ရှမ်းမြောက် တစ်နေရာက ကျတ်တစ္ဆေရွာ

 

“ခင်များကလည်းဗျာ … သူ့သားအကြီးကောင်တောင် … ခုအလွန်ဆုံးရှိမှ လေးနှစ် အငယ်လေးဆို ဟိုတလောကမှ တစ်နှစ်လား ပြည့်သေးတာ … ပေါက်ပေါက်ရှာရှာ ဗျာ”

ထိုအခါ ကိုမျိုးလဲ ရယ်ကျဲကျဲဖြင့်

“ငါသိပါတယ်ကွာ … ”

စကားပင် မဆုံးလိုက် သူတို့ ရပ်ထားရာ ကားများဆီသို့ ဦးတည် မောင်းနှင်လာသော ကားတစ်စီး ။ မိတ်ကပ်ရောင် ဆန်နီကားလေး တစ်စီးဖြစ်ပြီး အပြင်အဆင်ပိုင်းမှာတော့ ရပ်ထားသော ကားများအားလုံး နီးတူပင်။

“ဟော … မောင်မင်းကြီးသားကတော့ အသက်ရှည်အုံးမယ် … ပြောကာမှကို ဆိုက်ဆိုက်ကြီး ပေါက်ချလာတယ်ဟေ့”

မှန်ပေသည် ကိုယ်မြင့်မောင် ပြောသလိုပဲ ထိုမိတ်ကပ်ရောင် ဆန်နီကားငယ်လေးကို မောင်းနှင်လာသူမှာ ကိုဆိုးပေပင် ဖြစ်၏။ ကားအတွင်း ကတ်ဆက်လေးမှလည်း ဆရာတော်ကြီး တစ်ပါး၏ မေတ္တာသုတ် တရားသံ လေးကို ခပ်လွင်လွင်ကြားနေရ၏။ ထိုအသံကိုကြား မိတော့ ကိုမြင့်မောင် နှင့် ကိုမျိုး တို့လည်း တစ်ယောက်မျက်နှာကို တစ်ယောက် ထူးဆန်းသလို အမှတ်မထင်ကြည့်မိလိုက်ကြသည်။

ကိုဆိုးပေမှာတော့ ၎င်း၏ကားလေးကို ပါကင်နေရာတွင် သေချာထိုးရပ်ပြီး ကားပေါ်မှ ဆင်းလာတော့သည် ။ အသက် ၃၀ ကျော်ကျော် ကားဆရာ ကိုဆိုးပေမှာတော့ ရုပ်ရည်ခပ်သန့်သန့် နှင့် ကလေးနှစ်ယောက် အဖေဖြစ်သည်။

“ဟ … ကိုမျိုးနဲ့ ကိုမြင့်မောင် ဘာတွေ များဒီလောက်ကြီး … ကျုပ်ကိုစိုက်ကြည့်နေကြတာလဲ … သရဲရုပ်ပေါက်နေလို့လား ”

ကိုဆိုးပေ စကားစလိုက်တော့

“မဟုတ်ပါဘူးကွာ … ငါတို့လဲ ခရီးသည်ကျဲတုန်း မင်းအကြောင်းထိုင်ပြောနေကြတာကွ ”

“ကျုပ်အကြောင်း … ဘာထူးဆန်းတာရှိလို့ … ပြောနေစရာလိုတာလဲဗျာ … မဟုတ်လည်း ဒီလူ ဒီမျက်နှာတွေက နေ့တိုင်း မြင်နေ တွေ့နေရတာပဲကို ”

“အဲ့ဒါတော့ ဟုတ်တယ်လေ ဆိုးပေရ … ဒီထက်ထူးဆန်းတာက မင်းကားထဲက တရားသံ … တရားသံ”

ကိုမျိုးက ထိုသို့ပြောတော့ ကိုဆိုးပေလည်း အနည်းငယ်သဘောကျဟန်ဖြင့်

“ဟုတ်တယ်လေ … တရားသံလေဗျ … ကျုပ်တရားခွေ ဖွင့်ထားတဲ့ ဥစ္စာ ”

