ဝါးတောထဲက ကလေးတစ္ဆေများ (စ၊ ဆုံး)

” မ…မလုပ်ပါနဲ့…”
မွန်းကြောက်လန့်တကြား တားမြစ်တောင်းဆိုမိ၏။
ထိုမိန်းကလေးက ဦးခေါင်းကို တပတ်လည်ကာ ခါရမ်းပြ၏။
မွန်း မဖြစ်သာတော့သည့် အခြေအနေဝယ် ကလေးနှစ်ယောက်ကိုသာ လွတ်စေရန် ဆုံးဖြတ်လိုက်သည်။
” သား…သားတို့ မင်းတို့ ပြေးကြတော့…”
မွန်း၏ စကားအဆုံးဝယ် အခန်းဝဆီက မိန်းကလေးသည် ကြောက်မက်ဖွယ်ရာ ဟားတိုက်ပြီး ရယ်မော၏။
” ပြောမနေနဲ့ ဆရာမ။ အခု ဒီမှာ ရှိနေတာအားလုံးက သရဲတွေချည်းပဲ…ဟတ်…ဟတ်…”
ကြောက်စရာကောင်းသည့် မိန်းကလေးဆီက စကားသံက ခြောက်ခြားဖွယ်ရာ။
မွန်း သူ့စကားကြောင့် နံဘေးက ကလေးငယ်နှစ်ဦးနှင့် အလောင်းကို မရဲတရဲကြည့်လိုက်သည်။
” အား….”
မွန်း ငယ်သံပါအောင် အော်ဟစ်မိတော့၏။
သူ၏ နံဘေးက ကလေးငယ်နှစ်ဦးသည် ဦးခေါင်းများမရှိတော့၊ ခန္ဓာကိုယ်ကြီးချည်းသာ ရှိနေခဲ့ပြီး အလောင်းကောင်မိန်းကလေးသည်ကလည်း ကြိုးတန်းလန်းနှင့်ကပင် သူ့အား ရယ်ပြလာသည်။ ပြီးသော် ရုတ်တရက် သူတို့၏ လက်များဖြင့် မွန်းကို လှမ်းဆွဲလိုက်ကြတော့သည်။
” ဆရာမ နင့်ကိုလည်း ငါတို့ သတ်မယ်…”
အပြင်ဘက်က မိန်းကလေးက ဦးခေါင်းကို ယိမ်းကာပြုကာ ပြောရင်း လက်ကိုဆန့်တန်းပြီး ရှေ့တိုးလာနေသည်။
မွန်း ဒူးများတဆတ်ဆတ်တုန်ခါလာရသည်။ မရိုမသေ ပြောရလျင် အပေါ့များပင် ထွက်ကျကုန်၏။ ရင်ထဲက တဆတ်ဆတ်တုန်ရင်း မောဟိုက်လာရသည်။
” မ…မလာပါနဲ့…”
မွန်း ရင်ထဲ အသက်ရှူမရတော့သလို ခံစားလာရသည်။
မိန်းကလေးသည် ရှေ့တိုးလာနေသည်။ အနားကို ရောက်သော် ဗြုန်းခနဲ မွန်း၏ လည်ပင်းဆီကို သူ၏ လက်အစုံဖြင့် ဖိကိုင်ဖျစ်ညှစ်လာလေတော့၏။
*****
” မွန်း…မွန်းလေး…”
” ဆရာမလေး…”
နားထဲဆီက အသံတို့က နီးတစ်ချက်၊ ဝေးတစ်ချက်။ သူ့ကို ခေါ်နေသည်ဆိုတာကိုတော့ မွန်းသိနေသည်။
မွန်း အားယူကာ မျက်စိကို ဖွင့်ကြည့်မိသည်။ စူးရှသည့်အလင်းရောင်ကို မြင်ရ၏။ မျက်စိကို ခဏပြန်မှိတ်ပြီး ပြန်ကြည့်မိချိန်တွင်တော့ ဖြူလွှသော မျက်နှာကျက်ပြင်ကြီးကို ဦးစွာမြင်လိုက်ရသည်။
” မွန်း…မွန်း…သတိရလာပြီ”
ဝမ်းသာအားရနှင့် ပြောလာသူက ကျောင်းအုပ်ကြီး ဦးဒေါပန်။ နံဘေးတွင်တော့ ကျောင်းက ဆရာမသော်တာတို့။
” မွန်း…ကြောက်တယ်…မွန်း အိမ်ပြန်တော့မယ်…အီး…ဟီး…ဟီး…”
မွန်း ဝုန်းခနဲ ထထိုင်မိပြီး ရင်ထဲက အကြောက်တရားကို ထုတ်ဖော်ပြောမိကာ အားရပါးရ ငိုကြွေးမိလေသည်။
” မကြောက်ပါနဲ့ ဆရာမလေးရယ်။ ဆရာမလေးဖြစ်ခဲ့တာတွေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် သူတို့ဘဝလေးတွေက သနားစရာလေးတွေပါဗျာ။ ကဲပါလေ…လောလောဆယ်တော့ ဆရာမလေး ပင်ပန်းနေသေးလို့ နားလိုက်ဦး။ ဒါတွေအကြောင်းကို ပြီးမှ ပြောပြတော့မယ်”
ထိုနေ့က မွန်း ဆေးခန်း၌ပင် အိပ်စက်ရလေ၏။
