မဖဲဝါမုန်းတဲ့ရွာ (စ-ဆုံး)

မဖဲဝါမုန်းတဲ့ရွာ အပိုင်း(၁)
ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံ၍ ရေးသားထားခြင်းဖြစ်ပါသည်။
(၁)
အချိန်ကား ၂၀၂၃ခုနှစ် မတ်လ။
အင်းကုန်းရွာ သုဿန်က ညအမှောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ လမိုက်ညမို့ ပတ်ဝန်းကျင်တစ်ခွင်လုံးကို အမှောင်ထုက ကြီးစိုးထားသည်။ နွေရူးမို့ လေရူးတစ်ချက်တစ်ချက် တိုက်ခတ်လိုက်သည့်အခါ သုဿန်ပတ်ပတ်လည်တွင် ပေါက်ရောက်နေသည့် ကြီးမားသည့်သစ်ပင်ကြီးများမှာ တရှဲရှဲဖြင့် အော်မြည်လျှက်ရှိကာ သစ်ရွက်ခြောက်များမှာလည်း မြေသို့တဖွားဖွားနှင့် ကျဆင်းလာတော့သည်။ ထိုအခိုက် အမှောင်ထုကိုအားပြုလျှက် သုဿန်အတွင်းသို့ လူလေးယောက်က ဝင်ရောက်လာခဲ့သည်။ သုဿန်အတွင်းရှိ အုတ်ဂူဖြူဖြူကြီးများကြားတွင် သွားလာနေပြီးနောက် အုတ်ဂူတစ်လုံးအရှေ့တွင်ရပ်တန့်လိုက်ကြသည်။ ထိုအုတ်ဂူက သာမန်လူတစ်ယောက်မြှုပ်နှံသည့် အုတ်ဂူထက် အနည်းငယ်ပိုသေးနေလေသည်။
“ဟေ့ကောင်စိုးကြီး၊ အခြေအနေကြည့်အုံးဟ”
စိုးကြီးဆိုသူက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်သည်။ သုဿန်နှင့် သုံးဖာလုံခန့်ကွာဝေးသည့် အင်းကုန်းရွာကလေးမှာတော့ အမှောင်ထုအတွင်း တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။
“အိုကေပါတယ် တိုးမောင်ရာ”
“ကဲ၊ ဒါဆိုရင်လည်း လုပ်ငန်းစကြစို့ဟေ့”
ပုဆိုးခြုံထားသည့် လူလေးယောက်မှာ ပုဆိုးများကိုခါးတွင် ပြန်လည်ဝတ်ဆင်လိုက်သည်။ သုဿန်ကြီးအတွင်းရှိ သစ်ပင်ကြီးတစ်ပင်၏ ပင်စည်တွင်ထောင်ထားသည့် ပေါက်တူးများ၊ ပေါက်ပြားများကို ယူလိုက်ကြသည်။
“ထက်အောင်နဲ့ ကောင်းခန့် မင်းတို့သံတူရွင်းတွေယူလာကြရဲ့လား”
“ယူလာပါတယ် ကိုစိုးကြီးရ”
“အေး၊ ဒါဆိုရင် အဲဒီသံတူရွင်းတွေနဲ့ ဂူရဲ့ဒီဖက်ခြမ်းကိုဖောက်ကွာ၊ ဖြည်းဖြည်းလည်း လုပ်အုံးနော်၊ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာကွ၊ တော်ကြာ ရွာကလူတွေက ငါတို့လုပ်နေတဲ့အသံတွေကြားပြီးလာကြည့်မှ ဟုတ်ပေ့ဖြစ်နေမယ်”
“သိပ်လည်းစိုးရိမ်မနေပါနဲ့ စိုးကြီးရာ၊ ရွာလူတွေ အသံကြားတယ်ဆိုရင်တောင် ဒီသချိုင်းကုန်းကို ဘယ်သူမှမလာရဲပါဘူးကွ၊ မင်းကလဲ ကြောက်နေပြန်ပါပြီ”
အုတ်ဂူကလေးမှာ ဘိလပ်မြေအစိမ်းနံ့က ထောင်းခနဲထနေသည်။ အချို့နေရာများတွင် ဘိလပ်မြေများက စိုနေဆဲဖြစ်သည်။ ဂူကိုသံတူရွင်းနှင့်ဖောက်နေသည့် ထက်အောင်နှင့် ကောင်းခန့်တို့မှာ စိုးကြီးအားတစ်ချက်ကြည့်လိုက်ကြသည်။
“ကိုစိုးကြီး၊ ဒီနေရာဟုတ်ရဲ့လားဗျာ”
“လုပ်မှာသာလုပ်ကြစမ်းပါကွာ၊ သူ့ကို ငါကိုယ်တိုင်ညနေက ဂူသွင်းပေးခဲ့တာ၊ ငါကောင်းကောင်းကြီးသိပါတယ်”
သူတို့လေးယောက်ထဲတွင် စိုးကြီးက အသက်အကြီးဆုံးဖြစ်သည်။ အသက်သုံးဆယ်ကျော်ဖြစ်သည်။ တိုးမောင်ကတော့ စိုးကြီးနှင့် အသက်မတိမ်းမယိမ်းဖြစ်သည်။ ကောင်းခန့်နှင့် ထက်အောင်တို့မှာတော့ ဆယ်ကျော်သက် လူငယ်ကလေးတွေဖြစ်ကြသည်။ ထက်အောင်တို့ အင်္ဂတေတွေကိုခွှာချလိုက်ပြီးသည့်အခါ အုတ်သားများပေါ်လာလေသည်။ ထိုအုတ်သားများကို သံတူရွင်းဖြင့် အသာထိုးကလော်လိုက်ရာ မခြောက်သေးသည့် ဘိလပ်မြေများကြောင့် အသာကလေးပင် အုတ်ခဲများထွက်လာလေသည်။ အုတ်ခဲများကိုဖယ်ရှားပြီးသည့်အခါ အတွင်းတွင် အခေါင်းကြီးတစ်ခုကို အတိုင်းသားတွေ့ရသည်။
“ဟေ့ကောင်နှစ်ကောင် အခေါင်းကိုမြန်မြန်ဆွဲထုတ်လိုက်စမ်း”
အခေါင်းကိုဆွဲထုတ်လိုက်သည့်အခါ အခေါင်းတွင်ဆေးများဆိုးထားလျှက် ဖဲပြားများ၊ ပန်းများကပ်ထားသေးသည်။ ထက်အောင်နှင့် ကောင်းခန့်တို့က အခေါင်းကို ဂူဘေးရှိမြေပြင်သို့ချလိုက်သည့်အခါ စိုးကြီးက သံတူရွင်းဖြင့် အခေါင်းပျဉ်ကိုဖွင့်ထည့်လိုက်သည်။ အခေါင်းကြီးပွင့်သွားသည်နှင့် စိုးကြီးက ပြုံးရယ်လိုက်လေသည်။
“နည်းတဲ့အကောင်ကြီးမဟုတ်ဘူးကွာ၊ တို့လေးယောက် မနည်းစားရမှာကွ”
အခေါင်းအတွင်း လဲလျောင်းနေသူမှာ လူတစ်ဦးမဟုတ်ပေ၊ ခွေးတစ်ကောင်သာဖြစ်သည်။ ခွေးဆိုသော်လည်း နိုင်ငံခြားဖြစ်ခွေးမျိုးကြီးဖြစ်ပြီး အကောင်ထွားထွား အမွှေးပွပွကြီးနှင့်ဖြစ်သည်။ ခွေးအရပ်က လူကြီးခါးစောင်းလောက်ပင်ရှိပြီး ခွေးသေကောင်ကြီးကို စိုးကြီးတစ်ယောက်တည်းပင် မချီမနိုင်သဖြင့် ထက်အောင်နှင့် ကောင်းခန့်တို့က ဝိုင်းဝန်းသယ်ဆောင်ပေးရသည်။ ခွေးသေကောင်ကြီးကို လရောင်အောက်တွင်ချလိုက်ကာ သူတို့သုံးယောက် ခေါင်းချင်းဆိုင်လိုက်သည်။
“ကိုစိုးကြီး၊ ခွေးက မပုပ်သေးပါဘူးနော်”
“မင်းကလည်းကွာ၊ ဒီမနက်အစောမှသေပြီး၊ နေ့တွင်းချင်းမြှုပ်ထားတဲ့ခွေးကွ ပုပ်အုံးမလား”
တိုးမောင်က အုတ်ဂူတစ်ချို့အကာအကွယ်ယူပြီး မြေကြီးတွင်းတူးကာ မီးမွှေးနေလေသည်။ မီးရောင်မှာ သုဿန်အတွင်းထိန်လင်းနေသော်လည်း ညသန်းခေါင်ယံလူအိပ်ချိန်ဖြစ်သဖြင့် သူတို့မီးရောင်ကို မည်သူမှမြင်တွေ့နိုင်မည်မဟုတ်ပေ။ တိုးမောင်က ခွေးကြီးအနီးသို့ ရောက်လာသည်။
“နည်းတဲ့အကောင်ကြီးမဟုတ်ဘူးကွာ၊ ငါတို့တော့ နိုင်ငံခြားခွေးအသားကို စားဖူးသွားတာပေါ့”
စိုးကြီးက ခွေးကြီးကို ဖျက်နေလေသည်။ ခွေးဗိုက်ကိုဖွင့်ပြီး ဗိုက်ထဲမှ အူကလီစာများကိုထုတ်ယူလိုက်သည်။ ခွေးအရေခွံ့ကိုခွာလိုက်သည့်အခါ ခွေးကြီး၏ လက်များ၊ ပေါင်များတွင် ကြွက်သားကြီးများက အမြှောင်းလိုက်ထနေသည်။
“ဒေါ်စိန်မြင့်က ဒီခွေးကြီးကို နေ့တိုင်းအမဲသား တစ်ပိဿကျွေးတယ်ဆိုပဲဗျ”
အနားတွင်ထိုင်ကြည့်နေသည့် ကောင်းခန့်ကပြောလိုက်သည်။
“သူတို့က သူဌေးတွေပဲကွာ၊ ကျွေးနိုင်တာပေါ့၊ အခု ခွေးသေတာကိုတောင်မှ ဘုန်းကြီးငါးပါးပင့်ပြီး သက်ပျောက်ဆွမ်းကပ်ပြီးမှ ဒီသချိုင်းကုန်းမှာ လူလိုမြှုပ်တာကိုပဲကြည့်ပါလား၊ အုတ်ဂူလုပ်ခတင် ငါးသိန်းနီးပါး ကျတယ်ကွ၊ အုတ်ဂူတစ်ခုလုံးကို ကြွေပြားကပ်ပြီးတော့ ဒီခွေးရဲ့ပုံကိုလည်း မှန်ဘောင်သွင်းပြီးတော့ အုတ်ဂူမှာကပ်ထားခိုင်းတာ၊ ဒါကတော့ ငါ့ကိုအပ်တာမို့လို့ ငါသိတာကွ”
စိုးကြီးက ခွေးကိုဖျက်တောက်နေရင်း ကောင်းခန့်စကားကိုတုံ့ပြန်လိုက်သည်။ တိုးမောင်က သူတို့အသင့်ယူဆောင်လာသည့် ဒန်အိုးကြီးဖြင့် ရေနွေးတည်နေလေသည်။
“ရွာထဲမှာတော့ ခွေးသေကို လူလိုအသုဘချရမလားဆိုပြီး ရွာသားတွေက ပြောဆိုနေကြတာပဲဗျာ”
ထက်အောင်က ဝင်ပြောပြန်သည်။
“အိုကွာ၊ သူတို့က မကြားတကြားပဲပြောတာပါ၊ တကယ်တမ်းကတော့ ဦးမြတို့ ဒေါ်စိန်မြင့်တို့ဆိုတာ တစ်ရွာလုံးနဲ့မကင်းတဲ့သူတွေမဟုတ်လား၊ ရွာဦးကျောင်းဆရာတော်တောင်မှ ခွေးအတွက်ဆွမ်းကပ်တာကို မကြွချင်ပေမယ့် သူ့ဒကာရင်းဖြစ်နေတော့ ကြွပေးလိုက်ရတယ်မဟုတ်လားကွ”
ထို့နောက် ခွေးသားဟင်းကို စပါးလင်နှင့် ဆီပြန်ချက်စားကြသည်။ တောအရက်နှင့် ဘီယာများဖောက်သောက်ပြီး သူတို့လေးယောက် သုဿန်အတွင်း စားပွဲသောက်ပွဲကျင်းပလိုက်ကြသည်။
(၂)
စိုးကြီးက ကရင်စပ်သည်။ ပန်းရံခေါင်းတစ်ယောက်လည်းဖြစ်သည်။ တစ်ခါတစ်ရံ ဟင်္သာတမြို့ပေါ်သို့တက်ပြီး ပန်းရံလုပ်သလို ရွာတွင်လည်း ပန်းရံအလုပ်ဆို စိုးကြီးကိုသာ အပ်လေ့ရှိသည်။ ထို့အပြင် တစ်ခါတစ်ရံ ဂူသွင်းသဂြိုလ်ချင်သည့်အခါ စိုးကြီးက အုတ်ဂူကိုတစ်ယောက်တည်း ကန်ထရိုက်ဆွဲကာ လုပ်ကိုင်ပေးလေ့ရှိသည်။ သူတို့ရွာတွင် သုဘရာဇာဟူ၍ မရှိပေ။
