောင်တွေက အစားကြူးတဲ့ကောင်တွေ
ဆိုတော့ အိပ်တန်းတက်ပြီဆိုတာနဲ့ မနိုးတော့
ဘူး။
ပြီးတော့ သူတို့မျက်လုံးတွေက ညဘက်ဆို
ကောင်းကောင်းမမြင်ရဘူး။ နင်ရဲရဲသာလိုက်သွားနင်ဂူထဲဝင်ပြီးလို့ နင့်ကိုစုန်းမကြီးက အာရုံ
စိုက်နေတဲ့အချိန်မှာ ငါ ဂူထဲကိုကျီးကန်းမ မသိ
အောင်ဝင်ခဲ့မယ်။ ငါ့ကိုကျီးကန်းမ တွေ့သွား
တာနဲ့ နင့်ကို သူအာရုံစိုက်မှာ မဟုတ်တော့ဘူး။
သိလား။
ငါ့ကိုပဲ အသေအကြေတိုက်တော့မှာငါရှုံးမဲ့အရေ မြင်ရင် နင့်ဆရာကြီးတွေပေးထား
တဲ့ အင်းတွေနဲ့ ဝင်ပြီးပစ်ပေတော့ ။ တကယ်လို့
စုန်းမကြီးက အဝတ်နက်ခြုံပြီး ကျီးကန်းဖြစ်ပြီ
ဆိုရင် နင်နောက်ဆုတ်လိုက်တော့တာတေ
နက်ကျော် ရင်ဆိုင်လိုက်မယ် ။
နောက်ဆုံးကျီးကန်းမကြီး ဂုထဲက ထွက်သွား ရင် နင်ဘာမှမလုပ်တော့နဲ့ ကြားလား ။ နင်သူ့ကို သတ်လို့ရမှာ မဟုတ်ဘူး။ ဒီနယ်ကနေ မောင်းထုတ်လို့ပဲ ရမှာ ။ ဒါပေမယ့် ကျီးကန်းမက သူရှုံးသွားရင် ဒီနယ်ကို ဘယ်တော့မှပြန်မလာတော့
ဘူးဟဲ့”
“တာတေ တာတေ ထတော့လေ မိုးလင်းနေပြီ
ဟဲ့”
အမေနှိုးတော့မှ ကျုပ်နိုးသွားတာဗျ။
ကျုပ်ချက်ချင်းမဖဲဝါပေးတဲ့ အိမ်မက်ကို
သတိရသွားပြီး အမေ့ကိုလှမ်းမေးလိုက်တယ်
“အမေ လကွယ်ဖို့ ဘယ်နှရက်လိုသေးတုံးဗျ”
“အောင်မယ်တာတေ နင်ကဘာများလုပ်မလို့
တုံးဟဲ့”
“ကိစ္စ ရှိလို့ပါ အမေရ”
“နောက်သုံးရက်လိုသေးတယ်ဟဲ့”
ကျုပ်အမေ့ကို ဘာမှ ပြန်မပြောပဲ မျက်နှာသစ်
ဖို့ဝိုင်းထဲ ထွက်ခဲ့တယ်။
တစ်နေ့ တစ်နေ့ ကျုပ်မှာ အင်းတွေရှာရ ၊
ဘုရားရှိခိုး ပုတီးစိပ်ရနဲ့ အားကိုမအားပါဘူးဗျာ
ဒီရက်အတွင်း ကျုပ်ဝိုပြင်ကို လုံးဝမထွက်ဘူးဗျ။
အဘနဲ့အမေက ကျုပ်လုပ်နေတာတွေကို
မသိမသာအကဲခတ်ပြီး ကြည့်နေကြတာဗျ။
ဘာမှတော့မမေးဘူး။
ကျုပ်ကအဖေရှင်တို့ဘိုးလူပေတို့ကို တိုင်တည်ပြီးအကြောင်းကြား
လိုက်တယ်။ ဒီလိုနဲ့ ကျုပ်စောင့်နေတဲ့ လကွယ်
ညကို ရောက်လာတော့တာပေါ့ဗျာ။…..
