အောင်မြတ်သာနှင့်နယ်ပိုင်စက်ကြိုး (စ/ဆုံး)

အစောင့်ပုဂ္ဂိုလ်တွေအနားမရောက်ခင်မှာပဲ မြွေဟောက်ကြီးက အမြှီးနဲ့ရိုက်ထုတ်ဖို့ကြိုးစားပေမယ့် လေအဟုန်လိုလျှင်မြန်တဲ့ အစောင့်တွေကိုမထိပဲ အနားမှာရှိတဲ့ သစ်ပင်တွေကိုသာ ရိုက်မိခဲ့တယ်။
” ရွှပ် ရွှပ် ရွှပ်”
ဖျတ်ခနဲ လက်ခနဲရွှေ့လျားသွားတဲ့ ဓါးချက်တွေကြောင့် မြွေဟောက်ကြီးရဲ့ ကိုယ်ကနေ ကန့်လန့်ဖြတ်အစင်းရာတွေထင်လာပြီး ညိုမဲမဲသွေးပုတ်ရည်တွေ စီးကျလာခဲ့တယ်။
အထိနာလာတဲ့မြွေဟောက်ကြီးက ဒေါသူပုန်ထပြီး မဲမဲမြင်ရာကို အမြှီးနဲ့ရိုက်ပုတ်နေတဲ့အတွက် အနားမှာရှိတဲ့ ကုက္ကိုပင်််အခေေါက်တွေ ဖွာခနဲ ဖွာခနဲ လွှင့်ထွက်ကုန်တယ်။ အချိန်ကြာလာတော့ မောပန်းစပြုနေပြီဖြစ်တဲ့မြွေဟောက်ကြီးကို လေးဖက်လေးတန်ဝိုင်းလိုက်ကြီး လက်ထဲကိုင်ထားတဲ့ပိုက်ကွန်ကို လေပေါ်ပစ်တင်လိုက်ရာ လေးခုသောပိုက်ကွန်တွေက တစ်စုစည်းထဲဖြစ်သွားပြီး ဒေါသခက်ထန်နေတဲ့ မြွေဟောက်ရဲ့ခန္ဓာကိုယ်ကိုလှုပ်မရအောင် ချုပ်နှောင်ထားလိုက်တယ်။
ရုန်းကန်လေ တင်းကြပ်လေဖြစ်နေတဲ့ ပိုက်ကွန်အောက်မှာ အမျက်ချောင်းချောင်းထနေတဲ့ မြွေဟောက်ကြီးက တီကောင်တစ်ကောင်လို တစ်ဖြေးဖြေးဝပ်ဆင်းလာခဲ့ရာ နောက်ဆုံး လက်ကောက်ဝတ်ခန့်ရှိတဲ့ ပိုးကြိုးအနက်ရောင်အဖြစ်ကိုပြောင်းသွားခဲ့တယ်။
ဘိုးဒိန်းနဲ့ မယ်တင့်တို့လဲ သူတို့ပညာကို အလွယ်တကူ ထိန်းချုပ်လိုက်တဲ့ မောင်ကောင်းကြောင့် အခြေနေမဟန်မှန်းရိပ်မိိိိပြီး စက်ကြိုးစီးကာထွက်ပြေးဖို့အလုပ်
” ဟိတ်… စက်ကြိုးမှန်သမျှ ပြတ်ကျစမ်း” ဆိုတဲ့အသံနဲ့အတူ လက်ဝါးစောင်းနဲ့ လေထဲကိုခုတ်ချလိုက်ရာ ကုက္ကိုပင်အဖျားနားရောက်နေပြီဖြစ်တဲ့ ဘိုးဒိန်းနဲ့ မယ်တင့်တို့ ကားကားကြီးပြုတ်ကျလာခဲ့တယ်။
အမြင့်ကနေ ပြုတ်ကျတဲ့အရှိန်ကြောင့် မြေကြီးပေါ်မှာ လူးလွန့်ညဉ်းတွားနေတဲ့အချိန် မောင်ကောင်းက အနားကိုကပ်သွားပြီး
” ဆိုင်ရာပုဂ္ဂိုလ်များ… ဒီပညာသည်နှစ်ယောက်ကို ကုက္ကိုပင်အောက်မှာ ချုပ်နှောင်ထားစေ၊ ကျုပ်အမိန့်မရပဲ မည်သူမှမတွေ့မြင်စေရ၊ မလွှတ်ပေးစေရ” လို့အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ လဲကျနေတဲ့ ဘိုးဒိန်းနဲ့ မယ်တင့်တို့လဲ့ခန္ဓာကိုယ်က ခြေထောက်ကနေ တရွတ်တိုက်ဆွဲခေါ်ခံထိသလိုပါသွားပြီး ကုက္ကိုပင်မှာစွဲကပ်နေခဲ့တယ်။
