အစွဲကြီးသော အဖွားအို (စ/ဆုံး)

“ရှပ် .. ရှပ် .. ရှပ်”
တိတ်ဆိတ်နေသောညသန်းခေါင်ယံအချိန်တွင် ခြေသံလိုလိုအသံကြောင့် ခင်မေလန့်နိုးလာသည်။သူမဘေးသို့လှည့်ကြည့်လိုက်တော့ ပြာလဲ့လဲ့ညအိပ်မီးရောင် အောက်တွင် အိပ်မောကျနေသော မောင်နှင့်သမီးလေးကိုတစ်ချက်ကြည့်ပြီး ထိုအသံကို သူမနားစွင့်နေမိသည်။
“ရှပ် .. ရှပ် .. ရှပ် .. ရှပ်”
“မောင် .. မောင် .. ထပါအုံး”
“အင် .. ဟင် .. ဘာလဲ မေ”
“အိမ်ထဲမှာ ခြေသံကြားတယ် သူခိုးလားမသိဘူး မောင်ရဲ့ထပါအုံး”
အိပ်မောကျနေသော ယောင်္ကျားကို လှုပ်နှိုးရင်း ပြောလိုက်သည်။ ဇနီးသည်အပြောကြောင့် ကိုကျော်ခေါင် ငုတ်တုတ်ထထိုင်ပြီး နားစွင့်နေရင်းမှ
“မကြားပါဘူး မေရဲ့”
“မေ သေသေချာချာကြားလိုက်တယ် လူတစ်ယောက်လမ်းလျှောက်နေတဲ့ ခြေသံမျိုးပဲ”
“နေအုံး မောင်သွားကြည့်မယ်”
ပြောပြောဆိုဆို ပုဆိုးပြင်ဝတ်ရင်း ထထွက်သွားသောယောင်္ကျားကိုကြည့်ပြီး အိပ်မောကျနေသောသမီးလေးကို ငုံကြည့်လိုက်ရင်း စောင်ခြုံပေးလိုက်လေသည်။ သူမတို့နေသော အိမ်လေးမှာမကျယ်ပါ အိပ်ခန်း2ခန်းပါဝင်ပြီး လေးထောင့်စက်စက်ဧည့်ခန်းလေးတစ်ခု၊ မီးဖိုချောင်နှင့် ရေချိုးခန်း အိမ်သာတွဲရက် ပါဝင်ပြီး အနည်းငယ် ကျယ်ဝန်းသော ခြံလေးနှင့်တစ်ထပ်တိုက်ပုလေးပင် ဖြစ်သည်။
ကိုကျော်ခေါင် မီးတွေဖွင့်လိုက်ပြီး တစ်အိမ်လုံးစစ်ဆေးပြီးမှ အိပ်ခန်းထဲပြန်ဝင်လာခဲ့သည်။
“ရှပ် ရှပ် ရှပ် ရှပ်”
ခြေသံကြား၍ သူမအိပ်ခန်းအပေါက်ဝသို့ မောင်လာပြီအထင်နှင့် လှမ်းကြည့်နေသည်။
ထိုစဉ် ခြေသံက သူမအခန်းထဲသို့ လျှောက်ဝင်လာသည်။
“ရှပ် ရှပ် ရှပ် ရှပ်”
အခန်းထဲ ဝင်လာနေသော ခြေသံသာ ကြားရပြီး လူမမြင်ရ သောကြောင့် သူမကြက်သီးမွေးညှင်းများထကာ အလွန်အမင်းထိတ်လန့်နေမိသည်။
“ရှပ် ရှပ် ရှပ် ရှပ်”
ခြေသံက သူမနှင့် တစ်ဖြည်းဖြည်းနီးကပ်လာပြီး
ကုတင်အစွန်းနားတွင်မွေ့ရာခွက်ဝင်သွားသည်ကို တွေ့လိုက်ရသောအခါ
“အား ..မောင်ရေ ..မောင်”
သူမ သမီးလေးကိုကောက်ပွေ့လိုက်ရင်း ထိန့်လန့်စွာ မောင့်ကို အော်ဟစ်ခေါ်လိုက်မိသည်။
“မေ.. မေ ဘာဖြစ်တာလဲ မောင်ရှိတယ်လေ”