🌺🌺🌺🌺
မဖဲဝါပြောတဲ့အတိုင်း ညကိုးနာရီတိတိမှာ ကျုပ်ရွာနောက်ဘက်တံခါက ထွက်ပြီး ညောင်ကျပ်ပင်ကြီးအောက်ကို ရောက်နေပြီ။
ကျုပ်ရဲ့ အင်းတွေဆေးတွေ ထည့်ထားတဲ့
ဆေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်ထားတယ်။ ကျုပ်သုံးဖို့ ရွေးထားတဲ့ အင်းတွေကတော့လွယ်အိတ်အပြင်ဘက်က အိတ်ကပ်ထဲမှာအစဉ်တိုင်းထပ်ထားပြီးသားဗျ။
“ဝူး ဝူး ဝူး အီ အီ အီ”
ဟော နက်ကျော်ကြီးလာပြီဗျို့။ လကွယ်ည
အမှောင်ထုကြီးထဲက ပေါ်လာတဲ့နက်ကျော်
ကြီးအော်သံဗျ။ ကျုပ်ကမျက်ကွင်းဆေး
ကွင်းလာခဲ့တာလေဗျာ။ နက်ကျော် ကြီးကို
ကျုပ်မြင်နိုင်တယ်လေဗျာ
“ဝူး ဝူး ဝူး ”
နက်ကျော်ကြီးရဲလအသံတဖြေးဖြေးနီးလာပြီ
ဗျို့။နက်ကျော်ကြီး ကျုပ်ဆီကို တန်းလာနေတာဗျ။ နည်းတဲ့အကောင်ကြီးလားဗျာ။ တကယ်ကို
နွားမဒန်းလောက်ရှိတာဗျ။
နက်ကျော် ကြီးက ကျုပ်ကို သူ့အမြှီးကြီးလှုပ်
ပြတယ်။ ကျုပ်ကခေါင်းညိတ်ပြပြီး
ညောင်ကျပ်ပင်အောက်ကထွက်လာလိုက်တယ်။
ကျုပ်လည်း ထွက်လိုက်ရော နက်ကျော်က
ချာခနဲ လှည့်ပြီး အလယ်ရိုးမဘက်ကို ဦးတည်
ပြီးသွားရောဗျို့။
ကျုပ်လည်းနက်ကျော်ကြီးနောက်ကခပ်သုတ်သုတ်လိုက်ရတာပေါ့။မဖဲဝါရဲ့ ခွေးကြီးကရှေ့ကသွား ကျုပ်ကနောက်ကလိုက်နဲ့ တောင်ခြေကိုရောက်လာတယ်။
လရောင်မရှိပေမယ့် ကြယ်ရောင်လေးရှိလို့
တော် တော့တာပေါ့ဗျာ။နက်ကျော်ခေါ်တဲ့
လမ်းအတိုင်း ကျုပ်တောင်ပေါ်ကိုတက်ခဲ့တယ်။
ကျုပ်စိတ်ထင်ညဆယ့်တနာရီ လောက်ရှိတော့
နက်ကျော်က ရှေ့ဆက်မသွားပဲ ရပ်လိုက် ရောဗျပြီးတော့ ချုံပုတ်တွေထဲ တိုးဝင်ခိုင်းတယ်။
သူကရှေ့ကတိုးသွားတော့ ကျုပ်ကနောက်က
လိုက်ရတာပေါ့ဗျာ။ ဒါပေမဲ့ အသံမမြည်အောင်
ကျုပ်ကသတိထားပြီး တိုးရတာပေါ့ဗျာ။
ချုံပုတ်ကြီးတွေ ကိုတိုးပြီး ဟိုဘက်ကိုထွက်လိုက်တော့….
