အတိတ်ကံထူး ထိုအရူး

” ဦးကြီးကသာ အဖြေရှိနေလိမ့်မယ်ပြောတာ။ ကျွန်မတို့ရွာကတော့ အဲ့ဒီ့အဖြေကို မတွေ့နိုင်ဘူး ဖြစ်နေတော့တာ…”
” အင်း…ဒါအတွက်ကို ဦးကြီးတို့ ကူညီနိုင်မယ်ထင်တယ်…”
ဦးသိဒ္ဒိက ပြောလာတာ။
ဆိုင်ရှင်မိန်းမကြီး အံ့အားသင့်သွားတယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ ၀မ်းသာအားရဖြစ်သွားရပြီး…။
” ဦး…ဦးကြီး တကယ်ပြောတာလား…”
ဦးသိဒ္ဒိက ခေါင်းကို ညိတ်ပြလိုက်တယ်။
အဲ့ဒီနောက်မှာတော့ အကြော်ဆိုင်ရှင်မိန်းမကြီးက ဦးသိဒ္ဒိနဲ့ အမွှာယောဂီကလေးတို့ကို ရွာဦးစေတီဆီမှာ ယာယီမဏ္ဍာပ်နဲ့ ကိန်း၀ပ်စံပါယ်တော်မူနေတဲ့ ပေါ်တော်မူကြေးဆင်းတုတော်ဆီကို ခေါ်ဆောင်သွားခဲ့တော့တာ။
*******
မဏ္ဍာပ်အတွင်းမှာ…။
ရွာသူရွာသားတွေက ယောဂီ၀တ်နဲ့ ဦးသိဒ္ဒိတို့ သုံးယောက်ကို အသေအချာ စူးစမ်းနေကြတယ်။
ဦးသိဒ္ဒိတို့ကတော့ ဘယ်သူ့ကိုမှ ဂရုမထားနိုင်။ ပေါ်တော်မူကြေးဆင်းတုတော်ရဲ့ အရှေ့ဆီမှာ လက်အုပ်ချီ၊ ခြေစုံရပ်ပြီး မျက်၀န်းတွေ ကိုယ်စီမှိတ်လို့ မတ်တပ်အနေအထားနဲ့ အာရုံခံ ဖူးမြှော်ရင်း မန္တာန်တချို့ကို တီးတိုးရွတ်ဆို နေမိကြတယ်။
အချိန်အတော်ကြာတဲ့အထိ သူတို့က ကျောက်ရုပ်ကြီးတွေလို ရပ်တန့်နေကြတဲ့အခါ ကျေးရွာသားတွေအဖို့တေည့ အမြင်ဆန်းပြီး ပိုလို့တောင် အံ့သြနေမိကြလေရဲ့။
တစ်နာရီသာသာလောက်ကြာပြီးတဲ့အခါမှသာ ဦးသိဒ္ဒိတို့ သုံးယောက်စလုံး ပြန်လည်ပြီး အသက်၀င်လှုပ်ရှားလာကြတယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ…။
” ကဲ…ဒိုးကြီးနဲ့ ဒိုးငယ်။ လူလေးတို့အနေနဲ့ ဘာတွေမြင်ကြသလဲ…”
ဦးသိဒ္ဒိကမေးလာတော့ ရုပ်ချင်းဆင်တူလှတဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက်က သွက်လက်စွာနဲ့ပဲ…။
” အခုနက ဘဘအရှေ့မှာ ဘီလူးတစ်ကောင် ရပ်နေတယ်…”
အဲ့ဒီ့ကလေးရဲ့ စကားအဆုံးမှာတော့ ကျန်တဲ့နောက်တစ်ယောက်က…။
” ဝိဇ္ဇာဓိုရ်တစ်ပါးလည်း ပါတယ်။ သူတို့အတူတူရပ်နေကြတာ…”
ဦးသိဒ္ဒိက ဒိုးကြီးနဲ့ ဒိုးငယ်မည်တဲ့ ကလေးတို့ရဲ့ စကားတွေကို နားထောင်ပြီး ပြုံးတယ်။ ပြီးတော့…။