“မေမေ ဘာဖြစ်တာလဲ သမီးကြောက်တယ် အီးဟီး”
မိခင်၏ထိတ်လန့်တကြားအော်သံကြောင့် သမီးလေးထက်လွန်းပါ လန့်နိုးလာကာ ထင်ိုလေတော့သည်။ ကိုကျော်ခေါင် ဇနီးသည်လက်ထဲမှ သမီးလေးကို ဆွဲပွေ့လိုက်ရင်းမှ
“သမီးလေးတိတ် တိတ် ဖေကြီးရှိတယ်”
သမီးကိုချော့ရင်း
“မေ ဘာဖြစ်တာလဲ မောင့်ကိုပြောပါအုံး”
မျက်လုံးအပြူးသားနှင့်ဖြစ်နေသောဇနီးသည်အား စိုးရိမ်ကြီးစွာ မေးလိုက်သည်။
“သရဲခြောက်တယ်မောင် သရဲ .. ဒီ.. ဒီ နေရာမှာထိုင်သွားတယ်”
သူမအထစ်ထစ်အငေါ့ငေါ့ဖြင့် မွေ့ရာအစွန်းကို လက်ညှိုးထိုးပြလိုက်သည်။
“မဟုတ်တာပဲ မေရယ် အမြင်မှားတာဖြစ်မှာပါ”
“ဟင့်အင်း မေ မမှားဘူး လူမမြင်ရဘူး မွေ့ရာချိုင့်ဝင်သွားတာ မေ အသေအချာ မြင်လိုက်တယ်”
ဇနီးသည်စကားကြောင့် ကိုကျော်ခေါင် ပြုံးကြည့်လိုက်ရင်းမှ
“ဒီနေ့မှအိမ်ပြောင်းလာတော့ ကိုယ်နဲ့မရင်းနှီးတဲ့ နေရာအပြောင်းအလဲကြောင့် စိတ်ထဲချောက်ခြားနေတာပါကွာ . မေ ပင်ပန်းနေပြီ ကဲအနားယူ မောင်ရှိတယ်နော်”
“ဖေကြီးရဲ့သမီးလေးလဲအိပ်တော့နော်”
ဇနီးသည်ကိုနှစ်သိမ့်ရင်း 5နှစ်အရွယ် သမီးလေးကိုပါ တစ်ချက်နမ်းလိုက်ပြီး သူချော့သိပ်လိုက်လေသည်။
“မေရေ မောင်အလုပ်သွားတော့မယ် မောင့်ဖောင်တိန်လေး ပျောက်နေတယ် တွေ့မိသေးလား မိန်းမ”
မနက်စာစားပြီး အထုတ်ဆွဲ၍ အလုပ်သွားရန် ဟန်ပြင်နေသော ယောင်္ကျားဖြစ်သူအသံကြောင့် ခင်မေ မီးဖိုထဲမှ ထွက်လာခဲ့ပြီး
“မတွေ့ဘူး မောင် အလုပ်ထဲကျန်ခဲ့မှာပေါ့
ရှာကြည့်အုံး . မောင် ညနေစောစောပြန်ခဲ့နော်”
မနက်ထိ အကြောက်မပြေသေးသော ဇနီးသည်၏ ခေါင်းလေးအား တစ်ချက်ပုပ်ကာ
“စိတ်ချ ညနေအစောပြန်ခဲ့မယ် သမီးလေးကိုဂရုစိုက် ခြံတံခါးပိတ်ထား”
မေ ခေါင်းငြိမ့်ပြလိုက်ရင်း ကားမောင်းထွက်သွားသော ယောင်္ကျားကို မျက်စိရှေ့မှပျောက်ကွယ်သွားသည်ထိ ရပ်ကြည့်နေပြီးမှ ခြံတခါးပိတ်ကာ ဝင်လာခဲ့သည်။
“သမီးလေးရေ ထတော့ မျက်နှာသစ်ပြီး မနက်စာ စားရအောင်”
အိပ်ရာထက်မှသမီးလေးကို တစ်ချက်နမ်းရင်း နှိုးလိုက်လေသည်။ ထိုစဉ် နှိုးလာသော ထက်လွန်းက အခန်းဝအားကြည့်နေရင်းမှ
“မေမေ ဘယ်ကဖွားဖွား ရောက်နေတာလဲ ..ဟင်”