ဟာ တွေ့ပြီဗျို့။ တွေ့ပြီ ။ ကျီးကန်းမနေတဲ့
ဂူပေါက်ကြီးဗျ။ ဂူဝကို ချုံပုတ်ပြီး ပိတ်နေတာကိုဗျ။ ဂူထဲမှာ မိးလင်းနေတယ်ဗျ။ ကျုပ်အပေါက်ဝကို သေသေချာချာ ကပ်ပြီးကြည့်လိုက်တော့နံရံမှာ ကျောက်ဖယောင်းတိုင်တွေ ထွန်းထားတာဗျ။ ပြီးတော့ ဂူအလယ်မှာ မီးဖိုကြီးတစ်ဖိုနဲ့ကျောက်အိုးကြီးတစ်လုံးတည်ထားတာတွေ့တယ်ဗျ။
ဒါဆုံးမကြီး ဆေးကြိုထားတာပဲဖြစ်မယ် ဗျ။ ကျုပ်စုန်းမကြီးကို လိုက်ကြည့်တော့မတွေ့ဘူးဗျ။ ဂူထဲက ကျောက်ပန်းဆွဲကြီးနားမှာနားနေတဲ့ လင်းတကြီးနှစ်ကောင်ကိုတွေ့လိုက်တယ်။ တစ်ကောင် ကလင်းတ ထိပ်နီကြီးဗျ။
တစ်ကောင်က လင်းတကျောဖြူ ကြီးဗျ။ ဘလေးချစ်ခိုင်ပြောတဲ့ လင်းတကျောဖြူ ဆိုတာဒီကောင်ကြီးပဲ ဖြစ်မယ်ဗျ။ ဟော ဂူထောင့်က မဲမဲ မဲမဲနဲ့ထွက်လာတာ ဘာကြီးပါလိမ့် ။ ဟာ မျောက်ဝံကြီးဗျ။ နည်းတဲ့အကောင်ကြီးလားဗျာ။
ဟောဟော မျောက်ဝံ ကြီးက ဆေးကျိုထားတဲ့
ကျောက်အိုးကြီးနားကို လျောက်လာပြီး မီးဖိုထဲကို ထင်းချောင်းတွေ ထည့်လို့ဗျ။
ဟော ဟော ခါးကြီးကုန်းပြီး ဖူး ဖူး နဲ့
မီးတောင်မှုတ်နေလိုက်သေးရောဗျာ။
မီးဖိုက မီးတောက်သွားတာနဲ့ မျောက်ဝံကြီးက
ကုန်းကုန်းနဲ့ ဂူထောင့်က မှောင်ထဲကိုဝင်သွား
တယ်ဗျ။
ဒီတော့ မှ ကျုပ်လည်းဂူထဲကို သတိထားပြီးဝင်
လိုက်တယ်။ နက်ကျော် ကျုပ်နောက်ခပ်လှမ်းလှမ်းကနေ ပါလာတယ်။
“ဂီး ဂီး ဂီး ဂီး ဂီး ဂစ် ဂစ်”
ဟာ ကျုပ်ကို မြင်သွားပြီဗျ။ လင်းတထိပ်နီကြီးကအိပ်နေတာမှမဟုတ်တာ။ ကင်းစောင့်နေတာဗျ။ဒီကောင်ကျုပ်ကိုတွေ့သွားပြီ။
“ဂီး ဂီး ဂီး ဂီး”
ဟော လင်းတကျောဖြူ ကြီးကလည်း ကျုပ်ကို
မြင်သွားပြီးအော်တော့တာပဲ။
“ဟဲ့ ထိပ်နီနဲ့ ထိပ်ဖြူ ဘာတွေဖြစ်နေကြတာတုံး”
ဟာ ဒါကျီးကန်းမကြီးရဲ့ အသံပဲဗျ။
စောစောက မျောက်ဝံ ကြီးဝင်သွားတဲ့ မှောင်ရိပ်