“အဲ့ဒါထူးဆန်းတာပေါ့ … ငါ့ကောင်ရ မင်း ငါတို့နဲ့ အတူလိုင်းဆွဲစားနေတာ နှစ်ဖြင့် ပေါက်တော့မယ် မင်းဆီက … တခါမှ ဘုရားအကြောင်း တရားအကြောင်းလဲ မကြားရသလို … ငါတို့ပြောရင်တောင် မင်းက သိပ်စိတ်၀င်စားလှတာ မှ မဟုတ်တာ … ငါတို့တောင် မင်းကို ဘာသာမဲ့ ဒိဌိကောင် လို့ထင်ထားတာ … ခုမင်းကားထဲမှာ တရားတွေ ဘာတွေဖွင့် /ဟောအခုမှ သတိထားမိတယ် ခေါင်းခန်းထဲလဲ ဘုရားပုံ စတေကာအသစ် လေးကပ်ထားပါကောလား/ နောက်ပြီး အတွင်းဘက်မှန်မှာလည်း စံပါယ်တွေ ဘာတွေ ချိတ်လို့ … ဒါ့ထက် ထူးဆန်းတာ ဘာရှိမတုန်း ”

“ဒါတော့ ငါလဲ ထောက်ခံတယ် ဆိုးပေရ … ကိုမျိုးပြောသလိုပဲ ရုတ်တရက်ကြီး မင်း ဗုဒ္ဓဘာသာကို ဘာလို့ စိတ်၀င်စားသွားတာလဲ ယတြာ ချေနေတာလား ”

ကိုမြင့်မောင်က ၀င်ထောက်တော့ ကိုဆိုးပေလဲ သူ့ဘေး အသာ၀င်ထိုင်ရင်း

“ရုတ်တရက်ကြီး ဗုဒ္ဓဘာသာကို ကိုးကွယ်လိုက်တယ်လဲ ဘယ်မဟုတ်မလဲဗျ … ကျုပ်ပြောပြမယ် ခင်များတို့ ယုံမယုံတော့မသိဘူး ”

“မင်းကလည်း လေကရှည်ပြန်ပီ … ယုံသင့်မယုံသင့်တာ ငါတို့လည်း စဉ်းစားတတ်ပါတယ်ကွ … နောက်ပြီး ဒီဂိတ်မှာ မင်းထပ်ငယ်တာ ဆိုလို့ ဟော ဟိုဖက် ကွမ်းယာဆိုင်က ဖားမ ဆိုတဲ့ ကလေးမ ပဲ ကျန်တော့တယ် … ပြောစရာရှိသာတာ ပြောစမ်းပါ”

ရုတ်တရက်ကြီး ဘုရားတရားသမားဖြစ်သွားသော သူ့အကြောင်း အလွန်စိတ်၀င်စားနေသည့် ကိုမျိုးက ကလေးဆိုးကြီးနှင့်ပင် တူနေသည်။ စိတ်ရှည်ပုံ မပေါ် ။

“လွန်ခဲ့တဲ့ သုံးရက်‌ကပေါ့ဗျာ ”

( ၂ )

အချိန်က ညနေကို အတော်စောင်းလို့နေပြီ ။ ဂိတ်တွင်လည်း ကိုဆိုးပေ၏ ကားငယ်လေးမှ အပ ကျန်ကားများက အသီးသီး အလုပ်သိမ်းကာ ပြန်သွားကြပြီ။ ကိုဆိုးပေ ကိုယ်တိုင်လည်း ယခုပြန်တော့မည်ဟု ဆုံးဖြတ်ကာ ကားစက်ကို နှိုးလိုက်တော့သည်။ တစ်ချက်ချက်မြည်သံတို့နှင့် အတူ ကားအင်ဂျင်မှာ အနည်းငယ် အရှိန်ယူပြီးနောက် ဝူးကနဲ စတင်လည်ပတ်လာတော့၏။