ဆရာမသော်တာနှင့်အတူ အခြားဆရာမတစ်ဦးက အဖော်ပြုပေးသည်။
*****
မွန်း နေကောင်းပြီးနောက်တွင်တော့ ဆုံးဖြတ်ချက်အရ မိမိသဘောဖြင့်သာ အိမ်ပြန်ဖို့ ပြင်မိလေသည်။
အထုပ်အပိုးများဖြင့် ကားဂိတ်ကို ဆင်းခဲ့သည်။ ကားဂိတ်အထိ သော်တာတို့က လိုက်လံပို့ဆောင်ကြ၏။
ကားစောင့်ရင်းဖြင့် သော်တာက ကျောင်းကဖြစ်စဉ်အကြောင်းကို အစဖော်ကာ နောက်ကြောင်းရာဇဝင်လေးကို ပြန်ပြောပြခဲ့သည်။
သော်တာ၏ ပြောပြချက်အရ…။
တစ်ချိန်က အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြားက ပဋိပက္ခကြောင့် ကချင် ပြည်နယ်အနှံ့ စစ်ပွဲများဖြစ်ပွားခဲ့သည်။
ထိုအခါတွင် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နီးစပ်သော နေရာများက မိသားစုများ စစ်ဘေးရှောင်ကြရ၏။
တိုက်ပွဲနှင့် အလှမ်းဝေးရာဒေသရှိ အထကကျောင်းကြီးကတော့ လတ်တလောတွင် အေးချမ်းနေသေးသည့်အတွက် ဖွင့်လှစ်သင်ကြားနေဆဲ။
တစ်ခုသော နေ့လည်ပိုင်းဆီတွင်တော့။
ထင်မှတ်မထားချိန် ဘယ်အဖွဲ့က ပစ်ခတ်သည်မသိလေသော လက်နက်ကြီးတစ်လုံးသည် ကျောင်း၏ အနောက်ဘက်အစွန်ဆုံးဆီက အဆောင်ဆီကို ကျရောက်ခဲ့လေသည်။
အခန်းထဲတွင်ရှိနေသော ကလေးအချို့ ပွဲချင်းပြီသေခဲ့ကြရသည်။ ဆရာမများကတော့ ကျောင်းဆောင်လှည့်စာသင်ရသည့်အတွက် ထိုအချိန်က အဆောင်တွင် ရှိမနေခဲ့။ ကလေးတွေသာ ထိခိုက်မိကုန်ရသည်။ အဆောင်သည်လည်း စိစိညက်ညက်ကြေခဲ့၏။
သည်နောက်ပိုင်းတွင်တော့ ထိုအဆောင်ကြီးကို ပြန်ပြင်ဖို့ကြိုးစားကြသည်။ သို့သော် သေဆုံးခဲ့သည့် ကလေးတို့က အခြောက်အလှန့်များပြုလာကြသည့်အတွက် နောက်ဆုံးပြင်မရတော့ဘဲ သည်အတိုင်းသာ ထားရစ်ရင်း တောဖုံးခဲ့ရသည်။
မွန်းတွေ့ခဲ့ရသော တစ္ဆေလေးများမှာ ဗုန်းဒဏ်ကြောင့် သေဆုံးခဲ့ရသော ကလေးများပင်။
နောက်ပိုင်းကာလများ၌ ထိုနေရာဆီကို လူသွားလူလာ မရှိသလောက်ကြဲသွားပြီး ခြောက်လှန့်သံများလည်း မကြားရတော့သည့်အတွက် မွန်းကို ဆရာ ဆရာမများက မှတ်မှတ်ရရ အသိမပေးမိခဲ့ကြခြင်းပင်။
တရွေ့ရွေ့ထွက်ခွာနေသော ကားကြီးထက်ဆီကနေ မွန်းသည် သော်တာတို့ကို လက်ပြခဲ့သည်။
ခြောက်လှန့်ခံသည့်အတွက် သနားစိတ် ဘယ်မျှပင် ရှိနေစေကာမူ မွန်းဆက်မနေရဲတော့ပါ။
ရင်ထဲကတော့ အဖြေရှာ၍ မဆုံးနိုင်သေးသည့် စစ်ပွဲပဋိပက္ခများကို အပြစ်တင်မိသည်။ ကြားထဲက မြေဇာပင်ဖြစ်ခဲ့ရသော ကလေးငယ်များကိုလည်း သနားမိသည်။
” ကလေးတို့ရယ်…မင်းတို့ဘဝက သိပ်သနားစရာကောင်းပါတယ်။ နောက်နောင် ဒီလိုအဖြစ်မျိုးတွေကို အခြား ကလေးတွေ ထပ်မကြုံရဖို့ ဆရာမ ဆုတောင်းပါတယ်ကွယ်…”
မွန်း ပါးစပ်က တီးတိုးရေရွတ်မိချိန်။ တရွေ့ရွေ့သွားနေသော ခရီးသည်တင်ကား၏ ပြတင်းပေါက်ဆီက နယ်စပ်မြို့လေး၏ နှုတ်ဆက်ပါ၏ ဆိုင်းဘုတ်ကလေးကို ဖတ်မိလိုက်တော့သည်။
ပြီးပါပြီ။
လက္ခဏ(M.B)