ထဲကနေ ထွက်လာတာဗျ။ ခါးကြီးတစ်ဆစ်ချိုးကုန်းပြီး ခေါင်းမှာ ပုဝါနီနီကြီးတစ်ထည်ကို ခေါင်းပေါင်းထားတယ်ဗျို့။
နှာခေါင်းက ရှည်ရှည် ချွန်ချွန်ကြီးဗျ။ လက်ထဲမှာ ကိုင်ထားတဲ့ တောင်ဝှေးကို တဒေါက်ဒေါက်
ထောက်ပြီး ခါးကြီးကုန်းကုန်းကြီးနဲ့အလင်းရောင် အောက်ကို ထွက်လာပြီဗျို့။
ခါးမှာ ဝတ်ထားတာ ထဘီမဟုတ်ဘူးဗျ။
ဘောင်းဘီ ပွပွကြီးဝတ်ထားတာ။စုန်းမကြီးရဲ့
ပုံစံက နှာခေါင်းချွန်ချွန်ကြီးနဲ့ မည်းမည်းကြီး
ဆိုတော့ ကျီးကန်းကြီးလမ်းလျောက်သလိုပဲဗျာ။…..
🌺🌺🌺🌺
လင်းတကြီးနှစ်ကောင်ကလည်းမနားတမ်းကို
အော်ဟစ်နေတာဗျ။
“ဟဲ့ကောင်နှစ်ကောင် ဘာဖြစ်လို့တုံးလို့ငါမေး
နေတယ်”
“ဂီး ဂီး ဂီး ဂီး”
“ဘာ ရန်သူဟုတ်လား၊ ဘယ်မှာတုံးရန်သူ”
ကျီးကန်းမကြီးက လင်းတကြီးတွေပြောတဲ့
စကားကို နားလည်ပုံပဲဗျ။ ခါးကုန်းကုန်းကြီး
နဲ့ ဂူထဲကိုလိုက်ကြည့်တယ်။
ကျုပ်ကကျောက်တုံးကြီးနောက်မှာပုံးနေတာ
ဆိုတော့ ကျုပ်ကို ရုတ်တရက် မမြင်ဘူးနဲ့တူတယ်ဗျ။
ကျုပ်ကပုန်းနေတဲ့ ကျောက်တုံးကြီးနောက်ကနေ
ထွက်လိုက်တယ်။ ဒီတော့မှ ကျီးကန်းမကြီးက
ကျုပ်ကို မြင်သွားပြီး သူ့လက်ထဲကတောင်ဝှေးကိုဆောင့် လိုက်ပြီး..
“ဟဲ့ နင်ဘယ်သူတုံး”
“ကျုပ်က တာတေပါ”
“ဘာ တာတေဟုတ်လား ငါနေတဲ့နေရာကို
ဘာလာလုပ်တာတုံး”
မိန်းမကြီးက ဗမာမဟုတ်ဘူးလို့ထင်ရပေမဲ့
ဗမာစကားကိုကောင်းကောင်းပြောတတ်သားပဲ
ဗ်။
“ကျုပ်ခွေးပျောက်သွားလို့လိုက်ရှာရင်း တော
ထဲမှာ မျက်စိ လည်သွားလို့ဗျ”
“နင့်ခွေးဟုတ်လား ၊ နင့်ခွေးကို ဆာလောင်နေတဲ့
ငါ့ကျီးကန်းတွေက စားပစ်လိုက်တာဖြစ်မှာပေါ့
ကောင်လေးရဲ့ ။ အခု ငါ့ကျီးကန်းက
နင့်ခွေးကို တင်မဟုတ်ဘူး။ နင့်ကိုပါစားပစ်တော့မယ် သိလား တာတေ”
“ကျုပ်ကို ခဗျားကျိးကန်းတွေက စားမယ်ဟုတ်