တိုးမောင်ကတော့ ပန်းရံနောက်လိုက်၊ လူကြမ်းဖြစ်သည်။ စိုးကြီး၏ တပည့်တစ်ယောက်လည်းဖြစ်သလို စိုးကြီး၏ ညီမကိုယူထားသဖြင့် သူတို့နှစ်ဦး ယောက်ဖတော်စပ်ပေသည်။ စိုးကြီးအလုပ်လုပ်တိုင်း တိုးမောင်က နေ့စားလိုက်လုပ်နေကြဖြစ်သဖြင့် တပူးပူးတတွဲတွဲရှိနေတတ်သည်။ ထိုမျှမကသေး စိုးကြီးနှင့် တိုးမောင်တို့နှစ်ယောက်လုံးမှာ အလုပ်ပြီးချိန်တွင် အရက်ကိုအမူးအပြဲသောက်ကာ ပတ်ရမ်းတတ်သည့်အကျင့်ကလည်း တူညီနေပြန်သဖြင့် စိုးကြီးနှင့် တိုးမောင်တို့နှစ်ယောက်မှာ ညီအကိုအရင်းအလား တစ်ဦးနှင့်တစ်ဦးချစ်ခင်ကြလေသည်။
ထက်အောင်နှင့် ကောင်းခန့်တို့မှာ ကာလသား လူပျိုပေါက်များဖြစ်သည်။ အသက်ဆယ့်ခြောက်နှစ်လောက်သာရှိသေးသည်။ သူတို့နှစ်ဦးမှာ အရက်ကိုလက်တည့်စမ်းသောက်ရင်း စိုးကြီး၊ တိုးမောင်တို့နှင့် ခင်မင်သွားသည်။ စိုးကြီးတို့ကလည်း သူတို့ကို ယောက်ျားကလေးများတတ်အပ်သည့် ပညာရပ်များကို သင်ကြားပေးနေရာ သိပ်မကြာခင် စိုးကြီးမှာ သူတို့နှစ်ယောက်၏ ဆရာဖြစ်မှန်းမသိ ဖြစ်သွားကြသည်။
ဦးမြနှင့် ဒေါ်စိန်မြင့်တို့ မိသားစုမှာ ဘိုးဘွားအစဉ်အဆက် ဆန်စက်ပိုင်ခဲ့သည့် သူဌေးများဖြစ်ကြသည်။ ဦးမြပိုင်သည့် ဆန်စက်မှာ လေးငါးလုံးခန့်ရှိပြီး ရွာတွင်ငွေရှင်ကြေးရှင် ရွာမျက်နှာဖုံးများဖြစ်ကြသည်။ ရွာထိပ်တွင် သုံးထပ်တိုက်အကြီးကြီးတစ်လုံးဆောက်ထားကာ ခြံနှင့်ဝန်းနှင့် အကျအန နေထိုင်ကြသည်။ အိမ်စီးကားပင် သုံးစီးရှိသည်။ သူတို့အိမ်တွင် ဂျက်ကီဟုခေါ်သည့် ခွေးကြီးတစ်ကောင်မွေးထားကာ တစ်အိမ်သားလုံးက အလွန်ချစ်ခင်ကြသည်။ သို့သော် ဂျက်ကီအသက်ဆယ်နှစ်ကျော်သည့်အချိန်တွင် သွေးဝမ်းသွားပြီး ကောက်ကာငင်ကာ သေဆုံးသွားတော့သည်။
ထက်အောင်နှင့် ကောင်းခန့်တို့နှစ်ယောက်က ရွာထိပ်မြောင်းကူးတံတားကလေးတွင်ထိုင်ကာ ဂိမ်းဆော့နေကြစဉ် စိုးကြီးနှင့် တိုးမောင်တို့က တစ်ယောက်နှင့်တစ်ယောက် ပုခုံးချင်းဖက်လျှက် လမ်းလျှောက်လာကြသည်။ သူတို့အနားသို့ရောက်သည့်အခါ ရပ်တန့်သွားကြလေသည်။
“ဟေ့ကောင်တွေ၊ မင်းတို့ခွေးသားစားအုံးမလား”
စိုးကြီးတို့က ခွေးသားစားနေကျဖြစ်သည်။ ရွာမှ ခွေးများ၊ တခြားရွာများမှ ခွေးများကိုခိုးဝှက်ဖမ်းဆီးကာ သတ်ဖြတ်ပြီး စားသောက်လေ့ရှိသည်။ ထက်အောင်နှင့် ကောင်းခန့်တို့မှာလည်း ခွေးသားစားဖူးသူများဖြစ်သဖြင့် စိုးကြီးက အဖော်စပ်သည့်အခါ နှစ်ခါမပြောလိုက်ရဘဲ ခေါင်းညိတ်လိုက်သည်။
“ဒီတစ်ခါစားမယ့်အသားက စားရခဲတယ်ကွ၊ ငါတို့ တစ်သက်မှာ တစ်ခါပဲ စားဖူးမယ့်ခွေးမျိုး”
“ဘယ်ကခွေးလဲ ကိုစိုးကြီးရ”
“ခုနကပဲ ဂျက်ကီကိုမြေချပြီးသွားတယ်မဟုတ်လား၊ ဒီခွေးကြီးကိုငါကြည့်တော့ အသားတွေက ဆူနေတာပဲကွာ၊ သူဌေးခွေးဆိုတော့ အစားကောင်းတွေစားရလို့ထင်တယ်၊ ဝဖီးနေတာပဲဟေ့၊ အဲဒါ ငါတို့ဒီည ဂျက်ကီအလောင်းကိုဖော်ပြီး ချက်စားကြမလို့ကွ”
“ဟုတ်မှလည်းလုပ်ပါ ကိုစိုးကြီးရာ”
“မင်းတို့မစားချင်မစားနဲ့၊ ငါတို့ကတော့စားမှာပဲ”
“အဲဒီလိုတော့မလုပ်ပါနဲ့ဗျာ၊ ကျုပ်တို့လည်းစားချင်တယ်၊ ဘယ်မှာဆုံမလဲ”
“ညဆယ့်တစ်နာရီ ဒီတံတားထိပ်ကိုလာခဲ့ကွာ၊ ငါတို့အတူတူစုံပြီးတော့မှ သချိုင်းကုန်းကို သွားကြတာပေါ့၊ ဒါနဲ့ မင်းတို့နှစ်ယောက် သံတူရွင်းတစ်ယောက်တစ်လက်စီ ယူခဲ့ကြအုံးနော်”
အခုတော့ သချိုင်းကုန်းအတွင်း ခွေးသားဟင်းချက်နေပြီဖြစ်သည်။ ခွေးသားဟင်းကို မဆလာဖြူးလိုက်သောအခါ ရနံ့ကမွှေးကြိုင်လာလေသည်။ ထို့နောက် မီးဖိုပေါ်မှချပြီး ပူပူလောင်လောင်ပင် စားသောက်ကြသည်။ အရွယ်အစားကြီးသည့်ခွေးကြီးမို့ အသားတော်တော်ရလေသည်။ ခွေးသားတစ်တုံးကိုက်လိုက် တောအရက်ကလေးနှင့် မျောချလိုက်နှင့် သူတို့လေးယောက် ဆက်ရက်မင်း စည်းစိမ်ခံစားနေကြလေသည်။
“ဝုတ်၊ ဝုတ်”
ထိုစဉ် သုဿန်ဝန်းကျင်တွင် ခွေးဟောင်သံများကိုကြားလိုက်ရသည်။ ထက်အောင်နှင့် ကောင်းခန့်က ခေါင်းထောင်ပြီး ပတ်ဝန်းကျင်ကိုလှည့်ကြည့်ကြသည်။ ခွေးဟောင်သံကို အသေအချာကြားရသော်လည်း ခွေးကိုတော့မမြင်တွေ့ရပေ။
“လိုက်ကြည့်မနေစမ်းပါနဲ့ကွာ၊ ခွေးလေခွေးလွင့်တွေဖြစ်မှာပါ၊ ခွေးတွေက အမျိုးကိုသိပ်သိတာကွ၊ သူတို့အမျိုးတွေ ချက်စားခံနေရပြီဆိုရင် အဲဒီလိုပဲ စူးစူးဝါးဝါး ဟောင်တတ်ကြတယ်”
နှစ်နာရီခန့်ကြာအောင် စားသောက်ပြီးသည့်အခါ သူတို့အတော်မူးနေကြပြီဖြစ်သည်။ ထိုစဉ် သစ်ပင်ကြီးတစ်ပင်ပေါ်မှ လူကြီးတစ်ယောက်က ဇောက်ထိုးကြီးတွယ်ဆင်းလာသည်ကို သူတို့လေးယောက်စလုံး မြင်တွေ့လိုက်ရသည်။ သစ်ပင်ကြီးမှာ အလွန်ကြီးမားပြီး သစ်ရွက်ကြွေချိန်ဖြစ်သဖြင့် သစ်ရွက်များမရှိတော့ဘဲ အရိုးပြိုင်းပြိုင်းကျနေသလိုဖြစ်နေသည်။ ထိုလူကြီးက သစ်ပင်ပေါ်မှဆင်းလာပြီး သစ်ပင်ခြေရင်းတွင် မတ်တပ်ရပ်လိုက်သည်။
“ဟေ့ကောင်တွေ၊ ငါ့ကိုလည်းကျွေးစမ်း”
“အောင်မာ မင်းကဘာကောင်လည်း အချောင်စားချင်တဲ့ အချောင်သမားလား”
တိုးမောင်က မူးမူးနှင့်ထလိုက်ပြီး ပေါက်တူးကိုဆွဲလိုက်ကာ ထိုလူကြီးကို ပေါက်တူးနှင့်လိုက်ရိုက်တော့သည်။ ထိုလူကြီးလည်း သုဿန်အတွင်းပြေးလွှားပြီးနောက် သစ်ပင်တစ်ပင်ပေါ်သို့ ပြေးတက်သွားလေသည်။ တိုးမောင်က ကျယ်လောင်သည့် ရယ်သံကြီးဖြင့်ရယ်မောလိုက်ပြီး
“ဟေ့ကောင်ငကြောက်၊ မင်းသတ္တိရှိရင်ဆင်းခဲ့ကွာ၊ မင်းတင်မကဘူး၊ မင်းတို့တစ်ဆွေလုံး တစ်မျိုးလုံးကို ခေါ်လာခဲ့စမ်း၊ ဟုတ်ပြီလား”
တိုးမောင်က စိန်ခေါ်ကာ အော်ဟစ်နေသော်လည်း ထက်အောင်နှင့် ကောင်းခန့်တို့မှာ အလွန်ကြောက်ရွံ့နေလေသည်။
“ကျုပ်၊ ကျုပ်တို့ပြန်တော့မယ် ကိုစိုးကြီးရာ၊ ကျုပ်တို့မနေရဲတော့ဘူး”
ထို့နောက် သံတူရွင်းများပင် မယူနိုင်ဘဲ နှစ်ယောက်သား သုတ်ခြေတင်ပြီးထွက်ပြေးခဲ့ကြလေသည်။ တိုးမောင်က ထက်အောင်တို့နှစ်ယောက်ကိုကြည့်ပြီး
“ဟေ့ကောင်တွေ၊ မင်းတို့နောက်မှာ မဲမဲကြီး လိုက်လာတယ်ကွ၊ ဟား၊ ဟား”
တမင်စနောက်အော်ဟစ်လိုက်သော်လည်း ထက်အောင်တို့နှစ်ယောက်ကတော့ ဖဝါးနှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးကြတော့သည်။
“ခွေးကောင်လေးတွေ၊ ကြောက်ကလည်း ကြောက်တတ်လိုက်တာ လွန်ပါရော”
တိုးမောင်နှင့် စိုးကြီးမှာ ကျန်နေသေးသည့် ခွေးသားဟင်းများကိုစားသောက်လိုက်ပြီး တောအရက်လက်ကျန်ကိုအပြတ်ရှင်းလိုက်ကာ အုတ်ဂူများပေါ်တွင်အိပ်စက်လိုက်ကြတော့သည်။ မနက်မိုးလင်းခါနီးမှ နိုးထလာကာ ခွေးကြီး၏ အပိုင်းအစများကို အခေါင်းထဲသို့ ထိုးထည့်လိုက်ကာ အုတ်ဂူကို ဟန်မပျက် ပြန်ပြီးပိတ်ခဲ့ကြသည်။
(၃)
နောက်တစ်နေ့လည်း စိုးကြီးနှင့် တိုးမောင်မှာ အိမ်တွင်သာအိပ်နေသည်။ နောက်တစ်ရက်မနက်အစောတွင် ဘိလပ်မြေတစ်အိတ်ထမ်းကာ သူတို့နှစ်ယောက် သုဿန်ဆီသို့ထွက်လာခဲ့ကြသည်။ ရွာထိပ်အရောက် ဦးမြတို့၏ တိုက်အိမ်ကြီးအောက်ထပ်တွင် ထိုင်ခုံများချထားသလို လူများဖြင့်စည်ကားနေလေသည်။
“ဂျက်ကီအတွက် အလှူအတန်းလုပ်ပေးနေတာပါ၊ ဝင်စားသွားကြပါအုံး”
စိုးကြီးနှင့် တိုးမောင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ဦးမြတို့ခြံအတွင်းသို့ဝင်သွားသည်။ ခုံတွင်ဝင်ထိုင်လိုက်သည့်အခါ သူတို့အရှေ့တွင် မုန့်ဟင်းခါးပန်းကန်များကို လာချပေးသည်။ ထိုစဉ် အိမ်ကြီးထဲတွင် မွေးထားသည့် ခွေးကြီး၊ ခွေးငယ်များက သူတို့နှစ်ယောက်ကိုကြည့်ကာ ထိုးဟောင်ကြလေသည်။ ခွေးများကိုလည်ပတ်သံကြိုးနှင့် ချည်နှောင်ထားသည်မို့ ခွေးများက သူတို့နှစ်ဦးဆီသို့ မလာနိုင်သော်လည်း သူတို့ကိုကြည့်ကာ ကိုက်မည့်ဟန်ုဖြင့် အသည်းအသန်ထိုးဟောင်ကြရာ အိမ်ရှင် ဒေါ်စိန်မြင့်ကပင် ခွေးများကိုထိမ်းထားရလေသည်။ သူတို့နှစ်ယောက်လည်း မုန့်ဟင်းခါးကို ခပ်မြန်မြန်စားလိုက်ပြီး ထိုခြံထဲမှထွက်လာခဲ့ကြတော့သည်။