သမီးစကားကြောင့် ခင်မေ တုန်လှုပ်စွာ အခန်းပေါက်ဝကိုလှည့်ကြည့်လိုက်ရင်း
“သမီးလေး ဘယ်သူကိုတွေ့လို့လဲ”
“ဖွားဖွားလေ”
“ဘယ်ကဖွားဖွားလဲ ဒီအိမ်မှာ
ဖေဖေရယ် မေမေရယ် သမီးရယ်ပဲ ရှိတာလေ”
“သမီးတွေ့တယ် မေမေ”
“တော်ပြီ သမီး ထ မနက်စာစားရအောင်”
သူမ သမီးကို ငေါက်စပ်စပ်ပြောရင်း အိပ်ရာသိမ်းလိုက်လေသည်။
သူမ ဧည့်ခင်းတွင်ထိုင်ကာ ကစားနေသောသမီးကို ကြည့်နေရင်းမှ မနက်က သမီးပြောသောစကားကို ပြန်စဉ်းစားနေမိသည်။ ဖွားဖွားတဲ့ ဒီအိမ်သည် လူမနေပဲ ပိတ်ထားတာကြာပြီ ဖြစ်သော်လဲ ပြီးခဲ့သည့် တစ်လခန့်ကမှ အိမ်ပိုင်ရှင် အသစ်ကပြောင်းဝယ်လိုက်ပြီး ငှါးစားမည်ဟု သတင်းကြားသောကြောင့် မောင်က ဒီအိမ်လေးကို အလုပ်နဲ့လဲနီး လုံးချင်းလေးလဲဖြစ်တာကြောင့် မိသားစုနေဖို့ သင့်တော်သည်ဟုဆိုကာ ပြီးခဲ့သော တစ်ပတ်ခန့်ကမှ တစ်လ1သိန်းဖြင့်, တစ်နှစ်,စာချုပ်ကာ ငှါးရမ်းခဲ့ခြင်းဖြစ်ပြီး မနေ့ကမှ ပြောင်းရွေ့လာခြင်းဖြစ်သည်။ သို့သော် သည်အိမ်သည် သရဲခြောက်သည်ဟု တစ်ခါမှမကြားဖူးခဲ့ပါ။
“မေရေ မောင်မနက်ဖြန် မန္တလေးကို ခရီးထွက်ရမယ်”
“ဟင် မောင်မသွားလို့မရဘူးလား”
“မိန်းမရယ် မောင်က ဒီနေပြည်တော်ရဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ROYAL HOTELရဲ့ AGMလေ။ AGMအစည်းအဝေးကို မတက်လို့ဘယ်ဖြစ်ပါ့မလဲ”
ဟုတ်ပါသည်။ မောင်တို့က တစ်လတစ်ကြိမ် မန္တလေးတွင် အစည်းအဝေးထိုင်ရပါသည်။
သို့သော် သူမစိုးထိတ်နေမိသည်။ဒီအိမ်ကို ရောက်တာကမှ မနေ့က ပြီးတော့ ဒီအိမ်တွင် မမြင်ရသည့်တစ်စုံတစ်ခုရှိနေသည်ဆိုတာ သူမသိသည်။
“မေ ဘာဖြစ်လို့လဲ”
“သြော် ဘာမှမဖြစ်ပါဘူး မောင်”
သူမ မောင့်ကိုပြုံးပြရင်းဖြေလိုက်သည်။
မောင်ခရီးသွားခါနီး နောက်ကြောင်း စိတ်မဖြောင့်မည်စိုးသောကြောင့် သူမနှုတ်ပိတ်နေလိုက်သည်။
ဧည့်ခန်းကြမ်းပြင်တွင်ဖျာခင်းပြီး သမီးလေးအားတစ်ရေးသိပ်ရင်း သူမပါ မှေးခနဲ အိပ်ပျော်သွားသည်။ ထိုစဉ် မီးဖိုခန်းထဲမှ အိမ်ရှေ့ခန်းသို့ လျှောက်လာသော ခြေသံကြား၍ သူမမျက်လုံး ဖွင့်ကြည့်လိုက်ရာ အင်္ကျီသနပ်ခါးရောင်၊ ထမီနံသာရောင်နှင့် အသားကဖြူဖြူ တစ်ခေါင်းလုံးဖွေးစွတ် ပါးလျနေသော ဆံပင်ကို ဆံထုံးလေးထုံးထားပြီး ခါးကုန်းနေသော်လဲ ခြေတံလက်တံရှည်ကာ ကြည့်ရတာ အရပ်မြင့်လောက်သည့် အဖွားအိုတစ်ဦးသည် မီးဖိုခန်းထဲမှ ထွက်လာပြီး သူမဘေးမှ ဖြတ်လျှောက်ကာဘုရားအိုးစင်သို့ သွားလေသည်။ ဘာလုပ်မလို့ပါလိမ့်