ကိုဆိုးပေလည်း ကားကို မိန်းလမ်းမကြီး ဖက်ခေါင်းတည် ရန် စတီယာရင်ကို ညာဖက်လက်ဖြင့် ဆွဲလှည့်နေသည်။ ထိုအချိန်မှာပဲ သူ့ကားအနီးသို့ ဝါးအပါးဖြင့် ယက်ထားသော ခြင်းတောင်း ခပ်ကြီးကြီး နှစ်ခုကို ဆွဲကာ အမျိုးသမီးတစ်ယောက် ပြေးလာနေ၏။ ထိုအမျိုးသမီးကြီးမှာ အသက် ၅၀ ၀န်းကျင်ခန့်ရှိဟန်တူသည်။ သူသယ်ဆောင်လာသော ခြင်းတောင်း နှစ်တောင်းထဲတွင်တော့ အရှင်လတ်လတ် ကြက် များက အတောင်များကို တစ်ဖတ်ဖတ် ခါလို့။

“ကားဆရာ … ကားဆရာ ”

ကိုဆိုးပေလည်း ကားကိုစက်မသတ်သေးဘဲ လီဗာပေါ် ခြေထောက် တင်ရုံသာ တင်ထားလိုက်သည် ။ ထိုအမျိုးသမီးကြီးမှာတော့ ၀မ်းသာအားရဖြင့် သူ့ကားခေါင်းခန်းအနီးရောက်လာကာ

“တော်ပါသေးတယ် ကားဆရာရယ် … ကျွန်မက ကားမရှိတော့ဘူးတောင် ထင်တာ … ”

ဆိုပြီး ရှမ်းသံဝဲဝဲဖြင့် စကားစလာ၏။

“ဟုတ် အမကြီး … ဘယ်သွားမလို့လဲဗျ … ”

“မန်နားရွာကို ပြန်မလို့ … ကားဆရာရေ … ပစ္စည်းကတော့ အများကြီး မပါဘူး ဒီက ကြက်ခြင်းတောင်း နှစ်တောင်းပဲ ”

ကိုဆိုးပေလည်း နာရီကိုကြည့်လိုက်တော့ ညနေ ငါးနာရီပင် ခွဲ လုတော့မည်။ ဆောင်းတွင်းပိုင်းလည်း ရောက်ပီဖြစ်တာမို့ နေ့တာတိုပြီး ညတာက ရှည်သည်။ နောက်နာရီ၀က်လောက်နေရင် ကောင်းကောင်းကြီးမှောင်တော့မည်။

“ဟုတ် … မန်နား ဆို မန်ဆူ ကျော်တယ်ဗျ … ”

“ဟုတ်တယ် … ဟုတ်တယ် … အဲ့ရွာကို ပြန်မှာ ”

“ညကလည်း မှောင်နေပြီ ကျုပ်ကလည်း အိမ်ပြန်ရအုံးမှာဗျ ”

သူလည်း တစ်နေကုန် ပင်ပန်းထားတော့ အိမ်ပြန်ချင်လို့နေပြီ။ အိမ်တွင်လည်း ဇနီးဖြစ်သူ နှင့် လူမမယ် သားလေးနှစ်ယောက်သာ ရှိသည် မဟုတ်လား ။ ထိုမိန်းမကြီးကိုကြည့်လိုက်ပြန်တော့လည်း ကားတစ်စီး တစ်လေ မှ မရှိတော့၍ ခက်ခဲနေသည်ကို အတိုင်းသားမြင်ရလေသည် ။ လမ်းလျှောက်ပြန်ဖို့အတွက်လည်း ထိုကြက်ခြင်းတောင်း နှစ်တောင်း နှင့် မန်နားရွာအထိ ဆိုသည့် ခရီးက မသေးလှ။ နဂို စိတ်ရင်း ဓာတ်ခံကောင်းသော ကိုဆိုးပေလည်း

“ကဲပါဗျာ … မထူးတော့ပါဘူး မန်နားပဲ ကျုပ်လိုက်ပို့တော့မယ် ”

ဟုပြောရင်း ကားပေါ်မှ ဆင်းကာ ကြက်ခြင်းတောင်း နှစ်တောင်းကို ကားနောက်ခန်းမှာတင်လိုက်ရင်း နှစ်ထွာသာသာ ရှိသော ကားအနောက်ခန်း တံခါးပိတ်ကို ပိတ်လိုက်တော့သည်။