ဒေါ်စိန်မြင့်က သူတို့အနောက်မှပြေးလိုက်လာလေသည်။ ထို့နောက် စိုးကြီးလက်ထဲသို့ တစ်သောင်းတန်တစ်ရွက် လှမ်းထည့်ပေးလိုက်သည်။
“ငါ့သားလေး အုတ်ဂူကို သေသေချာချာလေး လုပ်ပေးစမ်းပါ စိုးကြီးရာ”
စိုးကြီးက ခေါင်းညိတ်ပြီး
“မပူပါနဲ့ဗျာ၊ ကျုပ်တို့ လှလှပပနဲ့ ခိုင်ခိုင်ခန့်ခန့်ဖြစ်အောင် လုပ်ပေးပါ့မယ်”
စိုးကြီးနှင့် တိုးမောင်မှာ သုဿန်သို့ရောက်သည့်အခါ သူတို့လုပ်စရာရှိသည့်လုပ်ငန်းများကိုစတင်ကြသည်။ ဂျက်ကီ၏ အုတ်ဂူကို အချောကိုင်ပြီး ကြွေပြားကပ်ပေးရန်ဖြစ်သည်။ တိုးမောင်က မဆလာဖျော်နေပြီး စိုးကြီးကတော့ သူတို့တူးဆွထားသည့်အုတ်များကို အသေအချာပြန်စီနေလေသည်။
“မင်းကတော့ ကံကောင်းလိုက်တာဂျက်ကီရာ၊ သူဌေးအိမ်ရောက်တော့ သူဌေးခွေးဖြစ်သွားတာပေါ့ကွာ၊ အမဲသားလည်း တစ်နေ့တစ်ပိဿစားရတယ်၊ မင်းရဲ့သခင်တွေကလည်း မင်းကိုချစ်လိုက်တာ တုန်နေတာပဲကွာ၊ ငါတောင်မှ အဲဒီလိုသခင်မျိုးနဲ့တွေ့မယ်ဆိုရင် ခွေးဖြစ်ချင်တယ်ကွာ၊ ဟုတ်တယ်မဟုတ်လား တိုးမောင်”
စိုးကြီးကလှမ်းပြီးမေးလိုက်သော်လည်း တိုးမောင်ထံမှ ပြန်ထူးသံမကြားရပေ၊ အခါတိုင်းဆို သူတို့အလုပ်အတူတူလုပ်နေရင်း သမီးယောက်ဖနှစ်ယောက် စကားတပြောပြောနှင့်လုပ်လေ့ရှိသည်။ တိုးမောင်အသံကိုမကြားသည်မို့ စိုးကြီးက အနောက်သို့လှည့်ကြည့်လိုက်သည်။ ဖျော်လက်စ မဆလာအပုံကြီးသာရှိပြီး တိုးမောင်ကိုမတွေ့တော့ပေ။
“တိုးမောင်၊ ဟေ့ကောင်တိုးမောင်”
သုဿန်အတွင်းအော်ခေါ်လိုက်သော်လည်း တိုးမောင်၏ပြန်ထူးသံမကြားရပေ။
“ဒီကောင် သေးများသွားပေါက်တာလား”
စိုးကြီးက အလုပ်ပြန်လုပ်နေလိုက်သည်။ သို့သော် ဆယ်မိနစ်ခန့်ကြာသည်အထိ တိုးမောင်ပြန်မလာပေ။
“ဒါဆို ဒီကောင် အရက်သွားဝယ်တာဖြစ်မယ်၊ နှမပေး အလုပ်ကျတော့ လုပ်မယ်မရှိဘူး အရက်ကျတော့သောက်ချင်တယ်”
စိုးကြီးက တစ်ယောက်တည်း အလုပ်ဆက်လုပ်နေသည်။ ထိုအခါ သူ့ကိုတစ်စုံတစ်ယောက်က စိုက်ကြည့်နေသလိုမျိုး ခံစားနေရသည်။ ကြက်သီးများလည်း တဖြန်းဖြန်းထလာလေသည်။ စိုးကြီးတစ်ယောက် အလုပ်လုပ်ရင်း ကျောမလုံတော့ပေ။ သို့နှင့် အကြောက်ပြေလိုပြေငြား သီချင်းအကျယ်ကြီးအော်ဆိုပြီး အလုပ်လုပ်နေမိသည်။ သူ့စိတ်တွေက တဖြည်းဖြည်းချောက်ချားလာသည်။ သုဿန်နှင့် သူတို့ရွာမှာ သုံးဖာလုံခန့်ဝေးသဖြင့် လှမ်းကြည့်လျှင် ရွာကိုမြင်တွေ့နေရသော်လည်း ခရီးကတော့ သိပ်မနီးပေ။ သို့နှင့် နေ့လည်ခန့်ရောက်သည့်အခါ အုတ်ဂူကလေးကို အချောသတ်ပြီးသွားပြီဖြစ်သည်။
“တော်ပြီ၊ နောက်နေ့ကျမှာပဲ တိုးမောင်ကိုခေါ်ပြီး ကြွေပြားလာကပ်တော့မယ်၊ ဒီကောင်ကတော့ ဘယ်သွားနေလဲမသိဘူး”
ပစ္စည်းများကို အမြန်သိမ်းဆည်းကာ ပုခုံးပေါ်သို့တင်ထမ်းလျှက် စိုးကြီးတစ်ယောက် ရွာသို့အမြန်ပြန်လာခဲ့သည်။ ရွာသို့ရောက်သည့်အခါ အရက်ဆိုင်သို့အရင်ဝင်လာခဲ့သည်။ အရက်ရောင်းသည့်ဦးဘလူက စိုးကြီးတို့နှင့် မိတ်ဆွေတွေဖြစ်သည်။ စိုးကြီးက အရက်ဆိုင်အတွင်းရှိ ခွေးခြေခုံပုကလေးတွင်ဝင်ထိုင်လိုက်သည့်အခါ ဦးဘလူက သူ့အရှေ့မှစားပွဲကို အဝတ်စနှင့်လာသုတ်ပေးသည်။
“စိုးကြီး၊ ဒီနေ့စောလှချည်လား၊ ဟိုကောင်တိုးမောင်ရော မပါဘူးလား”
“တိုးမောင်ဒီကိုမလာဘူးလား ဦးဘလူ”
“မနေ့က ညနေက မင်းတို့နှစ်ယောက်လာသောက်သွားပြီးကတည်းက မရောက်လာတာလေကွာ၊ ဘာဖြစ်လို့လဲ”
စိုးကြီး ထူးဆန်းနေမိသည်။
“မဟုတ်ပါဘူးဗျာ၊ ဒီကောင်အလုပ်လုပ်နေရင်း ပျောက်သွားတော့ ကျုပ်က အရက်သွားဝယ်တယ်ထင်တာ”
“အောင်မယ်လေးကွာ၊ သူ့အိမ်ပြန်ပြီးတော့ သူ့မိန်းမနဲ့ဖက်ပြီး အိပ်နေတာဖြစ်မှာပေါ့ကွ”
သို့နှင့် စိုးကြီးအရက်ထိုင်မသောက်တော့ဘဲ အရက်တစ်လုံးပါဆယ်ဝယ်လာကာ အိမ်သို့ပြန်လာခဲ့သည်။ စိုးကြီးတို့အိမ်မှာ ခြေတံရှည်အိမ်ကြီးဖြစ်ပြီး အတော်အတန်ကြီးများကျယ်ဝန်းသည်။ စိုးကြီးအိမ်တွင် စိုးကြီးတို့မိသားစုနှင့် တိုးမောင်တို့လင်မယားနှစ်ယောက် အတူတကွနေထိုင်ကြသည်။ အိမ်ထဲလှမ်းဝင်လိုက်တော့ တိုးမောင်၏မိန်းမတစ်ဖြစ်လဲ သူ့ညီမဖြစ်သူက အိမ်ရှေ့တွင် အဝတ်လှန်းနေလေသည်။
“ဟဲ့ အငယ်မ၊ နင့်ယောက်ျားအိမ်ပြန်မလာဘူးလား”
“ပေါက်ပေါက်ရှာရှာ အကိုကြီးရယ်၊ အကိုကြီးနဲ့ မနက်ကအတူတူထွက်သွားတာမဟုတ်လား”
စိုးကြီးက ရေအိုးထဲမှရေတစ်ခွက်ခပ်လိုက်ကာ ခြေလက်ဆေးပြီး မျက်နှာသစ်လိုက်သည်။
“ထူးဆန်းတယ်ဟ၊ ဒီကောင်အလုပ်လုပ်နေရင်း ဘယ်ထွက်သွားတာလဲမသိဘူး၊ ငါ ဦးဘလူကြီးတို့ ဆိုင်မှာလည်း ဝင်ရှာခဲ့ပြီးပြီ၊ အခု အိမ်ရောက်တော့လည်း မရှိဘူး”
အငယ်မက စိုးကြီးကိုမျက်စောင်းထိုးလိုက်သည်။
“အကိုကြီး တပည့်အကြောင်းသိတယ်မဟုတ်လား၊ သူက စိတ်မထင်ရင် မထင်သလိုလုပ်တတ်တဲ့လူစားပဲလေ၊ ညနေတော့ပြန်လာမှာပေါ့”
ထိုနေ့တော့ စိုးကြီးဘယ်မှမသွားတော့ဘဲ အိမ်မှာသာ အရက်သောက်နေမိသည်။ စိုးကြီးမိန်းမက ငါးပိကောင်တစ်ကောင်ကိုမီးဖုတ်ပေးရာ အရက်နှင့် ငါးပိကောင်နှင့် လိုက်ဖက်ညီလှသည်။ တဖြည်းဖြည်း ညမှောင်လာသည်။ ည ခုနစ်နာရီထိုးသည်အထိ စိုးကြီးပြန်မလာပေ။ အငယ်မက အခုမှ စိတ်ပူသလိုဖြစ်နေသည်။
“အကိုကြီး ဘယ်လိုလုပ်မလဲ”
“အေးဟ၊ နင့်ယောက်ျားက မပြောမဆိုနဲ့ထွက်သွားတာ၊ ကိစ္စတစ်ခုခုရှိတဲ့ပုံပဲ၊ ငါ့ဖုန်းပေးစမ်း၊ ငါရွာလူကြီးဆီဖုန်းဆက်ကြည့်မယ်၊ ဒီကောင်ရွာမှာမရှိဘူးဆိုရင်တော့ ဘေးရွာတွေကိုများသွားလားမသိဘူးဟ”
စိုးကြီးက သူတို့အင်းကုန်းရွာလူကြီးဆီကို ဖုန်းဆက်ရုံမက၊ အနီးရှိရွာများမှာ သူ့မိတ်ဆွေများထံသို့ ဖုန်းဆက်မေးမြန်းသော်လည်း တိုးမောင်သတင်းကို မကြားရပေ။
“လုပ်ပါအုံး အကိုကြီးရာ၊ ကျုပ်ယောက်ျား သေပြီလားမသိဘူး”
“ဟာ၊ ဒီကောင်က ရန်ငြိုးရန်စတွေဘာတွေ မရှိပါဘူးဟာ၊ အခုစောသေးတယ်ဆိုတော့ ငါဆိုင်ကယ်နဲ့ ရွာတစ်ပတ်ကြည့်လိုက်အုံးမယ်ဟေ့”
စိုးကြီးက အိမ်အောက်မှ သူ့ဆိုင်ကယ်အစုတ်ကလေးထုတ်လိုက်ပြီး ခြံထဲမှထွက်ခွာသွားသည်။ ည ရှစ်နာရီကျော်နေပြီးဖြစ်သဖြင့် ရွာမှလူများမှာ ကိုယ့်ခြံဝိုင်းများအတွင်း ကိုယ်နေကြကာ အချို့ကာ တီဗွီဇတ်လမ်းတွဲများကိုကြည့်နေကြလေသည်။ စိုးကြီးက တိုးမောင်သွားလောက်သည့်နေရာများကို လိုက်လံမေးမြန်းရတော့သည်။ သို့နှင့် တစ်နာရီခန့်အကြာတွင် ရွာအပြင်ပတ်လမ်းမှ ပြန်လာသည့်အခါ သုဿန်တွင် မီးရောင်ကလေး တစ်လက်လက်ကို လှမ်းမြင်လိုက်ရလေသည်။ စိုးကြီးလည်း အလွန်ထူးဆန်းသွားသည်။
“ခွေးကောင်တိုးမောင်၊ သချိုင်းကုန်းမှာများ တစ်ယောက်တည်း အရက်သောက်ဖို့ ရောက်နေတာလား”
စိုးကြီးလည်း ရွာအပြင်သို့ထွက်လာပြီး ရွာအဝင်ကွန်ကရစ်လမ်းမကြီးအတိုင်း ဆိုင်ကယ်ကိုမောင်းလာခဲ့တော့သည်။ သုဿန်ကိုသွားသည့်လမ်းကလေးက ကွန်ကရစ်လမ်းမကြီးမှ ခွဲထွက်သွားလေသည်။ သုဿန်သွားသည့်လမ်းက မြေသားဖြစ်သည့်အတွက် စိုးကြီးတစ်ယောက် ဆိုင်ကယ်ကိုထိန်းကာမောင်းနှင်လာခဲ့သည်။ သို့သော် သုဿန်နားရောက်သည့်အခါ မီးလင်းရောင်ကိုမတွေ့ရတော့ပေ။
“ဟိုကောင်တိုးမောင်၊ လူလာနေတယ်ဆိုပြီး မီးငြိမ်းလိုက်တာဖြစ်မယ်”