” အင်း…ဟုတ်တယ်။ ဘီလူးကတော့ ဂတသတ္တမည်တဲ့ အသက်မရှိ ပုံရိပ်သပ်သပ်ပဲ။ ဝိဇ္ဇာဓိုရ်ကတော့ ဇီ၀၊ ဇီဝိတိ ရှည်လွန်းတဲ့အသက်နဲ့ အခုထိ တည်ရှိနေဆဲပဲ…”
” ဟုတ်ကဲ့ ဘဘ…”
” ဒီဘီလူးနဲ့ ဝိဇ္ဇာဓိုရ်က အတိတ်ဘ၀က သိပ်ကို ရင်းနီးတဲ့ မိတ်ဆွအရင်းအချာအဖြစ် တော်စပ်ခဲ့ကြတယ်။ သူတို့နှစ်ယောက် ပြန်ဆုံချိန်မှာ ကြေးနဲ့သွန်းတဲ့ ဘုရားဆင်းတုတော်တစ်ဆူကို အတူတူသွန်းလောင်းပြီး ကိုးကွယ်ဖို့ အကြံဖြစ်ကြတယ်။ အဲ့ဒီ့အတွက် နှစ်ယောက်စလုံးအတူတူ ဘုရားကို သွန်းလုပ်ဖို့ သန့်ရှင်းတဲ့ ကြေးပိဿာတို့ကို ညီတူမျှတူ ရှာဖွေဖို့ ဆုံးဖြတ်ပြီး ရှာဖွေကြတဲ့အခါ ဘီလူးရှာဖွေလာတဲ့ ကြေးတွေဆီမှာ မစင်ကြယ်တဲ့ ကြေးတချို့ပါသွားခဲ့တယ်။ ဒါကို ဘီလူးကိုယ်တိုင်လည်း မသိခဲ့ဘူး။ ဒီလိုနဲ့ပဲ သူတို့နှစ်ဦး အဓိဋ္ဌာန်ပြုလို့ ဆင်းတုသွန်းကြတယ်။ ဆင်းတုတော်ပြီးတဲ့အခါမှာတော့ ဘီလူးရှာဖွေလာခဲ့တဲ့ မစင်ကြယ်တဲ့ ကြေးသတ္တုတို့က ဆင်းတုဆီကနေ ကွယ်လေရဲ့။ ဒါကြောင့်…ဆင်းတုဆီမှာ အချိုင့်အခွက်အဖြစ်နဲ့ ကြွင်းရစ်သွားရတယ်…”
ဦးသိဒ္ဒိတို့ ပြောနေကြတဲ့ စကားကို နားထောင်မိနေကြတဲ့ ရွာသူရွာသားတွေ အံ့သြဘနန်းနဲ့ ဖြစ်ကုန်ကြပြီး အာမေဋိတ်တွေကေကြာင့် ဝေါခနဲ အသံကြီးတောင် ထွက်ပေါ်လာရတယ်။
” နောက်တော့ ဘာကြောင့်ဆိုတဲ့ အဖြစ်အပျက် အမှန်ကို ဘီလူးနဲ့ ဝိဇ္ဇာဓိုရ်က သိသွားခဲ့တယ်။ ဘီလူးက အဲ့ဒီ့စိတ်နဲ့ပဲ နေရာမှာတင် နှလုံးအိမ်ကြေကွဲရပြီး စုတေသွားခဲ့တယ်။ ဝိဇ္ဇာဓိုရ်ကလည်း သူ့မိတ်ဆွေကို သိပ်သံယောဇဉ်ကြီးတာဆိုတော့ နှစ်ယောက်အတူ ကိုးကွယ်မယ့် ဆင်းတုတော်ကို သူတစ်ယောက်ထဲ မကိုးကွယ်လိုတော့ဘဲ ဝှက်ကွယ်ထားလိုက်တော့တယ်။ နောက်တော့ သူ့ရဲ့ မိတ်ဆွေဘီလူးကို ဘယ်ဘ၀ဆီပြန်၀င်စားနေမလဲဆိုပြီး လိုက်ရှာရင်း မကြာခင်ကမှ လူသားတစ်ယောက်အဖြစ်နဲ့ ပြန်တွေ့ခဲ့တယ်။ ဒီအတွက် ဝိဇ္ဇာဓိုရ်က လူသားတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ သူ့မိတ်ဆွေဆီကို ဆင်းတုတော်ပြန်လည်ထုတ်ဖော်ပေးခဲ့ပြီး ချိုင့်ခွက်နေတဲ့ နေရာကို ပြန်လည်ဖြည့်စွက်ဖို့ ပြောထားတယ်။ ဒီအတွက်ကြောင့် အဓိဋ္ဌာန်နဲ့ သွန်းခဲ့တဲ့ ဆင်းတုတော်ဆီက အချိုင့်အခွက်ကို