“အမကြီးကတော့ အရှေ့ခန်းကပဲ လိုက်စီးလိုက်ပေါ့ … ခရီးသည်လည်း မပါဘူးဆိုတော့”

“ကျေးဇူးတင်ပါတယ် ကားဆရာရေ ကျေးဇူးတင်ပါတယ်”

ပြီးနောက်မှာတော့ ကိုဆိုးပေလည်း ၎င်း၏ ဆန်နီကားခေါင်းလေးကို လားရှိုးကြီးအကျော် မန်နားရွာဖက် ဦးတည်ကာ ‌စတင်မောင်းနှင်ခဲ့လိုက်ပါတော့၏ ။ အချိန်က တရွေ့ရွေ့ကုန်ဆုံးလို့နေချေပြီ။ မကြာခင် အမှောင်ထုကလည်း ကြီးစိုးလို့လာတော့မည်။ အသွားအပြန် နာရီ၀က် မိနစ်လေးဆယ်လောက်ကြာမည့် ခရီးဖြစ်သည်မို့ ယနေ့အဖို့တော့ သူအိမ်ပြန်နောက်ကျရပြီ ။

ညနေစောင်း လမ်းပေါ်၌ လူသူအသွားအလာမရှိသလောက်ပင် ရှင်းလို့နေပြီ ။ ထိုအချိန်က ယခုလို မော်တော်ဆိုင်ကယ်များလည်း တွင်တွင်ကျယ်ကျယ် မရှိသေးသည်မို့ စက်ဘီး နင်းသူ အနည်းငယ် နှင့် လမ်းလျှောက်နေကြသူ အနည်းငယ်ကိုသာ ကွက်ကြား ကွက်ကြား တွေ့နေရ၏။

သူ၏ ကားလေးမှာတော့ မြို့မဈေးကြီးမှတစ်ဆင့် လားရှိုးကြီး မန်ဆူ ဖက်ဆီသို့ တစ်ရိပ်ရိပ်ပြေးလို့။ ခေါင်းခန်းထဲ ၌ နှစ်ယောက်တည်းသာ အတူစီးနင်း ပါလာကြသည် ဖြစ်သော်လည်း တစ်ယောက်နှင့် တစ်ယောက် သိပ်စကားမပြောဖြစ်ကြ ။

ကိုဆိုးပေကလည်း နာရီကို မကြာခဏ ကြည့်ဖြစ်သလို ထိုအမျိုးသမီးမှာလည်း အိမ်ကို အမြန်ပြန်ရောက်ချင်ဇော လောလို့နေသည်ထင်၏။ ငြိမ်သက်လျက်သား ။ ထိုအချိန်ခုနှစ်များမှာတော့ လားရှိုးမြို့ကြီး သည် ယခု ၂၀၂၄ ခုနှစ်၏ လားရှိုးမြို့ ကဲ့သို့ အိမ်ခြေထူထပ် ခြင်းသိပ်မရှိသေး ။ တချို့ လမ်းဘေးနေရာများတွင် ဆိုပါက အသင့်ပေါက်နေသော မြက်ရိုင်းများသည် ခါးတစ်၀က်ကျော်လောက်ပင် ရှိလို့နေ၏။

ကိုဆိုးပေမှာတော့ ကတ္တရာလမ်းပေါ်တွင် လူရှင်းသည်မို့ ကားလီဗာကို ခပ်သော့သော့ နင်းရင်း မန်ဆူ ဆုတောင်းပြည့် စေတီတော်ကြီးကိုပင် ကျော်လို့လာချေပြီ။ မြို့မကြီး နှင့် နှိုင်းစာလျှင်တော့ ထိုအမျိုးသမီးကြီးနေထိုင်ရာ မန်နားရွာကား အလွန်ဝေးပြီး အလွန်ခေါင်သော လားရှိုးမြို့နယ် အတွင်းက ရွာငယ်လေး တစ်ရွာသာ ဖြစ်၏။