ဆိုင်ကယ်ကို သုဿန်အဝင်နားတွင်ရပ်လိုက်ပြီး အုတ်ဂူများအကြားသို့ပြေးလာခဲ့သည်။ အလင်းရောင်အားနည်းနေပြီဖြစ်သဖြင့် စိုးကြီးက ဖုန်းမီးကလေးကိုဖွင့်လိုက်ကာ သုဿန်အတွင်းဆက်ဝင်လာသည်။
“ခုနက မီးရောင်တွေ့လိုက်တာ၊ ဒီနားမှာပါ”
သုဿန်ကိုလှည့်ပတ်ရှာသော်လည်း တိုးမောင်ကိုမတွေ့ပေ၊ သို့နှင့် သုဿန်အတွင်းအော်ဟစ်လိုက်သည်။
“တိုးမောင်၊ တိုးမောင်ရေ၊ ငါပါကွ၊ မင်းယောက်ဖ စိုးကြီးပါ”
“အ၊ အ၊ အိ၊ အု”
ထိုအခါ သုဿန်တစ်နေရာမှာ အသံကြားလိုက်သဖြင့် စိုးကြီးပြေးသွားကြည့်လိုက်သည်။ ကြီးမားပြီး လူကြီးနှစ်ဖက်စာလောက်ရှိသည့် သစ်ပင်ကြီးအောက်တွင် တိုးမောင်က ငုတ်တုတ်ထိုင်လျှက်သားကြီးရှိနေသည်။ စိုးကြီးက အမြန်ပြေးပြီးဆွဲထူလိုက်သည်။
“တိုးမောင်၊ ဟေ့ကောင်တိုးမောင်”
တိုးမောင်မျက်လုံးကြီးတွေက ပြူးထွက်နေပြီး ပါးစပ်ကြီးပွင့်နေကာ လျှာကြီးကလည်း အပြင်သို့ထွက်ကျနေသည်။ အပြင်ထွက်နေသည့် လျှာတစ်ခုလုံးမှာလည်း အနက်ရောင်ကြီးဖြစ်နေလေသည်။ စိုးကြီးတစ်ယောက် တိုးမောင်ကိုဖက်ပြီး ငိုကြွေးလိုက်မိသည်။ တိုးမောင်အသားများမှာ ကျောက်သားများကဲ့သို့ အေးစက်နေပြီး လက်တွေကလည်း တောင့်တင်းနေလေသည်။
တိုးမောင်သေဆုံးသည့်သတင်းမှာ ညတွင်းချင်းပင် ပြန့်နှံ့သွားသည်။ စိုးကြီးက တိုးမောင်အလောင်းကို သုဿန်ထဲတွင် တွေ့ခဲ့သည်ဟုမပြောဘဲ လမ်းဘေးချောင်းကူးတံတားတစ်ခုပေါ်တွင် တွေ့သည်ဟုသာ လိမ်လည်ပြောဆိုလိုက်သည်။ ရွာတွင်ဆေးခန်းဖွင့်ထားသည့် ဆရာဝန်ကိုပြေးပြီးပင့်တော့ ဆရာဝန်က တိုးမောင်အလောင်းကို အသေအချာလေ့လာကြည့်သည်။
“အရက်ဆိပ်တက်ပြီးသေတာဖြစ်မယ်ဗျ၊ လျှာကြီးကလည်း မဲနက်နေတာမဟုတ်လား”
ဆရာဝန်က ထိုသို့ကောက်ချက်ချသဖြင့် အားလုံးကလည်း လက်ခံလိုက်ကြသည်။ တိုးမောင်မှာ ယခင်ကတည်းက အရက်အလွန်သောက်သူဖြစ်သဖြင့် ရွာမှလူများက သိပ်ပြီးဝမ်းမနည်းကြပေ။
သို့နှင့် မကြာခင်မှာပင် တိုးမောင်နာရေးဖြစ်တော့သည်။ တိုးမောင်ကိုတော့ အုတ်ဂူမသွင်းပေ၊ ရွာမှ နာရေးကူညီမှုအသင်း၏ အကူအညီဖြင့် မီးသဂြိုလ်လိုက်တော့သည်။ တိုးမောင်သေဆုံးသွားသည့်အတွက် အလွန်စိတ်မကောင်းဖြစ်နေသူကတော့ စိုးကြီးပင်ဖြစ်သည်။ တိုးမောင်အသုဘပြီးတော့ စိုးကြီးက အလုပ်ဆက်လုပ်ဖို့ပြင်ဆင်သည်။ ဒေါ်စိန်မြင့်၏ ခွေးကလေးဂျက်ကီ၏ အုတ်ဂူမှာအခုထက်ထိ ကြွေပြားမကပ်ရသေးပေ၊ သို့သော် စိုးကြီးတစ်ယောက်တည်း သုဿန်အတွင်း အလုပ်သွားလုပ်ဖို့ကိုလည်း ကြောက်ရွံ့နေမိပြန်သည်။ ထို့ကြောင့် သူ့တပည့်နှစ်ယောက်ဖြစ်သည့် ထက်အောင်နှင့် ကောင်းခန့်တို့ကို အဖော်ခေါ်ရတော့သည်။
“ဟေ့ကောင်တွေ၊ ငါသချိုင်းကုန်းထဲက ဂျက်ကီရဲ့အုတ်ဂူကို ကြွေပြားသွားကပ်မယ်၊ မင်းတို့နှစ်ကောင်လည်း ငါနဲ့လိုက်ကူကြ၊ နေ့စားခပေးမယ်”
ထက်အောင်နှင့် ကောင်းခန့်တို့ အလွန်ထိတ်လန့်နေသည်။
“ဟာဗျာ၊ သချိုင်းကုန်းထဲကိုတော့ မသွားချင်ပါဘူး”
“ဟေ့ကောင်တွေ မလိုက်လို့မရဘူး၊ မင်းတို့မလိုက်ရင် မင်းတို့အကြောင်းတွေကို ရွာထဲမှာ ငါဖော်ပစ်လိုက်မယ်ကွ၊ ဘာမှတ်နေသလဲ”
စိုးကြီးအကြပ်ကိုင်သဖြင့် ထက်အောင်တို့နှစ်ယောက် မလိုက်လို့မရတော့။
“လာစမ်းပါကွာ၊ ငါတစ်ယောက်လုံးရှိပါတယ်ကွ၊ ပြီးတော့ နေ့ခင်းကြောင်တောင်ကြီးကွာ၊ ဘာမှမဖြစ်ပါဘူး”
သို့နှင့် နောက်နေ့ရောက်သည့်အခါ စိုးကြီးနှင့် ထက်အောင်တို့နှစ်ယောက် သုဿန်ဆီသို့ချီတက်ခဲ့ကြသည်။ စိုးကြီးက ထက်အောင်တို့နှစ်ယောက်ကို သုဿန်အရှေ့တွင်ချထားပေးခဲ့ပြီးနောက်
“မင်းတို့နှစ်ယောက် ဒီမှာခဏစောင့်နေကြ၊ ငါကြွေပြားသွားဝယ်အုံးမယ်”
“ဟာ၊ မလုပ်ပါနဲ့ ကိုစိုးကြီးရာ”
“မင်းတို့ယောက်ျားတွေမဟုတ်ဘူးလားကွာ၊ ခဏလေးပဲစောင့်စမ်းပါ၊ တာရိုးထိပ်က အိမ်ဆောက်ပစ္စည်းဆိုင်မှာ သွားဝယ်မှာကွ၊ ခဏပဲစောင့်”
စိုးကြီးက အိမ်ဆောက်ပစ္စည်းဆိုင်သို့ မောင်းထွက်လာခဲ့သည်။ တာရိုးထိပ်ရှိဆိုင်မှာ ဆိုင်ကယ်နှင့်သွားလျှင် ဆယ့်ငါးမိနစ်ခန့်သာ ကြာမြင့်သည်ဖြစ်ရာ ထက်အောင်နှင့် ကောင်းခန့်တို့မှာ သုဿန်အတွင်းသို့မဝင်တော့ဘဲ သုဿန်အ၀ ကွန်ကရိလမ်းဘေးတွင်သာ ငုတ်တုတ်ထိုင်ပြီးစောင့်နေကြလေသည်။ ထိုစဉ်မှာပင် သုဿန်အတွင်းမှ ခွေးဟောင်သံတစ်ခုကကျယ်လောင်စွာထွက်ပေါ်လာလေသည်။ ထက်အောင်က လန့်သွားပြီး လှည့်ကြည့်လိုက်သည့်အခါ အုတ်ဂူများကြားတွင် ခွေးနက်ကြီးတစ်ကောင်က မတ်တပ်ရပ်ကာ သူတို့ကိုကြည့်လျှက် ဟောင်နေလေသည်။
“ဟေ့ကောင် ကောင်းခန့်၊ ဟိုမှာ၊ ခွေးနက်ကြီးကွ”
ကောင်းခန့်လှည့်ကြည့်လိုက်သော်လည်း ထက်အောင်ပြသည့်ခွေးကြီးကို မတွေ့ရပေ။ ခွေးဟောင်သံကလည်း တိတ်ဆိတ်သွားလေသည်။
“ဘာမှမရှိပါဘူးကွ”
ထက်အောင်ဘာမှထပ်ပြီး မပြောရဲတော့ပေ၊ သို့နှင့် အာရုံပြောင်းလိုပြောင်းငြားဖြင့် ဖုန်းကိုထုတ်ပြီးကြည့်နေလိုက်သည်။ ထက်အောင်က ဖေ့ဘုတ်ဖွင့်ကြည့်နေသလို ကောင်းခန့်ကလည်း ဂိမ်းဆော့နေလေသည်။ ထိုစဉ်
“ဟေ့ကောင်ထက်အောင်နဲ့ ကောင်းခန့်”
အသံတစ်သံကြားသဖြင့် သုဿန်အတွင်းသို့လှည့်ကြည့်လိုက်သည်။ လူရိပ်လူခြေတော့မတွေ့ရပေ၊ သူတို့နှစ်ယောက် ထိုင်နေသည့်ကွန်ကရစ်လမ်းနှင့် သုဿန်နှင့်ဆိုလျှင် ပေနှစ်ရာကျော်လောက် ကွာဝေးလေသည်။
“ဟေ့ကောင်၊ မင်းကြားလိုက်လား”
ကောင်းခန့်က ထက်အောင်ကိုကြည့်ကာမေးလိုက်ရာ ထက်အောင်က ခေါင်းညိတ်ပြီးဖြေလိုက်လေသည်။
“ကိုစိုးကြီးခေါ်တာလားမသိဘူးကွ”
“ဟာကွာ၊ ကိုစိုးကြီးက ကြွေပြားသွားဝယ်တာလေကွာ၊ သူက သုဿန်ထဲကို ဒီလမ်းက မလာဘဲနဲ့ ဘယ်လိုလုပ်ပြီးရောက်နေမှာလဲ”
ကောင်းခန့်ပြောလိုက်သဖြင့် ထက်အောင်ပိုပြီးထိတ်လန့်သွားရသည်။ ဆက်ပြီးဖုန်းကြည့်နေသော်လည်း သူတို့နှစ်ယောက်စလုံး နောက်ကျောတွေမလုံကြတော့ပေ၊ သုဿန်ကိုလှည့်ကြည့် လှည့်ကြည့်နဲ့ ကြည့်နေမိသည်။
“ဟေ့၊ ထက်အောင်နဲ့ ကောင်းခန့်၊ ငါဒီမှာကွ”
ဒီတစ်ခါတော့ အသံက ခုနကထက်ပိုပြီးကျယ်လောင်လေသည်။ ထက်အောင်နှင့် ကောင်းခန့်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။
“အသံကတော့ ကိုစိုးကြီးအသံမဟုတ်ဘူးကွ”
ထက်အောင်လက်များတုန်ယင်လာသည်။
“ငါသိတယ်၊ ငါသိတယ်၊ အဲဒါ ကိုတိုးမောင်ရဲ့ အသံပဲကွ၊ ငါက သူ့အသံကို ကောင်းကောင်းကြီးမှတ်မိပါတယ်”
နောက်ထပ် တစ်ချက်ထပ်ခေါ်ပြန်သည်။ သူတို့နှစ်ယောက်စလုံး အမှတ်တမဲ့နှင့် သုဿန်အတွင်းသို့လှည့်ကြည့်လိုက်သည်။ ထိုအခါ အရိုးပြိုင်းပြိုင်းကျနေသည့် သစ်ပင်ကြီးတစ်ပင်အောက်တွင် တိုးမောင်က သူတို့နှစ်ယောက်ကို လက်ပြကာ နှုတ်ဆက်နေလေသည်။ တိုးမောင်သေဆုံးပြီးမှန်း နှစ်ယောက်စလုံးသိကြသဖြင့် ခေါင်းမွှေးတွေထောင်လာကာ ကြက်သီးတွေ တဖြန်းဖြန်းထလာလေသည်။ ထိုအခိုက် အေးစက်သည့်လက်ကြီးက သူတို့ပုခုံးပေါ်သို့ ကျဆင်းလာလေသည်။
“အောင်မယ်လေးဗျ”
သူတို့နှစ်ယောက် ပြိုင်တူခုန်လိုက်ကြသည်။ အနောက်သို့လှည့်ကြည့်လိုက်ရာ ကိုစိုးကြီးဖြစ်နေလေသည်။
“မင်းတို့နှစ်ကောင် လုပ်စရာရှိတာမလုပ်ဘူး၊ ဒီမှာဘာဖြစ်နေတာလဲ”
ထက်အောင်တို့မှာ ကြောက်လန့်လွန်းသဖြင့် လက်တွေတဆတ်ဆတ်တုန်နေသည်။ ကောင်းခန့်က သစ်ပင်ကြီးဆီသို့ညွှန်ပြပြီး
“ခုနတုန်းက ကိုတိုးမောင်ကြီး ဟိုသစ်ပင်ကြီးအောက်ကနေ ကျုပ်တို့ကိုလှမ်းခေါ်နေတာကို တွေ့လိုက်ရတယ်”