ဖြည့်စွက်ဖို့ ဘီလူး၀င်စားသူမှတစ်ပါး အခြားသူအနေနဲ့ ဆောင်ရွက်လို့မရဘူး။ တပေါင်းလပြည့်နေ့ကို ရောက်တဲ့အခါမှာတော့ အတိတ်ကလိုပဲ သူတို့နှစ်ဦး ပြန်လည်ဆုံကြပြီး ဘီလူးပြန်၀င်စားတဲ့သူက ဆင်းတုတော်ဆီက အချိုင့်အခွက်ကို သူ့လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ဖြည့်စွက်ပေလိမ့်မယ်…”
ဦးသိဒ္ဒိက သူ့စကားကို အဆုံးသတ်လိုက်ချေပြီ။
ရွာသားတို့ဆီက အသံဗလံတွေ တီးတိုးတီးတိုးနဲ့ ထွက်ပေါ်လာတယ်။
ဒိုးကြီးနဲ့ ဒိုးငယ်တို့ကတော့ ဘီလူးနဲ့ ဝိဇ္ဇာဓိုရ်တို့ရဲ့ ကလျာဏမိတ္တဆန်လှတဲ့ သံယောဇဉ်တရားကို တွေးတောရင်း အတွေးကိုယ်စီနဲ့ရယ်။
ဒီအချိန် လူအုပ်ရဲ့ အရှေ့ဆုံးမှာ ရပ်နေတဲ့ ရွာလူကြီးက ဦးသိဒ္ဒိကို တရိုတသေနဲ့ပဲ မေးလာတယ်။
” ဒီက ဆရာကြီး ဟို…ဟို…ကျုပ် မေးစရာရှိလို့ပါ။ မေးခွင့်ပြုပါ…”
” ရပါတယ် မေးပါ…”
” ဟို…ကျုပ် သိချင်တာက အဲ့ဒီ့ဘီလူး၀င်စားသူဆိုတာက ဘယ်သူလဲလို့ပါ။ ကျုပ်အထင်တော့ ဟို…ကံ ကံကောင်းများလားလို့…”
သူကြီးရဲ့ စကားအဆုံး ဦးသိဒ္ဒိက ပြုံးလိုက်ပြီး ခေါင်းကို ညိတ်ပြလိုက်လေတယ်။
ဒီအခါမှာတော့ သူကြီးဖြစ်သူ ထိတ်ပြာသွားတယ်။ ပြီးတော့ ချက်ချင်းပဲ ကာလသားတချို့ကို ခေါ်လိုက်ပြီး ချုပ်နှောင်ထားတဲ့ ကံကောင်းကို မြန်လွှတ်ပေးဖို့ ပြောခိုင်းချေတော့တာ။
******
တပေါင်းလဆန်း ၁၄ ရက်၊ ညပိုင်းအချိန်…။
ကောင်းကင်ယံဆီမှာ ပြည့်လုပြည့်ခင် လပြည့်၀န်းကြီးက ထင်းထင်းသားနေလေရဲ့။
အဲ့ဒီ့အချိန် အောက်လင်းမီးတို့ ထိန်ထိန်ညီးနေတဲ့ ပျဉ်းမပင်ရွာထိပ်ဆီက ပေါ်တော်မူဆင်းတုတော် ယာယီကိန်းစပ်စံမြန်းရာ မဏ္ဍာပ်ကြီးဆီမှာတော့ ညဉ့်နက်လာတာနဲ့အမျှ လူသူတွေက တဖြေးဖြေး ပိုမိုသိပ်သည်းပြီး စည်ကားလာခဲ့တယ်။
အဲ့ဒီ့အခိုက်အတန့်အချိန်မှာ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ ရွာဦးစေတီကလေးရဲ့ ရင်ပြင်တော်အပေါ်ဆီမှာတော့ သမထတရားကို ကျင့်ကြံထိုင်နေကြလေရဲ့။
ဒါပေမယ့် ဒိုးညီနောင်တို့မှာတော့ စိတ်တွေက သမထတရားဆီမှာ နစ်မ၀င်နိုင်ဘဲ လှုပ်ရှာိးာမ်းခါနေကြပြီး မတည်မငြိမ်ဖြစ်နေကြရလေတယ်။
” လူလေးတို့…စိတ်ကို တည်ငြိမ်အောင် ထားကြပါ…”