လား ။ စားကြည့်လေ တာတေ့အကြောင်းသိသွားမှာပေါ့ဗျ”
“အောင်မာ ဆောင့်ကြွားကြွားနဲ့ မလောက်လေး
မလောက်စားကောင်ကများ ဟဲ့ ထိပ်နီနဲ့ ကျောဖြူဒီကောင့်ကိုသတ်ပြီးစားလိုက်ကြစမ်း”
“ဂီး ဂီး ဂီး ဂစ် ဂစ်”
လင်းတကြီးနှစ်ကောင်က တောင်ပံတွေ
တဖျန်းဖျန်းခတ်ရင်း ကျုပ်ရှေ့တည့်တည့်ကနေ
ပျံပြီးဝင်လာတာဗျို့။ ကျုပ်လည်း လက်ထဲမှာ
အဆင်သင့်ကိုင်ထားတဲ့ အင်းချပ်နဲ့ ပစ်လိုက်
တယ်ဗျ။ ကျုပ်ပစ်လိုက်တဲ့အင်းက “ဂဠုန်စက်”
အင်းဗျ ။ လင်းတလောက်ကတော့ ဘယ်မှု
မတုံးဗျာ။
“ဝုန်း ဝုန်း”
ကျုပ်ပစ်လိုက်တဲ့အင်းကြောင့် လင်းတကြီး
နှစ်ကောင် မီးတွေထတောက်ပြီး ဂူကြမ်းပြင်
ပေါ်ကို ထိုးကျသွားရောဗျ။ ဒီတော့မှကျီးကန်းမ
ကြီးက ကျုပ်ကိုမျက်လုံးပြူးကြီးနဲ့ကြည့်ပြီး..
“လက်စသတ်တော့ နင်ကဆရာကိုး ၊
ငါ့တစ်သက်မှာ ဒီလောက်ငယ်တဲ့ ဆရာမတွေ့ဘူးသေးတာ ၊ ကဲနင့်ကို ငါမသတ်မိခင် ဒီဂူထဲကနင်ထွက်သွားပေတော့”
“ကျုပ်ဒီဂူထဲက ထွက်သွားဖို့လာခဲ့တာမဟုတ်
ဘူးဗျ ။ ခဗျားကို ဒီဒေသက မောင်းထုတ်ဖို့
လာခဲ့တာဗျ ကျီးကန်းမကြီးရဲ့”
“အောင်မယ် နင်ကငါ့နံမည်ကိုတောင်သိနေတာ
ကိုး၊ နင်ကပေါ့သေးသေးကောင်တော့မဟုတ်
ဘူးပဲ”
“ဟုတ်တယ် ကျုပ်ကခဗျားကို ကြံတောသင်္ချိုင်း
ထဲက မောင်းထုတ်ခဲ့တဲ့ မဖဲဝါရဲ့မိတ်ဆွေဗျ”
“ဘာ နင်က ဟိုသရဲမရဲ့ မိတ်ဆွေဟုတ်လား။
ဒါဆိုရင် ဟန်ကျလိုက်တာ။ နင့်ကို ဓားစာခံ
လုပ်ပြီး ဟိုသရဲမကို လက်စားချေရမယ်။
ကဲ နင့်ဟာမ သရဲမကို ခေါ်လိုက်စမ်း။မခေါ်
ပေးနိုင်ရင်တော့ နင်သေဖို့သာပြင်ထား
ဆရာပေါက်စန ကောင်စုတ်ကလေး ”
“ဟားဟားဟားဟား ငါ့ကို ခေါ်စရာမလိုဘူး
ငါဒီမှာရောက်နေပြီသားဟဲ့ ကျီးကန်းမရဲ့”
ဟာ မဖဲဝါ ရောက်လာပြီဗျို့။
“ဝူး ဝူး ဝူး ဝူး”