စိုးကြီးက မျက်မှောင်ကြုတ်ပြီး သစ်ပင်ကြီးကိုလှမ်းကြည့်လိုက်သော်လည်း ဘာမှမတွေ့ပေ၊ သူ့စိတ်ထဲ အနည်းငယ်စိတ်ထင့်သွားသည်။ သို့သော် သူကြောက်ပြ၍မဖြစ်၊ သူကြောက်ပြလိုက်လျှင် ဟိုနှစ်ကောင် ထွက်ပြေးမှာသေချာသည်။ သို့နှင့် ထက်အောင်နှင့် ကောင်းခန့်တို့၏ ဇက်ပိုးများကို လက်ကြမ်းကြီးနှင့်ရိုက်ထည့်လိုက်သည်။
“မင်းတို့ကောင်တွေကွာ၊ ဘာမှမရှိပါဘူးကွ၊ လာကွာ၊ သွားကြမယ်”
စိုးကြီးက ကြွေပြားထည့်ထားသည့် စက္ကူပုံးကြီးကို ထမ်းကာဝင်သွားသော်လည်း ထက်အောင်တို့နှစ်ယောက်က သုဿန်အတွင်းသို့မလိုက်ဝံ့ကြပေ။ စိုးကြီးက သူတို့ကိုလှည့်ကြည့်ပြီ
“ငကြောက်လေးတွေ၊ လာဟ၊ မြန်မြန်လုပ်ပြီး မြန်မြန်ပြန်ကြစို့၊ မင်းတို့မလာရင် မင်းတို့အကြောင်းတွေအကုန် မင်းတို့မိဘတွေ သိသွားမယ်မှတ်”
စိုးကြီးခြိမ်းခြောက်လိုက်သဖြင့် ထက်အောင်တို့နှစ်ယောက်လည်း မလိုက်ချင်၊ လိုက်ချင်နှင့် လိုက်လာရသည်။ စိုးကြီးက အုတ်ဂူကို ကြွေပြားကပ်နေသည်။ သူတို့နှစ်ယောက်ကတော့ စိုးကြီးကို ကူညီပေးနေရသော်လည်း စိတ်ထဲအလွန်ကြောက်လန့်နေမိသည်။ ထိုစဉ် ကောင်းခန့်က သစ်ပင်ကြီး၏ ပင်ခြေသို့ထိုးပြသည်။
“ဟိုမှာ ဖိနပ်တစ်ရံပါလား”
သစ်ပင်ခြေရင်းတွင် စီစီညီညီချွတ်ထားသည့် အနီရောင်ရာဘာဖိနပ်ကိုတွေ့လိုက်ရသည်။
“အဲ၊ အဲဒါ ကိုတိုးမောင်စီးတဲ့ဖိနပ်မဟုတ်လား”
စိုးကြီး တစ်ချက်တွန့်သွားသည်။ သို့သော် လုပ်လက်စအလုပ်ကို အပြီးသတ်ရန်က ပိုပြီးအရေးကြီးသည်မို့ ကြွေပြားများကို ခပ်မြန်မြန်ကပ်နေလိုက်သည်။
“ရွာထဲကလူတွေပြောကြတာကတော့ ကိုတိုးမောင်ကြီးကို သရဲသတ်လို့သေတယ်လို့ပြောနေကြတယ်ကွ”
သိပ်မကြောက်တတ်သည့် ကောင်းခန့်က ထိုစကားကိုအစဆွဲထုတ်သည်။
“တော်ပါတော့ကွာ၊ အဲဒီအကြောင်းတွေ မပြောစမ်းပါနဲ့”
ကြောက်တတ်သည့် ထက်အောင်က တုန်ယင်နေပြီဖြစ်သည်။
“မဟုတ်ပါဘူးကွာ၊ ငါက ကြုံလို့ပြောပြတာပါ၊ အဲဒီသတင်းကြားပြီးတော့ ငါတွေးမိတာတစ်ခုရှိတယ်ကွ၊ ငါတို့ ခွေးသားချက်စားတဲ့ညတုန်းက ဒီသစ်ပင်ပေါ်က သရဲကြီးတစ်ကောင်ဆင်းလာတာကို မင်းလည်းမြင်တယ်မဟုတ်လား၊ ကိုတိုးမောင်က သရဲကြီးကို ပေါက်တူးရိုးနဲ့လိုက်ရိုက်တာလေကွာ၊ ငါထင်တာက အဲဒီသရဲကြီးက ကိုတိုးမောင်ကို မကျေနပ်လို့ သူ့ကိုသတ်လိုက်တာများလား”
ထက်အောင်ကြောက်လန့်နေသဖြင့် စိုးကြီးက ကောင်းခန့်ကိုဝင်ဟောက်လိုက်သည်။
“မဟုတ်တာတွေမပြောနဲ့ကွာ၊ တိုးမောင်က အရက်ဆိပ်တက်ပြီးတော့ သေတာကွ၊ ရွာက ရှေးလူကြီးတွေလျှောက်ပြောနေတဲ့ မဟုတ်ကဟုတ်က စကားတွေကို မယုံကြစမ်းပါနဲ့ကွာ”
စိုးကြီက ကြွေပြားများကို အမြန်ကပ်ကာ လက်စသတ်နေသေးသည်။ ထိုအချိန်တွင် သစ်ပင်ခြေရင်းတွင် ကျနေသည့် တိုးမောင်ဖိနပ်အနီရောင်က လူတစ်ဦးလှမ်းလျှောက်သကဲ့သို့ တစ်လှမ်းချင်း လမ်းလျှောက်နေသည်ကို သုံးဦးသားမြင်တွေ့လိုက်ရသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ုလိုက်ပြီး ထက်အောင်နှင့် ကောင်းခန့်တို့မှာ သုဿန်အတွင်းမှ ထွက်ပြေးကြတော့သည်။ စိုးကြီးလည်း ပစ္စည်းများပင် မသိမ်းနိုင်တော့ဘဲ သုဿန်အတွင်းမှ အမြန်ပြေးထွက်ကာ ဆိုင်ကယ်ကိုခွလိုက်သည်။ ဆိုင်ကယ်သော့ဖွင့်ပြီး စက်နိုးသော်လည်း စက်မနိုးပေ။ ဆိုင်ကယ်စက်ကို ခြေထောက်နှင့်တအားနင်းပြီး စက်နှိုးနေစဉ် စိုးကြီး၏ ဆိုင်ကယ်အပေါ်သို့ တစ်စုံတစ်ယောက်က ခုန်တက်လိုက်သလိုခံစားလိုက်ရပြီး ဆိုင်ကယ်မှာသိမ့်ခနဲဖြစ်သွားသည်။ ထို့နောက် အေးစက်နေသည့် လက်ကြီးနှစ်ဖက်က စိုးကြီးလည်ပင်းကိုလာရောက်ချုပ်ကိုင်လေသည်။ စိုးကြီးလည်း မဝံ့မရဲဖြင့်အနောက်သို့လှည့်ကြည့်လိုက်သည့်အခါ ပုပ်ပွပြီးရုပ်ပျက်ဆင်းပျက်မျက်နှာကြီးနှင့် တိုးမောင်ကိုတွေ့လိုက်ရလေသည်။
“အား . . . .”
စိုးကြီးအော်သံက သချိုင်းကုန်းတစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။ ထက်အောင်နှင့် ကောင်းခန့်တို့နှစ်ဦးမှာတော့ ရွာလမ်းအတိုင်း ဒရောသောပါး ပြေးလွှားသွားကြလေသည်။
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။
မဖဲဝါမုန်းတဲ့ရွာ အပိုင်း(၂)
ဇာတ်သိမ်း
(၄)
ထက်အောင်နှင့် ကောင်းခန့်တို့မှာ ဒရောသောပါးဖြင့်ရွာသို့ပြေးဝင်လာခဲ့ကြသည်။ သုဿန်အတွင်းမှ အသံနက်ကြီးဖြင့်အော်ဟစ်လိုက်သည့် စိုးကြီး၏ အော်သံကိုကြားလိုက်ကြသည်။ နှစ်ယောက်သား မိမိတို့နေထိုင်သည့် အိမ်ကိုပြန်ရောက်သည့်အခါ အမောဖောက်ပြီး ဟောဟဲလိုက်နေသည်။ အလွန်ကြောက်လန့်နေသည့် ထက်အောင်မှာ ဖျားသွားလေတော့သည်။
ထိုည။
“အူ. . .ဝု . . .ဝူး”
ရွာထိပ်အိမ်များထံမှ ခွေးများက တောက်လျှောက်ထိုးဟောင်ကြသလို ဆွဲဆွဲငင်ငင်လည်း အူကြလေသည်။ ခွေးအူသံများနှင့်အတူ လူရိပ်ကြီးတစ်ခုက ရွာအတွင်းသို့ဦးတည်ကာ လျှောက်လှမ်းလာလေသည်။ ထိုလူရိပ်ကြီးကိုမြင်သည်နှင့် လမ်းတစ်လျှောက်ရှိခွေးများမှာ ဆွဲဆွဲငင်ငင်အူကြလေသည်။
တစ်ရွာလုံးအိပ်မောကျနေသော်လည်း စိုးကြီး၏ အိမ်တွင်တော့ လူတွေစည်ကားနေသည်။ စိုးကြီး၏ အလောင်းကိုဖက်ပြီး သူ့ညီမဖြစ်သူ၊ တိုးမောင်၏ မိန်းမက အော်ဟစ်ငိုကြွေးနေလေသည်။
“အောင်မယ်လေး အကိုကြီးရဲ့၊ သမီးယောက်ဖတွေ ချစ်လွန်းလို့ သူ့အနောက်ကိုလိုက်သွားတာလား”
ရွာသားတွေလည်း စိုးကြီးညီမကိုကြည့်ကာ ဂရုဏာသက်မိသည်။ စိုးကြီးညီမမှာ လွန်ခဲ့သည့်ရက်ပိုင်းကပင် လင်ယောက်ျားဖြစ်သူ တိုးမောင်သေဆုံးထားခြင်းဖြစ်ပြီး ယခုလည်း အကိုဖြစ်သူထပ်မံသေဆုံးသည့်အတွက် ယူကျုံးမရဖြစ်လည်း ဖြစ်လောက်စရာပင်။
တရွေ့ရွေ့နှင့် လေးလေးပင်ပင်လျှောက်လာသည့် ခြေသံကြီးမှာ အသုဘအိမ်အဝင်တွင် ရပ်တန့်သွားလေသည်။ စိုးကြီးညီမက စိုးကြီး၏အလောင်းကိုဖက်ထားရင်းပင် အိမ်အဝင်၀သို့လှမ်းကြည့်မိသည်။
“ဟင်၊ အကိုကြီး . . . အကိုကြီး”
စိုးကြီးညီမက ခြံ၀သို့ကြည့်ကာ ထိုသို့အော်ဟစ်ရင်း လဲကျသွားတော့သည်။ ဘေးနားမှလူများက ဝိုင်းဝန်းထိန်းထားပေးရသည်။ လူအများက ခြံ၀သို့ကြည့်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရပေ။
နောက်ရက်တွင်တော့ စိုးကြီးအား အသုဘချသည်။ ဆိုင်ကယ်မှောက်ပြီး သုဿန်အနီးတွင် ဇက်ကျိုးကာသေဆုံးနေသည့် စိုးကြီးအလောင်းကိုကြည့်ရင်း ရွာသားများက တစ်ယောက်တစ်မျိုး ကောက်ချက်ချကြလေသည်။ ရွာအနီးမှ ဆရာဝန်ကလေးကတော့ စိုးကြီးမှာ အရက်အလွန်အကြူးသောက်ပြီး ဆိုင်ကယ်မောင်းရင်း ဆိုင်ကယ်မှောက်ကာ ဇက်ကျိုးသွားပြီး နေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။ အစိမ်းသေသဘောမျိုး သေဆုံးသွားသည့် စိုးကြီးအား နောက်တစ်ရက်မှာပင် မီးသဂြိုဟ်လိုက်တော့သည်။
“ဟေ့ကောင် ထက်အောင်၊ ကိုစိုးကြီး အသုဘကို မင်းလိုက်အုံးမလား”
ကောင်းခန့်က ထက်အောင်အိမ်ပေါ်သို့တက်ရင်း ပြောလိုက်ရာ ထက်အောက်မှာ စောင်ခြုံအတွင်းမှနေပြီးခေါင်းခါပြလိုက်ရသည်။
“ငါ . . . ငါမလိုက်ချင်ပါဘူးကွာ”
“အင်းလေ၊ မင်းက နေမကောင်းတော့လည်း နေခဲ့ပေါ့၊ ငါကတော့ ကိုစိုးကြီးသေတာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ပဲထင်တယ်”
ကောင်းခန့်ကပြောရင်း ထက်အောင်အနီးသို့ တိုးကပ်လိုက်ကာ လူရိပ်လူခြေကြည့်လိုက်သည်။ ထက်အောင်တစ်ယောက်တည်း အိမ်ရှေ့တွင်ထိုင်နေသဖြင့် အနီးတွင်လူမရှိပေ။ ကောင်းခန့်က အသံကိုနှိမ့်လိုက်ပြီး
“ကိုစိုးကြီးအလောင်းကို သေသေချာချာကြည့်ရင် လည်ပင်းမှာ လက်ရာကြီးတွေ တွေ့တယ်ဟေ့ကောင်ရ”
“ဟေ . . . .”