မောင်ကောင်းတို့နှစ်ယောက်နည်းတူ အခြားတစ်ဖက်မှာလဲ အောင်မြတ်သာနဲ့ ဒေါ်မှူံတို့ရဲ့ပညာပြိုင်မှုက ပတ်ဝန်းကျင်မှာနေတဲ့ ရုက္ခစိုးတွေတောင်ထွက်ပြေးကြရတဲ့ထိ ပြင်းထန်နေခဲ့တယ်။
တလင်းမြေလို ပြောင်ချောနေတဲ့ ဒေါ်မှုံရဲ့အိမ်ရှေ့မှာတော့ သျောင်တစ်စောင်းထုံးထားပြီး ယောဂီဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတစ်ယောက် မလှုပ်မယှက်ရပ်နေခဲ့တယ်။ သူ့အရှေ့မှာတော့ ညိုပုတ်ပုတ်အဆင်ထဘီကို ခပ်တိုတိုဝတ်ထားပြီး ပြောင်းဖူးဖက်ဆေးလိပ်ကို ဟန်ပါပါဖွာရှိုက်နေတဲ့ အမယ်အိုတစ်ဦးက ဒူးတစ်ဖက်ကိုထောင် တစ်ဖက်ကိုချကာ ခပ်စိမ်းစိမ်းစိုက်ကြည့်နေခဲ့တယ်။
” ဟဲ့ ကောင်လေး… နင်က ဒီနယ်မြေကို အခွင့်မရှိပဲဝင်လာတဲ့ ဆရာပေါက်စေမဟုတ်လား”
ဆေးလိပ်မီးစတွေကိုကြမ်းပေါ်ထိုးချေလိုက်ပြီး မေးလိုက်တဲ့ လေသံကြောင့် အောင်မြတ်သာက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ကြည့်လိုက်ပြီး
” နယ်မြေတွေပိုင်နက်တွေပြောရအောင် အခုခေတ်က ပဒေသရာဇ်ခေတ်မှမဟုတ်တော့တာ အမေကြီးရယ်၊ ဘာလို့ ငါဆိုတဲ့အတ္တတွေစွဲကိုင်ထားနေတာလဲ”
” လူကဖြင့် မတောက်တခေါက်နဲ့ ငါ့ကိုတရားလာချနေတယ် အဟက်အဟက်၊ ဒီနယ်က ငါ့နယ် … ငါ့ပိုင်နက်.. မယ်မှုံနယ်ထဲဝင်လာရင် အပိုးကျိုးရင်ကျိုး မကျိုးရင် ငါကိုယ်တိုင်အရင်ကနေ ဆွဲချိုးပေးတဲ့ မိန်းမလေ အဟီး အဟက်အဟက်”
” ဒါဖြင့် ကျုပ်က အပိုးမကျိုးဘူးလို့ အမေကြီးပြောချင်တာလား”
အောင်မြတ်သာစကားကြောင့် ဒေါ်မှုံက မျက်စောင်းနဲ့စိုက်ကြည့်လိုက်ပြီး
” နင်နဲ့နင့်တပည့်နှစ်ယောက်ထဲ ပြန်ထွက်သွားမယ်ဆိုရင်မယ်မှုံက သဘောထားကြီးကြီးနဲ့ လွှတ်ပေးလိုက်မယ်၊ ဟိုတစ်ယောက်ကိုတော့ ငါ့ဆီအပ်ခဲ့”
” ကျုပ်ဘဝကို ချုပ်ကိုင်ဖို့ဆိုတာ သိပ်မလွယ်ဘူးထင်တယ်နော်၊ ဘာလို့ဆို ကျုပ်ကသိပ်ခေါင်းမာတဲ့ကောင်ဗျ”
” ဒီလိုဆိုတော့လဲ ငါ့ဘက်က သည်းခံနိုင်စွမ်းကုန်သွားပြီ၊ မနက်ကျရင် နင့်အလောင်းကို ကောက်ဖို့ တပည့်တွေကိုအကြောင်းကြားပေးရမှာပေါ့”
ဒေါ်မှုံက ထိုင်ရာကနေမထပဲ ဘေးမှာချထားတဲ့ မျက်ဖျာတစ်ချပ်ကို လက်နဲ့ပုတ်လိုက်ရာ မျက်စိအရှေ့မှာတင် တစ်တောင်သာသာရှိတဲ့ လင်းနို့တစ်ကောင်အဖြစ်ပြောင်းသွားပြီး အောင်မြတ်သာဆီကို တဟုန်ထိုးဝင်ရောက်လာခဲ့တယ်။