သိပ်ကြာကြာ မမောင်းလိုက်ရ ကိုဆိုးပေ ရောက်ချင်သော မန်နားရွာ ကလေး၏ အ၀င်ကို ပြတ်ပြတ်သားသား မြင်နေရချေပြီ။ ထို့ကြောင့်လည်း ကားကို ကတ္တရာမိန်းလမ်းမကြီးပေါ်မှ ကွေ့ချကာ တံတားငယ်လေး တစ်ခုကို ဖြတ်သန်းရင်း ရွာကလေး ဆီသို့ ၀င်ခဲ့လိုက်တော့သည်။ မိနစ်အနည်းငယ် ခန့်အကြာမှာတော့

” ရှေ့နားဆိုရောက်ပြီ … ကားဆရာ ”

ကိုဆိုးပေလည်း ထိုအမျိုးသမီး ညွှန်ပြသည့်အတိုင်း တစ်ပြလောက် မောင်းလိုက်ပြီးမှ ကားကို အသာရပ်ပေးလိုက်တော့သည်။ ကားပေါ်က ဆင်းကာ ကြက်ခြင်းတောင်း နှစ်တောင်းကို ချပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် … ကားဆရာ ရေ … မဟုတ်ရင် ဒီည အိမ်ပြန်ရောက်တော့မှာ မဟုတ်ဘူး … မြို့ထဲက တည်းခိုခန်းတစ်ခုခုမှာ အိပ်ရတော့မှာ … ဒါနဲ့ ကားခ ဘယ်လောက်ပေးရမလဲ … ကားဆရာ ”

ထိုသို့ ကျေးဇူးတင်စကား အထပ်ထပ်ပြောနေသော စကားသံများက နားထဲသိပ်မရောက် အိမ်က သား နှစ်ယောက်ဆီသို့သာ စိတ်ကရောက်နေသည်။

“တစ်ထောင်တော့ ပေးလိုက်ဗျာ … ခရီးကလည်း နည်းနည်း လှမ်းတော့ ”

“ရပါတယ် … ရပါတယ် … လိုက်ပို့ပေးတာကိုပဲ ကျွန်မက ကျေးဇူးတင်လှပါပြီ ”

ဟုထပ်မံ ကျေးဇူးတင်ကာ ခပ်နွမ်းနွမ်း ပိုက်ဆံအိတ်အဟောင်းထဲမှ ငါးရာတန် နှစ်ရွက်ကို ကိုဆိုးပေအား ပေးလေ၏ ။ တစ်ထောင် ဆိုသော ငွေပမာဏသည်လည်း ထိုခေတ် ထိုအခါက နည်းလှသည်တော့မဟုတ်။ ကိုဆိုးပေလည်း ငါးရာတန် နှစ်ရွက်ကို ဘယ်ဖက် အကျီ အိပ်ကပ်ထဲ ထည့်လိုက်ပြီး ထို အမျိုးသမီးကြီးအား နှုတ်ဆက်ကာ ကားကို လမ်းမကြီးဆီသို့ မောင်းထွက်လာခဲ့လိုက်တော့သည်။

နာရီကို ကြည့်လိုက်တော့ ညနေ ခြောက်နာရီကို ရှစ်မိနစ်‌လောက်ပင် စွန်းလို့နေချေပြီ။ နောက် ဆယ့်ငါးမိနစ်ခန့်နေပါက မိုးပင် အတော်ချုပ်တော့မည် မဟုတ်ပါလား ။ ယခုတောင် ကားအရှေ့မီးကို ချကာ ထွန်းထားရသေးသည်။ လမ်းပေါ်တွင် လူလုံးက သိပ်မကွဲချင်တော့ ။

သို့သော် အိမ်ပြန်စရာဘဲရှိတော့သည်ကို သတိရလာချိန်မှာ စိတ်ထဲက အလိုလိုရွှင်လန်းလာသလို သူခံစားလိုက်ရသည်။ ထို့ကြောင့်လည်း ယခု မန်နားရွာထဲမှ သူကားကို ခပ်ပြင်းပြင်းလေး မောင်းလာပါတော့၏ ။