ထက်အောင် အံ့ဩစွာဖြင့်ရေရွတ်လိုက်မိသည်။
“မင်းက ဘယ်လိုထင်လို့တုန်း ကောင်း . . ကောင်းခန့်”
“မင်းလည်းသိသားနဲ့၊ အဲဒီနေ့က ငါတို့သချိုင်းကုန်းမှာ အုတ်ဂူလုပ်နေတုန်း ကိုတိုးမောင်ကြီးက ငါတို့ကိုခြောက်လှန်ခဲ့တယ်မဟုတ်လား”
ကောင်းခန့်စကားကိုနားထောင်ပြီး ထက်အောင်က ခေါင်းညိတ်လိုက်သည်။
“ငါ့အထင်တော့ ကိုတိုးမောင်က ကိုစိုးကြီးကိုသတ်ပစ်လိုက်တာဖြစ်မယ်ကွ၊ သူတို့ကအမြဲတွဲနေတာမဟုတ်လား၊ နောက်ပြီး သူတို့ကြားထဲမှာ မကျေလည်တာ တစ်ခုခုရှိမယ်ထင်တယ်ကွ”
“မင်းက ဘာကိုဆိုလိုချင်တာလဲ”
“ရွာကလူတွေပြောတာတော့ ကိုတိုးမောင်ကို ကိုးစိုးကြီးက သချိုင်းကုန်းထဲမှာ သတ်ပစ်လိုက်တယ်လို့ပြောကြတယ်၊ အဲဒါကြောင့် ကိုတိုးမောင်က ကိုစိုးကြီးကို ပြန်သတ် . . . သတ်”
“တော်တော့ကောင်းခန့်ရာ၊ မဟုတ်တာတွေပြောမနေနဲ့တော့၊ ငါနားမထောင်ချင်ဘူး”
သရဲကြောက်တတ်သည့်ထက်အောင်မှာ ကောင်းခန့်စကားတွေကို ဆက်နားမထောင်ချင်တော့ပေ၊ ကောင်းခန့်ကလည်း ထက်အောင်ကြောက်တတ်မှန်းသိသဖြင့် တမင်သက်သက်ခြောက်လှန့်ခြင်းဖြစ်ရာ ထက်အောင်ကြောက်သွားသည့်အတွက် ရယ်မောလိုက်လေသည်။
“အေးပါကွာ၊ မင်းကြောက်တယ်ဆိုရင် ငါမပြောတော့ပါဘူး”
“အောင်မယ် ငါက မကြောက်တတ်ပါဘူးကွ၊ ရုတ်တရက်မို့ လန့်သွားလို့ပါ”
“ဟား၊ ဟား မကြောက်တတ်ဘူးလဲဆိုသေး၊ နွေခေါင်ခေါင်ကြီး ဖျားတောင်ဖျားနေတယ်မဟုတ်လား၊ မင်းအကြောင်းကို ငါအသိဆုံးပါထက်အောင်ရာ၊ ဒါနဲ့စကားမစပ် ညတုန်းက ကိုစိုးကြီးရွာကိုဝင်လာတယ်တဲ့ကွ၊ သူ့ညီမတောင်မှ သူ့အကိုသရဲကြီးကိုတွေ့ပြီး လန့်ပြီးတော့ မေ့လဲသွားသေးတယ်တဲ့”
မကြောက်ဘူးဟုပြောသည့်ထက်အောင်မှာ ခေါင်းမွှေးတွေထောင်ထလာခဲ့သည်။
“မင်းဟာက ဟုတ်လို့လားကောင်းခန့်ရာ”
“အေးဆို၊ ငါ့အထင် ကိုစိုးကြီးနဲ့ ကိုတိုးမောင်က ငါတို့ဆီကိုများလာမလားပဲကွ”
“တိတ်စမ်းကောင်းခန့်၊ မင်းဒါတွေပြောဖို့လာတယ်ဆိုရင်တော့ ငါ့အိမ်ကနေအခုပြန်တော့”
“ဟား၊ ဟား၊ အေးပါကွာ၊ သူတို့က လာတော့လာမှကွ၊ ဘာလို့လဲဆိုတော့ ငါတို့ကို သူတို့က သိပ်ခင်တာမဟုတ်လား၊ ပြီးတော့ ငါတို့လေးယောက် . . . ”
“မင်းကိုသွားတော့လို့ပြောနေတယ်နော် ကောင်းခန့်၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့”
ထက်အောင်က အံကြိတ်လျှက်ဒေါသတကြီးပြောသဖြင့် ကောင်းခန့်က မတ်တပ်ထရပ်လိုက်သည်။ ကြောက်တတ်သည့်ထက်အောင်အား ပိုမိုကြောက်လန့်အောင်ပြောလိုက်ရသည့်အတွက် ကောင်းခန့်အလွန်ပျော်ရွှင်နေမိသည်။
“အေးပါ၊ သွားဆိုသွားပါ့မယ်၊ ငါတော့ သူတို့အသုဘလိုက်ပို့ပေးလိုက်အုံးမယ်ကွာ၊ တော်ကြာ ဒီလောက်ခင်တဲ့လူအချင်းချင်း နာရေးလိုက်မပို့ရကောင်းလားဆိုပြီး ကိုစိုးကြီးက ဒေါသထွက်ပြီး ငါ့ကိုရန်လာရှာနေအုံးမယ်”
ကောင်းခန့်က ပြောပြောဆိုဆိုနှင့် အိမ်အောက်သို့ဆင်းသွားသည်။ ထိုအခါ ထက်အောက်တစ်ယောက် အိမ်ရှေ့ခန်းတွင်ထိုင်နေရင်း ထိတ်လန့်လာသည်။
“အမေ . . . အမေ . . . ဘယ်သွားနေတာလဲ”
အိမ်နောက်ဖေးတွင် လူမမာစားရန် ဆန်ပြုတ်ပြုတ်နေသည့် ထက်အောင်အမေက ပြေးထွက်လာလေသည်။
“ဟဲ့သား၊ ဘာဖြစ်လို့လျှောက်အော်နေတာလဲ”
“အမေကလည်းဗျာ၊ သားအနားမှာ နေတာမဟုတ်ဘူး၊ အော်လိုက်ရလို့ မောလိုက်တာ”
“အေးကွယ်၊ ဆန်ပြုတ်ရပြီ၊ သောက်မလား”
ထက်အောင်ခေါင်းညိတ်လိုက်သည့်အခါ သူ့အမေက ဆန်ပြုတ်တစ်ခွက်ခပ်လာကာ ထက်အောင်အရှေ့တွင်ချလိုက်ပြီး ဆန်ပြုတ်အေးစေရန်အတွက် ပါးစပ်ဖြင့်မှုတ်ပေးနေလေသည်။ ထက်အောင်လည်း ကိုစိုးကြီးသေဆုံးသည်ကို ကြောက်ရွံ့သော်လည်း စိတ်ထဲသိချင်စိတ်များဖြစ်နေမိသည်။
“ဒါနဲ့ ကိုစိုးကြီး ညကရွာကိုဝင်လို့ဆို”
“အေး၊ ညက တစ်ရွာလုံးကခွေးတွေ အူလိုက်တာမှ ဆူညံနေတာပဲ၊ သားက ဆေးသောက်ပြီးအိပ်နေလို့ မကြားလိုက်တာဖြစ်မယ်၊ ကဲ ရော့သောက်”
ထက်အောက်တစ်ယောက် ဆန်ပြုတ်တစ်ဇွန်းကို ခပ်သောက်ရင်း စိတ်ထဲကြောက်လန့်နေမိသည်။
ထိုနေ့ည။
ထက်အောင်တစ်ယောက် ဖျားရုံတင်မကဘဲ ဝမ်းပျက်နေလေသည်။ ညအချိန်မတော် လန့်နိုးလာခဲ့ပြီးနောက် ဝမ်းအလွန်သွားချင်သဖြင့် အိမ်သာသို့အမြန်ပြေးခဲ့ရသည်။ နည်းနည်းနောက်ကျပါက ပုဆိုးထဲကို ဝမ်းတွေထွက်ကုန်မည်ဖြစ်သည်။ အိပ်ရာမှထတုန်းက ဝမ်းထွက်ကျမည်စိုးသဖြင့် ကမန်းကတန်းပြေးထခဲ့ရသော်လည်း အိမ်သာထဲရောက်တော့မှ ခြောက်ချားလာခဲ့သည်။
“အူ . . .ဝု . . .ဝူး”
ဆွဲဆွဲငင်ငင်အော်လိုက်သည့် ခွေးအူသံများကိုကြားလိုက်ရသည့်အတွက် ထက်အောင်တစ်ယောက် ထိတ်လန့်သွားသည်။ အိမ်သာနှင့် အိမ်မှာ အနည်းငယ်လှမ်းသည်။ အိမ်သာအနောက်တွင်တော့ ခြံစည်းရိုးရှိကာ ခြံစည်းရိုးတစ်ဖက်တွင် ရွာအပြင်ဘက်မှဖောက်လုပ်ထားသည့် ရွာပတ်လမ်းရှိသည်။ နေ့အချိန်တွင် ထိုရွာပတ်လမ်းတွင် ဆိုင်ကယ်များ၊ လူများသွားလာနေတတ်သော်လည်း ညအချိန်တွင်တော့ သွားလာမည့်သူမရှိပေ၊ ရွာအပြင်ပတ်လမ်းတစ်ဖက်တွင်တော့ ကျယ်ပြောလှသည့် ကွင်းကြီးများရှိကာ ဟိုးအဝေးမှ သစ်ပင်များအုပ်အုပ်ဆိုင်းဆိုင်းနှင့် သုဿန်ကြီးကိုလှမ်းမြင်နေရသည်။
“တော်ပြီ၊ သွားမှပဲ”
အိမ်သာပေါ်မှဆင်းလိုက်မည်အလုပ်တွင် ရွာအပြင်ပတ်လမ်းတွင် ဖိနပ်ကိုပွတ်ဆွဲပြီးa လးလေးပင်ပင်လမ်းလျှောက်လာသည့် လမ်းလျှောက်သံကိုကြားလိုက်ရသည်။ ထက်အောင်လည်း တစ်ယော်ယောက်သွားလာနေတာဖြစ်မည်ဟုထင်လိုက်ပြီးနောက် အိမ်သာပေါ်မှဆင်းလိုက်သည်။
သူထင်သည့်အတိုင်းပင် လူတစ်ယောက်က လှမ်းလျှောက်လာပြီး သူတို့ခြံအနောက်ဘက်နားတွင်ရပ်တန့်သွားလေသည်။ မှောင်မဲနေသဖြင့် ထိုသူမှာမည်သူမည်ဝါဖြစ်မှန်းကို မသိနိုင်ပေ၊ ထက်အောင်လည်း ထိုသူကိုဂရုထားမနေတော့ဘဲ အိမ်ဘက်သို့လျှောက်လိုက်စဉ်
“ထက်အောင်ရေ . . .”
အက်ကွဲကွဲခေါ်သံကြီးကိုကြားလိုက်ရသဖြင့် ထက်အောင် ကြက်သီးမွှေးညှင်းများထသွားသည်။
“ထက်အောင်ရေ . . . ငါပါကွ၊ ကိုစိုးကြီးပါ”
ထက်အောင်မှာ ထိုအသံကြားလိုက်သည့်အခါ အိမ်ဆီသို့အမြန်ပြေးလွှားပြီး အိမ်နောက်ဖေးပေါက်သို့ ခုန်တက်လိုက်ကာ တံခါးကိုဆောင့်ပိတ်သွားလေသည်။
“ဟား၊ ဟား ကောင်းတယ်”
အမှောင်ထဲမှ လူကရယ်မောနေလေသည်။ ထိုသူကတော့ အခြားသူမဟုတ်၊ ထက်အောင်၏ သူငယ်ချင်း ကောင်းခန့်ပင်ဖြစ်သည်။ ကောင်းခန့်က ထက်အောင်ကြောက်သဖြင့် တမင်ခြောက်လှန့်ရန် အကြံရသွားပြီး ကိုစိုးကြီးအသုဘအိမ်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်သာတက်ရန်ပြေးလာသည့် ထက်အောင်ကိုမြင်သဖြင့် ခြောက်လှန့်လိုက်ခြင်းဖြစ်သည်။
“ထက်အောင်ရေ၊ ငါပါ . . . ကိုစိုးကြီးပါ”
ကောင်းခန့်က သုံးလေးကြိမ်ခန့်အော်လိုက်သေးသည်။ ထက်အောင်တို့အိမ်ကလေးကတော့ မှောင်အတိကျနေလေသည်။ မကြာခင် အိမ်အတွင်းမှ ကြောက်လန့်တကြားအော်ဟစ်သံကိုကြားလိုက်ရသဖြင့် ကောင်းခန့်က ကြိတ်ကာရယ်မောလိုက်ပြီး ရွာအပြင်ပတ်လမ်းအတိုင်း အိမ်သို့ပြန်လာခဲ့လေသည်။
စိုးကြီးအသုဘတွင် လုပ်ကိုင်ပေးသူများအား ရွာဓလေ့အတိုင်း အရက်သေစာများဖြင့် ဧည့်ခံလေ့ရှိရာ ကောင်းခန့်က ကိုစိုးကြီးအိမ်တွင် အရက်သောက်လာခဲ့သောကြောင့် အနည်းငယ်ထွေနေလေသည်။ ရွာအပြင်ကွန်ကရစ်လမ်းမကြီးက လရောင်အောက်တွင် ဖြောင့်ဖြူးနေလေသည်။ ကွင်းအတွင်းမှ ဖြတ်တိုက်ခတ်လာသည့် လေကလေးများကြောင့်လည်း ပူလွန်းလှသည့် နွေညကိုအနည်းငယ်အေးမြသွားစေသည်။ ကောင်းခန့် ထက်အောင်တို့အိမ်ဘက်မှထွက်လာပြီး သူ့အိမ်သို့ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။ ရွာအပြင်လမ်းတစ်နေရာအရောက်တွင် သူ့အရှေ့တွင် ပိတ်ရပ်နေသည့် လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။
“ဟေ့၊ ဘယ်သူတွေလဲကွ၊ လူလာနေတာမမြင်ဘူးလား၊ ဖယ်စမ်း”
ကောင်းခန့်က ကြိမ်းမောင်းလိုက်သော်လည်း ထိုလူနှစ်ဦးမှာ ဖယ်မသွားဘဲ အရှေ့သို့ပင်တိုးလာခဲ့သည်။ ကောင်းခန့်က အရက်သောက်ထားသဖြင့် စိတ်နည်းနည်းကြွနေလေရာ ပုဆိုးကိုပြင်ဝတ်လိုက်ပြီး သူ့ထံသို့လျှောက်လာသည့် လူနှစ်ယောက်ထံသို့ ပြေးဝင်လိုက်ကာ လက်သီးနှင့်ထိုးထည့်လိုက်သည်။
သို့သော် သူ့လက်သီးက ထိုလူတစ်ဦး၏ ရင်ဘတ်ကိုထိမှန်သွားသော်လည်း ထိုလူမှာ ဘာမှမဖြစ်သလို ကောင်းခန့်လက်သီးကလည်း ဖွဲအိတ်တစ်ခုကို ထိုးနှက်ရသလိုဖြစ်သွားသည်။ ကောင်းခန့်လည်း လန့်သွားပြီး ထိုလူနှစ်ဦး၏မျက်နှာကို အသေအချာကြည့်လိုက်သည်။
“ဟင် . . . ကို . . . ကိုတိုးမောင်”
တိုးမောင်မျက်နှာကြီးက ခက်ထန်တင်းမာနေလေသည်။ နောက်တစ်ဦးကို သေချာကြည့်လိုက်ပြန်ရာတွင်လည်း စိုးကြီးဖြစ်နေသည်ကိုတွေ့ရသည်။ စိုးကြီးနှင့် တိုးမောင်က ကောင်းခန့်ကို မျက်နှာသေကြီးဖြင့်ကြည့်နေလေရာ ကောင်းခန့်မှာ အလွန်ထိတ်လန့်သွားပြီး အနောက်သို့လှည့်ပြေးတော့သည်။ သို့သော် ခပ်ဝေးဝေးသို့မပြေးရလိုက်ပေ၊ သူ့အရှေ့တွင် ငုတ်တုတ်ထိုင်နေသည့် ခွေးနက်ကြီးတစ်ကောင်ကိုမြင်တွေ့လိုက်ရသည်။ ကောင်းခန့်နှင့် နီးလာလေလေ၊ လမ်းပေါ်တွင်ထိုင်နေသည့် ခွေးနက်ကြီးက ကြီးလာလေလေဖြစ်သည်။ ခွေးနက်ကြီး၏ မျက်လုံးများက အနီရောင်များလင်းလက်နေပြီး သူ့ကိုမာန်ဖီနေသဖြင့် ကောင်းခန့်ပြေးလွှားနေရာမှ ရပ်တန့်လိုက်ရတော့သည်။
ကောင်းခန့်အမူးပင်ပြေသွားသည်။ သူ့အရှေ့တွင် ခွေးနက်ကြီးထိုင်နေပြီး အနောက်တွင်လည်း သေဆုံးသွားခဲ့သည့် တိုးမောင်နှင့် စိုးကြီးတို့နှစ်ယောက်က တလှမ်းချင်းလှမ်းလာလေသည်။ ကောင်းခန့်လည်း ပြေးမလွတ်တော့သည်မို့ လမ်းဘေးရှိ ကွင်းများအတွင်းသို့ ဆင်းပြေးတော့သည်။ ထိုအခါ ခွေးနက်ကြီးက တစ်ချက်ထိုးဟောင်လိုက်ပြီး ကောင်းခန့်အနောက်သို့ ပြေးလိုက်သွားတော့သည်။
(၅)
“သူငယ်ချင်း . . . ထက်အောင် . . .”