အနားရောက်ဖို့ လက်တစ်ကမ်းအလိုမှာတော့ ညာဘက်လက်နဲ့ လေထဲကိုဆွဲယူပြီးဘေးကိုပစ်ထုတ်လိုက်ရာ လင်းနို့ကြီးက ဆတ်ခနဲ ရွေ့သွားပြီး ခြံစည်းရိုးထောင့်မှာ သွားကပ်နေခဲ့တယ်။
” နင်က အလာကြီးပါလား… နင့်ကိုအထင်သေးလို့မရဘူးပဲ”
ဒေါ်မှုံက မကျေချမ်းတဲ့လေသံနဲ့ရေရွတ်ပြီး ခြံထဲမှာရှိတဲ့သစ်ပင်တွေကိူလက်ညိုးထိုးကာ နှုတ်ကနေ တတွတ်တွတ်ရေရွတ်လိုက်တယ်ဆိုရင်ပဲ သစ်ပင်ကြီးငယ်တွေပေါ်ကနေ ဇောက်ထိုးဆင်းလာတဲ့ ပုံသဏ္ဌာန်စုံအရွယ်စုံ နာနာဘာဝတွေကိုမြင်လိုက်ရတယ်။
” သားတို့သမီး ကလေးတို့ရေ… နင့်တို့အမေကြီးကို စော်ကားနေတဲ့ ဟောဒီ လူကို ဆုံးမကြလိုက်စမ်းကွယ့်၊ သူ့ကိုသတ်နိုင်တဲ့သူကို အမေကြီးကိုယ်တိုင် နေစရာဆောက်ပြီး ချီးမြှောက်ပေးမယ်” လို့ပြောလိုက်တော့ နာနာဘာဝတွေက သွေးပျက်ဖွယ်ငိုသံရယ်သံတွေ​ပေးပြီး အနားကိုတိုးကပ်လာခဲ့တယ်။
အောင်မြတ်သာက​တော့ နာနာဘာဝတွေကိုကြည့်ပြီး ညာခြေကိုဖောက်ခနဲပေါက်ချလိုက်ရာ မြေကြီးထဲကနေ ခါးကြိုးအနီစတွေစည်းထားတဲ့ ဂိုဏ်းစောင့်ဘီလူးတွေ ကုန်းထလာခဲ့တယ်။
ပါးစပ်ထဲကနေ ချွန်ထွက်နေတဲ့အစွယ်ဖွေးဖွေးတွေက ဝင်းခနဲလက်ခနဲဖြစ်နေပြီး ဆူးအပြည့်ပါတဲ့ တင်းပုတ်နှစ်လက်ကို ကိုင်ထားတဲ့ ဘီလူးတွေက နာနာဘာဝတွေထဲကို ခုန်ဝင်ပြီး တဘုန်းဘုန်းနဲ့ ရိုက်ပုတ်ပါလေရော။
အာဏာကုန်အပ်နှင်းခံထားရတဲ့ ဂိုဏ်းစောင့်ဘီလူးတွေရဲ့ ဝုန်းဒိုင်းကျဲမှုကြောင့် ဆောက်တည်ရာမရပဲ ထွက်ပြေးကြတဲ့နာနာဘာဝတွေရှိသလို ခေါင်းမာပြီး အတင်းဝင်ရောက်တိုက်ခိုက်ကြတဲ့ နာနာဘာဝတွေလဲရှိခဲ့ကြတယ်။
အဲဒီအချိန် ကောင်းကင်ပြင်ကနေ ပြိုးခနဲပျက်ခနဲ တက်လာတဲ့အရာကြောင့် အောင်မြတ်သာက လက်ညိုးထိုးပြီး
” အကူအညီစက်တွေအားလုံး ဒီအိမ်နယ်နိမိတ်ထဲဲဲကို မဝင်စေရ၊ အားလုံးပြတ်တောက်စေ” လို့အမိန့်ပေးလိုက်ရာ စက်​တွေအားလုံး တစ်စစီဖြစ်သွားပြီး လွင့်ထွက်သွားခဲ့တယ်။
” အမေကြီး… ဒီလောက်ဆိုအရှုံးပေးပြီလား… ”
အောင်မြတ်သာစကားကို ဒေါ်မှုံက ဘာမှပြန်မပြောပဲ ခေါင်းငိုက်စိုက်ကျပြီး ပြောင်းဖူးဖက်ဆေးလိပ်ကိုသာ တစ်ဖွာပြီးတစ်ဖွာ ရှိုက်နေခဲ့တယ်။
” နင်လို လူငယ်တစ်ယောက်ကို ငါဘာလို့ တိုက်လို့မရတာလဲ၊ ငါ့ပညာတွေက နင်အနားရောက်တာနဲ့ အကုန်ပျက်သွားတာကို အံ့ဩနေတာ”