ရုတ်တရက် ဒိုးညီနောင်တို့ရဲ့ အကြားအာရုံဆီမှာ ပဲ့တင်လာတဲ့ ဦးသိဒ္ဒိရဲ့ အသံ။ ဦးသိဒ္ဒိက သူတို့ကို မနောဗန္ဓမည်တဲ့ စိတ်အာရုံနဲ့ ဆက်သွယ်မှု ပြုလာခဲ့တာ။
” ကျုပ်တို့ စိတ်ပူနေမိတယ် ဘဘ…”
ဦးသိဒ္ဒိရဲ့ စကားကို ဒိုးကြီးက ပြန်လည်ဖြေကြားလိုက်တယ်။
” ဘာအတွက် စိတ်ပူနေကြတာလဲ လူလေးတို့…”
ဦးသိဒ္ဒိက ထပ်မေးလာချိန် ဒိုးငယ်က…။
” မဏ္ဍာပ်ထဲမှာ လူသူတွေသိပ်ကို များလွန်းနေတယ်။ ဒီပုံအတိုင်းဆို ဝိဇ္ဇာဓိုရ်က လာမယ်မထင်ဘူး ဘဘ…”
ဒိုးငယ်ရဲ့ စကားအဆုံးမှာတော့ ဦးသိဒ္ဒိက…။
” အဲ့ဒီ့အတွက်တော့ စိတ်မပူပါနဲ့ လူလေးတို့ရယ်။ ဒီအတွက်ကို ဝိဇ္ဇာဓိုရ်က စီမံပါလိမ့်မယ်။ လူလေးတို့သာ ကိုယ့်အလပ်ြကိုပဲ စိတ်နှစ်လုပ်ပါ…”
ဒိုးညီနောင်တို့ စိတ်ကို ဒုန်းဒုန်းချလိုက်ပြီး အာရုံကို သမထဆီမှာပဲ ပြန်နှစ်လိုက်မိကြတယ်။
တအောင့်ကြာတော့ သူတို့နှစ်ယောက် သမထရေယာဉ်ကြောဆီမှာ နစ်၀င်စိမျောနေခဲ့ကြလေပြီ။
*******
သန်းခေါင်ယံကျော်လို့ တပေါင်းလပြာ့်နေ့ဆီကို ကူးပြောင်းပြီဆိုတာနဲ့ မဏ္ဍာပ်ကြီးအထဲဆီက လူသံသူသံတွေ ရုတ်ခြည်းတိတ်ဆိတ်သွားတယ်။
” အချိန်ကျပြီပဲ လူလေးတို့။ ဘဘတို့ မဏ္ဍာပ်ထဲကို သွားကြစို့ရယ်…”
ချက်ချင်းပဲ သူတို့သုံးယောက် မဏ္ဍာပ်ဆီကို ဆင်းလာခဲ့ကြတယ်။
မဏ္ဍာပ်ဆီကိုရောက်တော့ ရွာသူရွာသားတို့အားလုံး မိန်းမောပြီး ကျောက်ရုပ်ကြီးတွေလိုဖြစ်နေတာကို တွေ့လိုက်ကြရတယ်။
” သူတို့နှစ်ယောက် ရောက်နေကြပြီ…”
ဦးသိဒ္ဒိပြောတဲ့အတိုင်းပါပဲ။
ဆင်းတုတော်ရဲ့ အရှေ့ဆီမှာတော့ ၀တ်ဖြူစင်ကြယ်နဲ့ အသက်ကြီးကြီးလူကြီးတစ်ယောက်နဲ့အတူ ဆင်းတုတော်ကို လက်အုပ်ချီလို့ မျက်တောင်မခတ်တမ်း တစိုက်မတ်မတ် ဖူးမြှော်နေတဲ့ အရူးကံကောင်းတို့ကို ဒိုးညီနောင်တို့ တွေ့လိုက်ကြရတယ်။
” ရောင်းရင်း ယက္ခတိံဒ၊ သင့်ရဲ့ အတိတ်ဘ၀က မပြီးပြတ်ခဲ့တဲ့အမှုကို အခုပဲ အသင်ကိုယ်တိုင် အပြီးသတ်ချေပါတော့…”
ဝိဇ္ဇာဓိုရ်က ကံကောင်းကို ပြောလိုက်တယ်။
အရူး ကံကောင်း သက်၀င်လှုပ်ရှားလာတယ်။ ပြီးတော့ သူ့လည်ပင်းဆီက ကြေးပြာကြီးကို သူကိုယ်တိုင် ချွတ်ယူလိုက်ပြီး ဝိဇ္ဇာဓိုရ်ကို လှည့်ကြည့်တယ်။