ထက်အောင်ခေါ်သံကြားသဖြင့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သည်။ သူ့အနီးတွင် အမေနှင့် ဆွေမျိုးသားချင်းတစ်ချို့က ထိုင်နေကြလေသည်။ ထက်အောင်တစ်ကိုယ်လုံး ဇောချွေးတွေပြန်နေသည်။
“ဟောတော့၊ သားသတိရလာပြီလား”
ထက်အောင်က ငုတ်တုတ်ထိုင်ရန်ပြင်ဆင်လိုက်ချိန်တွင် သူ့အမေက သူ့ကိုဆွဲထူကာ အိမ်ထရံတွင် ခေါင်းအုံးထောင်ပေးလျှက် မှီခိုင်းထားလေသည်။ ထက်အောင်တစ်ကိုယ်လုံး နုံးချိနေရာ လက်များခြေများပင် မသယ်နိုင်ပေ။
“သား . . . သားလေ”
“စကားတွေ သိပ်မပြောပါနဲ့သားရယ်၊ သားဟိုညက အပေါ့ထသွားရင်း မီးဖိုချောင်ထဲမှာ လဲကျနေတာသားရဲ့၊ အခုဆို သားသတိလစ်နေတာ ငါးရက်နီးပါးရှိပြီ၊ ဆရာဝန်ကလည်း ဆေးရုံတင်ခိုင်းနေပြီ”
ထက်အောင်က အားယူပြီးစကားပြောချင်သော်လည်း အသံကမထွက်သလို လည်ချောင်းတွေက အက်ကွဲနာကျင်နေသည်။ အမှန်တော့ ထက်အောင်မှာ အိမ်သာတက်ရင်း စိုးကြီးသရဲအခြောက်ခံရပြီး မေ့လဲသွားခြင်းဖြစ်သည်။ သို့သော် သူနိုးလာတော့ ကောင်းခန့်၏အသံကိုကြားရသည်။ အခုတော့ အိမ်တွင်ကောင်းခန့်မရှိပေ။
ထက်အောင်က အိမ်ရှေ့ကိုလှမ်းကြည့်လိုက်သည်။ ထိုအခါ သူတို့ခြံအဝင်၀အနားတွင် မတ်တပ်ရပ်နေသည့် ကောင်းခန့်ကိုလှမ်းတွေ့ရသည်။ ထက်အောင်က အားယူပြီး လက်ကိုမြှောက်လိုက်ကာ ကောင်းခန့်အားလှမ်းခေါ်လေသည်။ သို့သော်လည်း ကောင်းခန့်က သူ့အားကြည့်ရုံသာကြည့်နေပြီး ဘာစကားမှပြန်မပြောပေ။
“ဟေ့ . . . ဟေ့ကောင်၊ လာလေကွာ”
ထက်အောင်အမေက ထိတ်လန့်ပြီးအိမ်အပြင်သို့လှမ်းကြည့်လိုက်သည်။
“ဘယ်သူ့ကိုခေါ်နေတာလဲသားရဲ့”
“ဟိုမှာအမေ၊ ကောင်းခန့်က ခြံအဝကနေ ကျွန်တော့်ကိုလှမ်းကြည့်နေတယ်”
“ဟင်”
ထက်အောင်အမေရော ဆွေမျိုးတစ်ချို့ပါ မျက်လုံးပြူးသွားကြသည်။ ထက်အောင်က သူ့အမေကိုလက်တို့ပြီး
“ဒီကောင်အိမ်ထဲဝင်ချင်နေပုံရတယ်အမေ၊ အမေသွားခေါ်လိုက်စမ်းပါ”
ထက်အောင်အမေမျက်နှာအတော်ပျက်နေသည်။
“နေစမ်းပါသားရယ်၊ သူ့ဖာသာနေပါစေ”
“မဟုတ်တာပဲ၊ ဒီကောင် ခုနက သားကိုခေါ်နိုးလိုက်တာ၊ အခုအိမ်ပေါ်မတက်ဘူးဆိုတာလည်း အမေတို့ရှိနေလို့ထင်ပါတယ်ဗျာ”
“မဟုတ်တာတွေမပြောနဲ့တော့သား၊ သားပြန်လှဲအိပ်နေလိုက်”
“ကောင်းခန့်က ဘာဖြစ်နေလို့ သူ့ကိုအိမ်ပေါ်မခေါ်ချင်တာလဲအမေ”
ထက်အောင်အမေ ဘာပြောရမှန်းမသိတော့ပေ၊ အနားတွင်ထိုင်နေသည့် ထက်အောင်အဒေါ်က ထက်အောင်ကိုကြည့်လိုက်ပြီး
“မင်းသူငယ်ချင်းကောင်းခန့် တစ်နေ့ကပဲ ဆုံးသွားပြီလေ”
ထက်အောင်မျက်လုံးများပြူးကျယ်သွားလေသည်။
“ဟုတ်၊ ဟုတ်လို့လား၊ ကျွန်တော်အခု သူ့ကိုမြင်နေရတယ်နော်”
“တကယ်ပေါ့၊ ခွေးရူးကိုက်ခံရပြီးတော့ ခွေးရူးပြန်ပြီး သေသွားတာ”
ထက်အောင် အဒေါ်ပြောနေသည့်စကားများကို မယုံကြည်ချင်တော့၊ သူတို့တွေက သေပြီဟုသာပြောနေသော်လည်း သူ့မျက်စိရှေ့တွင် ကောင်းခန့်အား အတိုင်းသားမြင်နေရသည်။ ထက်အောင်က အိမ်မှလူများက တမင်သူ့အား လိမ်ပြောခြင်းဖြစ်မည်ဟု ထင်နေသည်။ ဟော့ဟော့ရမ်းရမ်းနှင့် သောက်သောက်စားစားရှိသော ကောင်းခန့်နှင့် ပေါင်းသင်းနေသည်ကိုပင် အိမ်မှလူကြီးများက သိပ်မကြိုက်ပေ။
ထက်အောင်ကြည့်နေရင်း ကောင်းခန့်နံဘေးတွင် လူတစ်ယောက်ပေါ်လာသည်။ ထိုသူကတော့ ကိုစိုးကြီးဖြစ်သည်။ ကိုစိုးကြီးက ထက်အောင်ကိုကြည့်နေရင်း လက်ယပ်ကာ လှမ်းခေါ်သည်။ ထို့နောက် ကိုစိုးကြီးဘေးတွင် ကိုတိုးမောင်ပေါ်လာပြန်သည်။ သုံးယောက်စလုံးကိုမြင်လိုက်တော့မှ ထက်အောင်တစ်ယောက် အလွန်သွေးပျက်သွားသည်။
“အမေ၊ ကိုစိုးကြီးနဲ့ ကိုတိုးမောင်က ကျုပ်ကိုလှမ်းခေါ်နေပြီဗျ”
တစ်အိမ်သားလုံးထိတ်လန့်သွားသည်။ ထက်အောင်က မျက်လုံးကြီးပြူးပြီး အိမ်အပြင်သို့လက်ညှိုးထိုးလျှက်
“အမေရေ၊ လုပ်ပါအုံး၊ သူတို့လာနေကြပြီ၊ သူတို့ကိုတားပါအုံး၊ မလာကြနဲ့ . . . မလာနဲ့”
ထက်အောင်တစ်ယောက် အိမ်ရှေ့ခန်းတွင် လူးလှိမ့်နေသဖြင့် အိမ်မှလူများက ဝိုင်းဆွဲရသည်။ ထက်အောင်အဒေါ်က ထက်အောင်အိမ်ရှေ့သို့ မမြင်နိုင်စေရန်အတွက် စောင်ကြီးတစ်ထည်ကိုယူပြီး အိမ်ရှေ့ပြတင်းပေါက်တွင် ထကာလေသည်။ သို့သော် သူတို့အားလုံး နောက်ကျသွားခဲ့ပြီ။ ထက်အောင်မှာ မျက်လုံးကြီးပြူးပြီး သူ့အမေလက်ထဲတွင် ငြိမ်ကျသွားတော့သည်။
“သား၊ သားလေး . . .”