” ကျုပ်တို့က သူတော်ကောင်းပညာယူထားတာကိုးဗျ၊ ကျုပ်တို့ပညာကြောင့် သူတစ်ပါးမျက်ရည်ကြီးငယ်မကျခဲ့ရဘူး၊ သူတစ်ပါးအသက်မသေခဲ့ရဘူး၊ ဒါကြောင့် လောကပါလနတ်တွေက မကောင်းတဲ့အတတ်ပညာထက် ပိုသာအောင် ကြည့်ရှုပေးနေခဲ့တာပဲ”
” နင်နိုင်တယ်ဆိုတော့ အခုငါ့ကိုဘာလုပ်ချင်လဲ”
” အမေကြီးက မာန်မချသေးပါလား… ကျုပ်က ဒီနယ်ကိုလာတယ်ဆိုတာ ရှေးဆရာအဆက်ဆက်က တည်းခိုဖူးတဲ့ ဘုန်းကြီးကျောင်းဆီကိုပဲလာတာပါ၊ ဒါကိုအမေကြီးက ကျုပ်တို့တွေကို ဘာလို့ရန်ပြုချင်ရတာလဲ”
” ဘိုးဒိန်းဆိုတဲ့တပည့်တစ်ယောက်က နင့်ခေါ်လာတဲ့ ကောင်လေးကို သူပြန်ခေါ်သွားချင်တယ်ဆိုပြီးပြောလို့ တပည့်သံယောဇဉ်နဲ့ ကူညီမယ်ပြောလိုက်တာ၊ ဒါပေမယ့် နင်တို့က ငါထင်တာထက်ပိုပြီး စွမ်းနေခဲ့တယ် ဟင်း”
” အမေကြီးလဲ အသက်ကြီးနေပါပြီ… စိတ်တွေကိုလျော့သင့်တယ်လို့ အကြံပေးချင်တယ်၊ ဒီနယ်တစ်ဝိုက်မှာက ပညာသည်တွေများတာ​ကြောင့် အမေကြီးအနေနဲ့ မဖြစ်သင့်တာတွေမဖြစ်အောင် ထိန်းသိမ်းပေးစေချင်ပါတယ်”
” နင်ငါ့ကိုပညာမနှုတ်တော့ဘူးလား”
” ကျုပ်တို့က အောက်လမ်းပညာသည်တွေနဲ့ရင်ဆိုင်တိုင်းပညာနှုတ်တာမဟုတ်ပါဘူး၊ လုံးဝကိုပြောမရပဲ ကြမ်းတမ်းရိုင်းစိုင်းတဲ့သူတွေကိုမှ ပညာနှုတ်တာပါ၊ အခုအမေကြီးအနေနဲ့ ဒီပညာကိုအသုံးချပြီး မတရားမှုတွေ မဖြစ်အောင် ထိန်းကျောင်းပေးမယ်ဆိုရင် သစ္စာရေတိုက်ပြီးတာနဲ့ ကျုပ်တို့ကိုယ့်နေရာကိုယ်ပြန်မှာပါ”
” ငါကဘယ်လို သစ္စာမျိုးဆိုရမှာလဲ”
” အမေကြီးကိုယ်တိုင် တတ်အပ်ထားတဲ့ပညာနဲ့ တစ်ပါးသူအသက်သေစေအောင်မပြုစားပါဘူးဆိုတဲ့သစ္စာရယ်၊ အမေကြီးနယ်မြေထဲမှာ မကောင်းတဲ့ပညာသည်တွေကြောင့်ဒုက္ခရောက်နေတဲ့သူတွေကို ကြည့်ရှုပေးမယ်ဆိုတဲ့သစ္စာကိုဆိုရမှာပါ”
” နင်က အသက်သယ်ပေမယ့် ရင့်ကျက်သားပဲ၊ အခုကစပြီး နင်ပြောသလို လုပ်ဖို့ကြိုးစားပေးမယ်၊ ဒါကလဲ ငါရှုံးလို့လုပ်တာမဟုတ်ဘူး ငါစိတ်နဲ့ငါ လုပ်တာ”
အောင်မြတ်သာလဲ မာနစိတ်ကြောင့် နောက်ဆုံးအချိန်ထိ လေသံမာနေတဲ့ ဒေါ်မှုံကို ခပ်ပြုံးပြုံးကြည့်လိုက်ပြီး သစ္စာရေတိုက်ကာ ပြန်လာခဲ့လိုက်တယ်။
++++++++