ဝိဇ္ဇာဓိုရ်က ခေါင်းညိတ်ပြတော့ ကံကောင်းက ဆင်းတုတော်ဆီကို ချဉ်းကပ်သွားခဲ့ပြီး ချိုင်ခွက်နေတဲ့ နေရာဆီကို ကြေးပြားကြီးနဲ့ ဖိကပ်လိုက်တယ်။
အံ့သြစရာကောင်းလွန်းပါရဲ့…။
ကံကောင်းဖိကပ်လိုက်တဲ့ ကြေးပြားကြီးက ဆင်းတုတော်ရဲ့ ကိုယ်လုံးတော်ဆီကို တစ်စတစ်စပျော်၀င်ပြီး အသားကျသွားခဲ့လေတယ်။
မြင်ကွင်းကို ကြည့်ပြီး ဒိုးညီနောင်တို့ ပါးစပ်အဟောင်းသားဖြစ်သွားကြရတယ်။ ဥိးသိဒ္ဒိကတော့ ပြုံးနေတယ်။
ပြီးတော့ သုံးယောက်စလုံး ပြိုင်တူ လက်အုပ်ချီရင်း ဆင်းတုတော်ကို ဖူးမြှော်မိကြတယ်။
အရူး ကံကောင်းကလည်း ၀မ်းသာကြည်နူးလွန်းနေတဲ့ မျက်နှာနဲ့ သူ့နေရာကို ပြန်ဆင်းလာပြီး ဒူးတုပ်ထိုင်လို့ ဆင်းတုတော်ကို အြိကမ်ကြိမ် ဦးခိုက်ကန်တော့နေတော့တာ။
ဝိဇ္ဇာဓိုရ်က ဦးသိဒ္ဒိဆီကို လှမ်းကြည့်ပြီး နှုတ်ဆက်လာတယ်။ ဦးသိဒ္ဒိက ခေါင်းကို အသာညိတ်ပြပြီးချိန်မှာတော့ ဝိဇ္ဇာဓိုရ်ရဲ့ ပုံရိပ်က တဖြေးဖြေး မှေးမှိန်ပြီး ပျောက်ကွယ်သွားလေရဲ့။
ဝိဇ္ဇာဓိုရ်ရဲ့ ပုံရိပ် လုံးလုံးလျားလျားကွယ်သွားချိန်မှာတော့ မိန်းမောနေကြတဲ့ ရွာသူရွာသားတွေအားလုံး ချက်ချင်းပဲ ပြန်လည် လှုပ်ရှားသက်၀င်လာခဲ့ကြပြီ။
သူတို့အားလုံး ကိုယ့်ကိုကို ဘာဖြစ်မှန်းမသိ ပြန်လည်ဆန်းစစ်နေကြရင်း ဆင်းတုတော်ကို အကြိမ်ကြိမ်ဦးခိုက်ကန်တော့်နေတဲ့ ကံကောင်းကို မြင်သွားကြတယ်။
ပြီးတော့ ဆင်းတုတော်ဆီက ပြည့်ဝနေလေပြီဖြစ်တဲ့ ချိုင့်ခွက်နေရာကိုလည်း သွားရေညက်ကြည့်ကြပြီး တအံ့တသြတွေညဖြစ်ကုန်ကြလို့…။
အဲ့ဒီ့အချိန် ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ လရောင်ထင်းထင်းကို အဖော်ပြုပြီး မဏ္ဍာပ်ကြီးကို ကျောခိုင်းလို့ မြောက်အရပ်ဆီကို ဦးတည်လို့ ထွက်ခွာခဲ့ကြပြန်ပါတော့တယ်။
ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ အင်းချောင်းဆိုတဲ့ရွာဆီကို ရောက်ခဲ့ကြပြီး အဲ့ဒီ့ရွာဆီမှာ ကြုံတွေနေရတဲ့ အမှောင့်ပယောဂ ပြဿနာတစ်ခုကို ဖြေရှင်းကြရပြန်ပါတော့တယ်။
ဒီအကြောင်းကိုတော့ ” ရှင်လောင်းတစ္ဆေ” ဆိုတဲ့ စာမူမှာ ဆက်လက်ရှုစားပေးကြပါခင်ဗျာ။
နောင်ရိုး(ဆေးတပ်)