အို နက်ကျော် ကြီးကလည်း အူပြီးဂူကြမ်းပြင်ကိုလက်သည်းနဲ့ ကုတ်လို့ဗျ။ ဒီတုန်းမှာ ကျုပ်က
မဖဲဝါကို ကြည့်လိုက်တယ်။မဖဲဝါက ကျုပ်ကို
မျက်နှာရိပ်မျက်နှာကဲ ပြတယ်ဗျ။
ကျုပ်သိတာပေါ့။ ကျုပ်ကို အင်းပစ်ခိုင်းနေတာလေ။ကျီးကန်းမကို မဖဲဝါ ဒီအတိုင်းရင်ဆိုင်လို့
ဘယ်ရမတုံး။ကျုပ်ဆိုတဲ့ကောင်ကလည်း
အဆင်သင့်ပြင်ပြီးသားပါဗျာ။ စောစောကအင်း
တစ်ချပ်ကို ပစ်ပြီးကတည်းက လက်ထဲမှာ
နောက်တချပ်က အဆင်သင့်ကိုင်ထားပြီးသား
လေ။
ဒီတစ်ခါ ကျုပ်ပစ်မှာက “မှော်စက်ရောင်အင်း”ဗျ။စုန်းတွေရဲ့ စက်မျိုးစုံကို ဖျက်ပစ်မဲ့ အင်းဗျ။ ကျုပ်နောက်ကိုခြေလှမ်းမသိမသာ ဆုတ်လိုက်ပြီး ကျီးကန်းမကြီးတည့်တည့်ကို အင်းပစ်သွင်းလိုက်တယ်။
“ကဲ အဲ့ဒါ မှော်စက်ရောင်အင်း တဲ့ဟေ့ ။ခံနိုင်ရင်
ခံတော့ဟ”
“ဝုန်း”
ဟာ ဝုန်းကနဲ မြည်ပြီး ဝင်းကနဲ လက်သွားတယ်
ဗျို့။ ပြီးတော့ မိးခိုးတွေ မှောင်သွားတယ်။
အခိုးတွေပျယ်သွားတော့ ဂူကြမ်းပြင်မှာ
ဒူးထောက်လျက်ကျနေတဲ့ စုန်းမကြီးကိုတွေ့
လိုက်ရတယ်။
ဟော ခုန်ပြီ မဖဲဝါခုန်ဝင်သွားပြီဗျို့။
“ဘုန်း ဘုန်း ဘုန်း ဘုန်း”
မဖဲဝါရဲ့ လက်ဝါးကြီးလေထဲမြောက်သွားပြီး
စုန်းမကြီးရဲ့ ကျောကုန်းကို ဆက်တိုက်ရိုက်
လိုက်တယ်။
“ဝေါ့”
ဟော ကျီးကန်း မကြီး သွေးတွေအန်ပြီဗျို့
ဟော ထပြီ ထပြီ။ ကျီးကန်းမကြီး ဒယီးဒယိုင်
နဲ့ထပြီး ကျောက်ပန်းဆွဲ တခုအပေါ်မှာတင်ထားတဲ့ အဝတ်မည်းကြီးကို ယူလိုက်တယ်။
ပြီးတော့ အဝတ်မည်းကြီးကို သူ့ကိုယ်ပေါ်
ခြုံလိုက်ပြီး…
“နင့်ကို ငါကလျော့တွက်လိုက်မိတာငါ့အမှားပဲ။
နင့်မှာ ဒီလောက်အစွမ်းထက်တဲ့အင်းတွေ
ရှိနေလိမ့်မယ်လို့ကို မထင်မိတာ အဲ့ဒါငါ့အမှားပဲ”
စကားလည်းဆုံးရော ကျီးကန်းမကြီးက
ကျီးကန်းကြီးဖြစ်သွားရောဗျို့။
“ဝုတ် ဝုတ် ဝုတ် ဝူး ဂရား ဂရား”