ကျောင်းပေါ်ပြန်ရောက်တော့ မနက်အရုဏ်တက်နေတဲ့ချိန်ဖြစ်နေပေမယ့် မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်က တစ်ယောက်တစ်ထောင့်မှာ ထိုင်ပြီး အင်းကွက်တွေရေးဆွဲနေတာမြင်လိုက်ရတယ်။
” မောင်ကောင်း…”
” ဟုတ်ကဲ့ဆရာ”
” မင်းချုပ်ထားတဲ့ နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တော့”
ရုတ်တရက်ပြောလိုက်တဲ့ အောင်မြတ်သာစကားကြောင့် အင်းကွက်ဆွဲနေတဲ့ ခွန်းလှက ဆတ်ခနဲခေါင်းထောင်ကြည့်လိုက်တယ်။
” ဆရာ… ကျွန်တော်တို့က ဆရာ့စကား နားမထောင်…”
” မင်းတို့နှစ်ယောက်လုံးကိုအပြစ်မပြောပါဘူး၊ လောကီဆရာတစ်ယောက်လုပ်မယ့်သူဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ရင်ဆိုင်နိုင်စွမ်းရှိရမယ်၊ ခွန်းလှလဲ ပိုကြိုးစားပါ၊ မင်းမှာက အခြားသူတွေနဲ့မတူနဲ့ပါရမီတစ်ခုပါနေတာကြောင့် ဒီပါရမီကိုအသုံးချပြီး လူတွေကိုကောင်းကျိုးပြုနိုင်အောင်လုပ်ပါ”
” ဟုတ်ကဲ့ ဆရာ.. သေချာ​ကြိုးစားသင်ယူပါ့မယ်”
မောင်ကောင်းလဲ စကားဆုံးတာနဲ့ ချက်ချင်းဆိုသလို ကုက္ကိုပင်အောက်မှာ ချည်နှောင်ထားတဲ့ နှစ်ယောက်ကို အမိန့်ပြန်ကာပြန်လွှတ်ပေးခဲ့လိုက်တယ်။
နှစ်လပြည့်လို့ပြန်ခါနီးအချိန်ရောက်တော့ ဒေါ်မှုံတစ်ယောက် ရောက်ချလာပြီး လမ်းခရီးမှာစားဖို့ အသီးအနှံတွေလာပေးခဲ့တယ်။ ဦးလွန်းတင်ကတော့ အောင်မြတ်သာကို ခပ်ပြုံးပြုံးကြည့်နေပြီး မျက်ရည်စတွေစီးကျလာခဲ့တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခေါက်ဆုံတွေ့ခြင်းက သူ့ဘဝရဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်နေလို့ပဲ။ ဦးလွန်းတင်ဆိုတာက တစ်ချိန်က လှံခွေလို့ဓါးကျိုးတဲ့ ဘမိုးဖြစ်ခဲ့တယ်ဆိုတာ အောင်မြတ်သာကလွဲပြီး ဘယ်သူသိနိုင်မှာလဲ။
(လူဆိုးလူမိုက်အရက်သမားအဖြစ်ကျင်လည်ခဲ့တဲ့ ဦးလွန်းတင်(ခေါ်)ဘမိုး အကြောင်းကိုဖတ်ချင်ရင်တော့ အောင်မြတ်သာနှင့်လှံခွေဓါးကျိုး မောင်ဘမိုးဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)
+++++
နောက်ဝတ္တုမှာတော့ ဆရာတပည့်သုံးယောက် သွားတဲ့လမ်းမှာ အမှတ်မထင်ဆုံဖြစ်ခဲ့တဲ့ ပရလောကဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းရာကိုတော့ အောင်မြတ်သာနှင့် အစိမ်းသွေးတိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
ကြိုက်နှစ်သက်ရင် like and shareနဲ့အားပေးပါဦးနော်