စိတ်က လန်းဆန်းပါ‌‌ သော်ငြားလည်း တစ်နေကုန် လူပင်ပန်းထားသည့် ဒဏ်ကြောင့် အနည်းငယ် ငိုက်ချင်သလိုလို ဖြစ်လာသည်။ ကားဆရာတော်တော် များများသည် ခရီးလမ်းခပ်ဝေးဝေး ကို မောင်းနှင် လိုက်ပါရသည့် အခါ အိပ်မငိုက်စေရန် အတွက် ကွမ်းဝါးသည့် အကျင့်ကို တစ်ချို့က လုပ်ယူ ထားတတ်ကြ၏ ။

ကိုဆိုးပေမှာတော့ အရက်၊ဆေးလိပ်၊ကွမ်း စသည်တို့ကို ကလေးနှစ်ယောက်ရလာသည့်တိုင် မသုံးဖူး မစမ်းဖူးပေ။ ကားကလေးမှာ ရွာဖုန်တောလမ်း ကို တစ်ကွေ့ကျော် တစ်ကွေ့ပတ်ရင်း သူ့တာ၀န်သူ ထမ်းဆောင်နေလေ၏ ။ ပတ်၀န်းကျင်က ရုတ်တရက်ကြီး အတော်မှောင်လာသည့် အပြင် ပုရစ်အကောင်ငယ်များ၏ အော်သံမှ အပ ငြိမ်သက် တိတ်ဆိတ်ခြင်းကြီးက ခြောက်ချားစရာပင် ကောင်းလို့နေ၏။

နာရီကိုကြည့်လိုက်တော့ ခြောက်နာရီ ခွဲလို့ပင်ကျော်နေပြီ ။ ကိုဆိုးပေလည်း ချက်ချင်းဆိုသလို တစ်စုံတစ်ခုကို သတိထားမိသွားပြီး စိတ်ထဲက မသိုးမသန့် ဖြစ်လာပါတော့၏။ အလာတုန်းက ရွာအ၀င် တံတားဟောင်းလေးကို ကျော်ပြီး မောင်းနှင်လာရာမှာ ဆယ်မိနစ်မကြာဘဲ စောစောက အမျိုးသမီးကြီး အိမ်ရောက်ခဲ့သည် မဟုတ်လား ။

ယခု အပြန်လမ်းတွင်တော့ ဆယ်မိနစ်မကဘဲ မိနစ် နှစ်ဆယ် ကျော်လာသည့်တိုင် ရွာအ၀င်တံတားလေး၏ အစအနကို အခုထိပင်ရှာမတွေ့သေးပေ။ ငါလမ်းများမှားလာတာလား ဆိုသော အတွေး နှင့်အတူ “မဟုတ်တာ ရွာကို ၀င်ဖို့က ဒီတစ်လမ်းတည်း ရှိတာ” ဟု ပြန်စဉ်းစားမိလိုက်သည် နှင့် ကိုဆိုးပေ ခေါင်းခြောက်သွားလေ၏ ။

မိမိမရောက်ဖူး မလာဖူးသော အရပ်ဒေသလည်း မဟုတ်သည်မို့ လမ်းမှားစရာအကြောင်းတော့မရှိ။ ယခင်ကလည်း နေ့ခင်း ခရီးသည်များကို ဒီရွာသို့ ရံဖန်ရံခါ ပို့‌ဆောင်ပေးဖူးသည်လေ ။ ထိုသို့ တောင်စဉ်ရေမရ အတွေးများနှင့် ကားကိုအာရုံစိုက် မောင်းနှနေရင်းမှ ခုနစ်နာရီထိုးလုတော့မည်ကို သူသတိမထားမိလိုက်။ ရွာအဝင်တံတားလေးကိုလည်း ခုထိ ရှာမတွေ့သေး သို့သော် လူတစ်ယောက် ရဲ့ သီချင်းဆိုသံ ခပ်အုပ်အုပ်ကိုတော့ သူနားထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် တိုး၀င်လို့ လာပါလေတော့၏။

°°°°°°°°°
ဆက်ရန် – သူရေး