ဟာ နက်ကျော်ကြီးပြေးဝင်သွားပြီဗျ။ ကျီးကန်း
ကြီးက အပေါ်ကို ပျံတက်ပြီး ကျောက်ပန်းဆွဲ
တစ်ခုမှာ နားနေတယ်။
“ဂရား ဂရား ဝုတ် ဝုတ်”
နက်ကျော်ကြီးကအောက်ကနေ မော့ကြည့်ပြီး
ဒေါသတကြီးနဲ့ ဟောင်ရောဗျို့။ ကျီးကန်းက
မျက်လုံးပြူးပြူးကြီးနဲ့ ဟိုကြည့်ဒီကြည့် လုပ်
တယ်။ ပြီးတော့ ဂူပေါက်ဝကိုတရှိန်ထိုးပျံ
တက်သွားရောဗျို့။မဖဲဝါမှာတဲ့အတိုင်းဘာမှ
မလုပ်ပဲ ဒီအတိုင်းကြည့်နေလိုက်တယ်။
“ဝုတ် ဝုတ် ဝုတ်”
နက်ကျော်ကြီးကတော့ ဂူပေါက်ဝထိလိုက်
ဟောင်နေတာဗျ။
“ဝေါ ဝေါ ဝေါ ”
ဟာ ဘာသံတွေပါလိမ့် ။ကျုပ်ဂူပေါက်ဝကို
ထွက်ပြီးကြည့်လိုက်တယ်။ဟာ ကျီးကန်းတွေ
ဗျို့။ အကောင်နှစ်ထောင်လောက်တောင်
ရှိသလားမသိပါဘူးဗျာ။ကျီးကန်းမကြီး ပျံတဲ့
နောက်ကို စုပြုံပြီး ပျံလိုက်သွားတာဗျ။
ကျုပ်ကမီးဖိုပေါ်က ကျောက်အိုးကြီးကို ခြေထောက်နဲ့ကန်ပြီး တွန်းလှဲ နိုင်တယ်။ကျောက်အိုးကြီးက ဖိုခနောက်ပေါ်ကနေ ပြုတ်ကျပြီးကွဲသွားတယ်။
အထဲက အရည်ပူတွေက ဂူထောင့်က မှောင်ရိပ်
ထဲကို စီးသွားတယ်။စောစောက မျောက်ဝံကြီး
စီးသွားတဲ့ဘက်လေဗျာ။
“ဂီး ဂီး ဂရား ဂီး”
ဟာ အော်သံကြီးဗျာ။ မချိမဆန့် အော်တဲ့အော်
သံကြီးဗျာ။ ဒါစောစောက မျောက်ဝံ ကြီးအော်တဲ့အသံလေဗျာ။ ဘယ်လိုအစွမ်းတွေရှိလဲတော့
ကျုပ်လည်း မသိဘူးဗျ။ မျောက်ဝံ ကြီးအော်သံ
က တဖြေးဖြေးတိမ်ဝင်ပြီးနောက်ဆုံးငြိမ်သွားရောဗျို့။
ကျုပ်ဂူအပြင်ကိုပြေးထွက်ပြီး ချုံပုတ်ကြီး
ထဲကို တိုးဝင်လိုက်တယ်။ချုံပုတ်ကြီးဟိုဘက်
ကိုထွက်လိုက်တော့ ဟာ နက်ကျော်ကြီးဗျ။
ဒီကောင် ကျုပ်ကို စောင့်နေတာဗျို့။
အဲ့ဒီညကနက်ကျော်ကြီးက ကျုပ်ကိုရွာနားထိ
ပြန်ပို့လေရဲ့။
ကျုပ်အိမ်ရောက်တော့ ဆရာတော်ကျောင်းက တုံးမောင်းတောင်ခေါက်နေပြီဗျို့။…..
🌺ပြီးပါပြီ🌺
#တာတေ
#မဖဲဝါ
#ညမဖတ်ရ