မကြာခင် ထက်အောင်တို့အိမ်ထံမှာ ငိုယိုအော်ဟစ်သံများ ထွက်ပေါ်လာလေသည်။ ထက်အောင်သေဆုံးသွားသည့်နေ့မှာ ကောင်းခန့်အား သဂြိုဟ်ပြီး နောက်တစ်ရက်တွင်ဖြစ်သည်။
(၆)
“အူ . . .ဝု . . .ဝူး”
ညနေ နေဝင်ရီတရောအချိန်တွင် သုဿန်အတွင်းမှ ခွေးအူသံကြီးကိုကြားလိုက်ရသည်။ ထို့နောက် ခွေးနက်တစ်ကောင်က ရွာဆီသို့ပြေးလာခဲ့သည်။ ရွာလမ်းမကြီးအတိုင်း ပြေးလာကြရာ ရွာသားများအားလုံးထိတ်လန့်သွားကြလေသည်။
“ခွေးရူးထင်တယ်ဟေ့၊ လိုက်ကြ၊ ဖမ်းကြ”
နွေရာသီဖြစ်သဖြင့် ခွေးရူးအလွန်ပေါတတ်သည်။ ခွေးရူးများမှာ ခွေးလေခွေးလွင့်များဖြစ်ကြပြီး ခွေးရူးထသည့်အချိန်တွင် ရွာထဲသို့ဝင်ကာ မည်းမည်းမြင်သမျှ ကိုက်ဆွဲတတ်ကြလေသည်။ ထို့အတွက်ကြောင့်ရွာသားများမှာ ခွေးရူးမြင်လျှက် ခြောက်လှန့်မောင်းထုတ်ကြရုံတင်မက၊ ရိုက်ပုတ်သတ်ဖြတ်ကြလေ့ရှိသည်။
ယခုလည်း ရွာရှိလူရွယ်များက တုတ်များ၊ လေးခွများကိုင်ဆောင်ပြီး ရွာထဲသို့ပြေးဝင်သွားသည့် ခွေးရူးအနောက်သို့ ပြေးလိုက်ကြသည်။ ခွေးရူးကြီးက ရွာလယ်လမ်းအတိုင်းပြေးလာကြရာ ရွာမှရွာသူရွာသားများက ကြောက်လန့်သဖြင့် ပြေးလွှားပုန်းအောင်းကြလေသည်။
လူတစ်စုကလည်း အနောက်မှ ထပ်ကြပ်မကွာလိုက်လာကြရာ၊ မကြာခင် ရွာလယ်ရှိ လမ်းလေးခွဆုံသို့ ရောက်လာခဲ့သည်။ အခြားလမ်းများမှလည်း ခွေးရူးဟုဆိုသဖြင့် လူများတက်လာကြသော်လည်း လမ်းလေးခွဆုံတွင် အဖွဲ့များအားလုံး ဆုံမိသည့်အခါ ခွေးရူးကို အစအနပင်မတွေ့ရတော့ပေ။
“ခွေးရူးဘယ်ပျောက်သွားလဲ”
“တစ်အိမ်အိမ်ထဲဝင်ပြီး ပုန်းနေတာများလား”
ရွာသားများမှာ တစ်ညနေလုံး ခွေးရူးကိုရှာဖွေသော်လည်း အစအနပင်ရှာမတွေ့သဖြင့် ညရှစ်နာရီထိုးခါမှ ခွေးရူးရှာပုံတော် ရပ်လိုက်ရတော့သည်။
ညည့်နက်သန်းခေါင်တွင် ခွေးအူသံကြီးကိုကြားရပြန်သည်။ ရွာမှလူငယ်များမှာ ညည့်နက်သန်းခေါင်အချိန်အထိ မအိပ်တတ်ကြသေးပေ၊ ဂိမ်းဆော့သူကဆော့၊ ဖုန်းသုံးသည့်သူက သုံးဖြင့် ညအတော်နက်မှ အိပ်ကြလေသည်။
ခွေးအူသံကြီးကြားပြီးသည့်အခါ ခွေးနက်ကြီးတစ်ကောင်က ရွာအတွင်းသို့ တစ်လှမ်းချင်းဝင်လာလေသည်။ ထိုခွေးကြီးအနောက်မှ လူလေးယောက်က တစ်လှမ်းချင်းလှမ်းလျှက် ဖြေးညှင်းစွာလျှောက်လာသည်ကို မအိပ်သေးသည့်လူငယ်တစ်ချို့က တွေ့လိုက်ကြသည်။ ရွာလယ်လမ်းမီးတိုင်များက ထိန်လင်းနေသော်လည်း ထိုလူလေးယောက်ကို မည်သူမည်ဝါမှန်း မမြင်ရဘဲ အရိပ်နက်ကြီးများအဖြစ်သာ မြင်ရသဖြင့် သာမန်လူမဟုတ်ဘဲ နာနာဘာ၀များဖြစ်နိုင်ကြောင်း သိလိုက်ကြသည်။
မနက်လင်းသည်နှင့် ငိုသံကြားရတော့သည်။ ရွာမှလူများကလည်း ညက ရွာကိုသရဲဝင်သည့်အကြောင်း ပြောဆိုကြသည်။ အလားတူ ရွာရှိ အသက်ကြီးပိုင်း လူကြီးတစ်ယောက်လည်း ကွယ်လွန်သွားလေသည်။ ထိုလူကြီးမှာ နာတာရှည်ရောဂါသည်ကြီးဖြစ်သဖြင့် ထိုသေဆုံးမှုမှာ သရဲများဝင်သည်နှင့် တိုက်ဆိုင်သည်ဟုသာ ထင်မှတ်လိုက်ကြသည်။ သို့သော် တစ်ပတ်တစ်ခါလိုလို၊ ငါးရက်တစ်ခါလိုလို သရဲများ ဝင်ဝင်လာတတ်ပြီး သရဲဝင်ပြီးပါက နောက်တစ်နေ့တွင် ရွာမှ တစ်ဦးဦးက သေဆုံးစမြဲဖြစ်သည်။ သုံးလေးကြိမ်ခန့်ဖြစ်ပြီးသည့်အခါ ရွာသားများက တုန်လှုပ်လာကြသည်။
“အဲဒါ ရွာခိုက်နေတာပဲ၊ ဒီသရဲတွေကို တားဆီးမှရမယ်”
ရွာသားများက ပြောဆိုကြသဖြင့် ရွာလူကြီးနှင့် ဆရာတော်များက ရွာအဝင်လမ်းတွင် ပရိတ်တရားရွတ်ဖတ်ကြလေသည်။ ထိုနေ့ညတွင် အလားတူ သရဲများဝင်လာသော်လည်း ဝင်မရဘဲရှိနေသည်ဟု အချို့ကတွေ့မြင်လိုက်ကြသည်။ ရွာအတွင်းဝင်မရသဖြင့် သရဲများမှာ ရွာကိုတစ်ညလုံး ပတ်နေကြပြီး တောက်ခေါက်သံများ၊ ဆူပူကြိမ်းဝါးသံများကိုလည်း ကြားရသည်ဟုဆိုကြသည်။
သို့တိုင်အောင် နောက်နေ့တွင် လူသေစမြဲဖြစ်သည်။ အင်းကုန်းရွာတွင် ဂြိုလ်ဆိုးဝင်နေပြီဖြစ်သည်။ ရွာတွင် အသုဘအိမ်မှာ အဆက်ပြတ်သည်မရှိတော့ပေ၊ တစ်အိမ်မှ တစ်စုံတစ်ယောက်သေဆုံးပြီး ရက်မလည်သေးခင် နောက်တစ်အိမ်မှ တစ်စုံတစ်ဦးက သေဆုံးပြန်သည်။ အစပိုင်းတွင် သက်ကြီးရွယ်အိုများ၊ လူနာများသေဆုံးကြသော်လည်း နောက်ပိုင်းတွင်တော့ အရွယ်ကောင်းလူငယ်များ၊ ကလေးသူငယ်များပါ တစ်ခုမဟုတ်တစ်ခုဖြစ်ပြီး သေဆုံးတတ်ကြလေသည်။
ရွာသူရွာသားများမှာ ရွာတွင်ဆက်မနေရဲတော့ဘဲ ဆွေမျိုးများရှိသည့် ရွာများသို့ပြောင်းရွှေ့နေထိုင်ကြလေသည်။ ဆရာတော်များက ရွာလမ်းမများပေါ်တွင် ပရိတ်တရားများရွတ်ဖတ်သော်လည်း ရွတ်ဖတ်သည့်အခါတွင်သာ ရပ်တန့်သွားပြီး တစ်ပတ်ခန့်ကြာသည့်အခါ ပြန်လည်ဖြစ်ပွားလေ့ရှိသည်။
သို့နှင့် မိုးရာသီသို့ပင်ရောက်ခဲ့ပြီ၊ အင်းကုန်းရွာကလေးတွင် လူဦးရေ လေးပုံတစ်ပုံခန့်သာကျန်သည်။ လူများလည်း ဆက်တိုက်သေဆုံးလျှက်ရှိရာ ခြောက်လအတွင်း ရွာသား ဆယ့်ခုနစ်ဦးအထိ သေဆုံးနေပြီဖြစ်သည်။ ရွာလူကြီးများနှင့် ရပ်ရွာအုပ်ချုပ်ရေးမှူးများမှာလည်း ခေါင်းမီးတောက်နေပြီဖြစ်သည်။ နောက်ဆုံးတော့ ဟင်္သာတမြို့မှ အထက်လမ်းဆရာတစ်ဦးကို ပင့်ရတော့သည်။ ထိုဆရာကြီးအမည်က ဦးဘိုးမြ ဖြစ်သည်။
ဦးဘိုးမြက ကားပေါ်မှဆင်းလိုက်ကတည်းက ရွာမသန့်သည်ကို သတိထားမိသည်။ စိတ်ထဲအလွန်ကြောက်မက်ဖွယ်ကောင်းသည့် ခံစားမှုတစ်ခုကိုခံစားနေရသည်။
“ခင်ဗျားတို့ရွာ တစ်ခုခုတော့မှားနေပြီဗျ၊ မကောင်းတဲ့အငွေ့အသက်တွေရနေပြီ”
“အားကိုးပါတယ် ဆရာကြီးရယ်၊ ဒါကြောင့်ဆရာကြီးကို ပင့်ခေါ်ခဲ့တာပေါ့၊ ကျုပ်တို့ရွာကို ကယ်တင်ပေးပါ”
“ကောင်းပြီ၊ ငါဒီဒေသက ဆိုင်ရာပိုင်ရာတွေ ခေါ်ပြီး မေးပေးမယ်”
ဦးဘိုးမြက ခါးထောက်ပြီး ရွာကိုကြည့်နေစဉ်တွင် မိန်းမကြီးတစ်ယောက်က သူ့အနီးသို့ရောက်လာလေသည်။ ထိုမိန်းမကြီးမှာ ခြေသလုံးလောက်ထိရှည်လျားသည့် ဆံပင်ကြိးကို ဖားလျားချထားပြီး ထမီရင်လျားကို အထက်ဆင်ဇောက်ထိုးဖြင့် ဝတ်ဆင်ထားသည်ဟုဆိုသည်။ ထိုမိန်းမကြီးက ဆရာကြီးအနားရောက်သည့်အခါ ခါးထောက်ပြီး မတ်တပ်ရပ်သည်။
“နင်ဘာကောင်လဲ”
“ငါ သချိုင်းစောင့်ပဲ”
“နင့်မျက်နှာက မာလှချည်လား”
“ဒီရွာကလူတွေက ကျုပ်မကြိုက်တာကိုလုပ်ထားတယ်၊ ဒါကြောင့် ဒင်းတို့ကိုကျုပ်မုန်းတယ်”
“ခွင့်လွှတ်ပေးလိုက်စမ်းပါဟာ”
“အို . . . မရဘူး၊ ဒင်းတို့ကိုခွင့်မလွှတ်နိုင်ဘူး၊ ဒင်းတို့တစ်ရွာလုံးက လူတွေကို အသီးမှည့်ကြွေသလို တဖြုတ်ဖြုတ်နဲ့ကြွေကျအောင် ကျုပ်လုပ်မှာ . . .”
ထိုသို့ပြောဆိုပြီးသည့်အခါ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။ ထိုမိန်းမကြီးကို ဆရာကြီးတစ်ယောက်သာမြင်ပြီး ကျန်သည့်သူများက မမြင်တွေ့ရဟုဆိုကြသည်။ ဆရာကြီးတစ်ယောက်ထဲ စကားပြောနေသည်ကိုသာ မြင်တွေ့ကြရသည်။
ဆရာကြီးက ကျေးရွာအုပ်ချုပ်ရေးမှူးဘက်သို့လှည့်လိုက်ပြီး
“သချိုင်းစောင့်က ခင်ဗျားတို့ကိုမကျေနပ်လို့တဲ့၊ ခင်ဗျားတို့ရွာက လူတွေက သူမကြိုက်တာကို လုပ်ထားကြတယ်တဲ့”
ရွာမှလူများ အံ့အားသင့်သွားပြီး အချင်းချင်းကြည့်လိုက်ကြလေသည်။ အုပ်ချုပ်ရေးမှူးလည်း အသေအချာစဉ်းစားလိုက်ပြီး
“မဟုတ်ပါဘူး ဆရာကြီးရယ်၊ ကျုပ်တို့ဘာမှမလုပ်ပါဘူး”
ဦးဘိုးမြက မျက်မှောင်ကြုတ်လိုက်ပြီးနောက်
“ကဲ၊ ခင်ဗျားတို့မသိဘူးဆိုရင်လည်း သိတဲ့သူကို မေးကြည့်ရတာပေါ့၊ ကိုင်း ဝင်စမ်း”
ဆရာကြီးအော်လိုက်သည်နှင့် ကြည့်နေကြသည့် ရွာသားများအတွင်းမှ ရွာသူတစ်ဦးက ခွေခနဲလဲကျသွားလေသည်။ ထို့နောက် ထိုရွာသူမှာ ဆောင့်ကြောင့်ကြီးထထိုင်ပြီး ငိုကြွေးနေလေသည်။
“ပြောစမ်း၊ မင်းတို့ဘာလုပ်ခဲ့ကြလဲ”
“ကျုပ်တို့မှားပါတယ်၊ ကျုပ်တို့ မဖွယ်မရာတွေ လုပ်ခဲ့မိပါတယ်”
အသံကယောက်ျားသံကြီးဖြစ်နေသည်။ ယောက်ျားသံကိုမှ တိုးမောင်၏ အသံကြီးဖြစ်သည်။ တိုးမောင်က ငိုကြွေးပြီးတော့မှ အဖြစ်အပျက်အစအဆုံးကို ပြန်လည်ပြောပြလေသည်။ ထိုတော့မှ ရွာသားများအားလုံး နားလည်သွားကြသည်။
“ကျုပ်တို့ကို ကယ်ကြပါအုံး၊ ကျုပ်တို့လေးယောက်အခု အဲဒီသချိုင်းကုန်းက သချိုင်းစောင့်ကြီးဆီမှာ ကျွန်ဖြစ်နေကြရတယ် . . . အီး . . ဟီး”
“အေး၊ မင်းတို့အတွက်ရည်စူးပြီးတော့ ငါတို့တွေကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတန်းဝေပေးမယ်”
ဆရာကြီးကပြောပြီး ထိုမိန်းမ၏နဖူးကို လက်ဖြင့်သပ်ချလိုက်တော့မှ ထိုမိန်းမမှာ အူကြောင်ကြောင်နှင့် နိုးထလာခဲ့သည်။ ရွာသားများလည်း အဖြစ်အပျက်အစုံသိသွားပြီမို့ အလှူတစ်ခုဖြစ်မြောက်ရန် စီစဉ်ကြရတော့သည်။ နောက်တစ်နေ့မနက်တွင် ဆရာတော်များကို ဆွမ်းလှူ၊ သင်္ကန်းလှူပြီးနောက် မကျွတ်မလွတ်သေးသည့်သူများကို ဖိတ်ကြားကာ အမျှအတန်းပေးဝေလိုက်လေသည်။
ထိုမျှမကသေး ဆရာတော်များကို ဆိုင်ကယ်ပေါ်တွင်တင်လျှက် ဘလူးတုစပီကာများဖြင့် ပရိတ်တရားတော်များကို ရွတ်ဖတ်စေပြီး ရွာ၏လမ်းကြိုလမ်းကြားများပါမကျန်၊ ရွာကို ခုနစ်ပတ်ပတ်ကာ ပရိတ်တရားရွတ်ဖတ်ကြလေသည်။
ထိုသို့စီမံပြီးတော့မှ ရွာတွင်လူသေဆုံးမှုများဆက်မဖြစ်တော့ဘဲ၊ ပုံမှန်အတိုင်းပြန်ဖြစ်သွားလေတော့သည်။ သို့တိုင်အောင် ရွာကိုစွန့်ခွာသွားကြသည့် ရွာသားအချို့မှာ ပြန်မလာရဲကြသေးပေ၊ ထိုအထဲတွင် စိုးကြီး၏ ညီမ၊ တိုးမောင်၏ မိန်းမဖြစ်သူလည်းပါဝင်နေသည်။
သို့သော် ယခုတိုင် အင်းကုန်းရွာကလေး၏ သုဿန်တွင် တစ်ခါတစ်ရံ ငိုသံကြီးများ၊ အော်ဟစ်ဆူညံသံများနှင့် ခွေးအူသံများကြားတတ်ကြသေးသည်ဟု ရွာခံများက ဆိုကြလေသည်။
ပြီးပါပြီ။