သူမတွေးရင်း စိတ်ညှို့ခံရသူပမာ ထိုအဖွားအိုအား လိုက်ကြည့်နေမိသည်။
ထိုအဖွားအိုသည် ဘုရားစင် ဒုတိယဆင့်သို့ ရောက်နေသော သူရဿတီ မယ်တော်ရုပ်လေးအား ဘုရားစင်ပေါ်တွင် ပြန်တင်လိုက်ပြီး ဘုရားစင်အောက်သို့ ချထားသော ဘိုးတော်ရုပ်များနှင့် တရုတ်အန်းကုန်းရုပ်ကို ကောက်ယူကာ ဘုရားစင်၏အောက်တစ်ဆင့် ဒုတိယစင်၏အလယ်တည့်တည့်တွင် အရင်ထားရာအတိုင်း ပြန်ထားပြီး
မိမိဘက်လှည့်လာကာ စားတော့ဝါးတော့မတတ် မျက်လုံးစိမ်းစိမ်းကြီးများနှင့် စိုက်ကြည့်နေလေသည်။
သူမ အိပ်ရာမှ ဖျတ်ခနဲ နှိုးလာသည်။
သမီးလေးကိုကြည့်လိုက်တော့ ဘေးတွင် အိပ်မောကျလျက် ငါ အိမ်မက် မက်နေတာပါလား …တွေးရင်း အမှတ်မထင် ဘုရားအိုးစင်သို့ လှမ်းကြည့်လိုက်တော့
“ဟင်”
သူမ ကပျာကယာထကာ ဘုရားစင်သို့ သွားကြည့်လိုက်တော့ သူမအလွန်အမင်း အံ့သြထိတ်လန့်သွားမိလေသည်။
သူမ မနက်က ဘုရားအိုးများ လဲလှယ်ရင်း
ဒီသူရဿတီမယ်တော်က ဘုရားနဲ့ တတန်းထဲဖြစ်နေပါ့လား ..
သူမတွေးရင်း ထိုအရုပ်ကို အောက်တစ်ဆင့်သို့ ချထားလိုက်လေသည်။ ဒီဘိုးတော်ရုပ်တွေလဲ ဟောင်းနွမ်းနေပြီပဲ။ ဘုရားစင်ဆိုတာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထား ကိုးကွယ်ရာ။ ဘိုးတော်ရုပ်အန်းကုန်းရုပ်ဆိုတာ ဘုရားစင်နဲ့ ဘာမှမဆိုင်ဘူး … သူမအယူအဆအတိုင်း ရေရွတ်ရင်း ထိုအရုပ်များကို စွန့်ပစ်ရန် ဘုရားစင်အောက်တွင် ချထားလိုက်လေသည်။
ယခု နေ့တောင်မကူး . ထိုအရုပ်များကို အရင်ကအတိုင်း လာပြန်ထားသွားသည်။
ဘုရား ဘုရား ဒီအဖွားအိုကြီးက ဒီအိမ်ကလား …?
အိမ်တံခါးများသေချာပိတ်ကာ
သားအမိနှစ်ယောက် အိပ်ရာဝင်ခဲ့လေသည်။
“မေမေ သမီးကို ပုံပြောပြ”
“ပြောပြမှာပေါ့ မေ့သမီးလေးကို”
“ဟိုးရှေးးးရှေးးးတုန်းကတဲ့ . … …. ….. . ”
… ….. ….
ပုံပြင်တောင် မဆုံးသေး အိပ်ပျော်သွားသော သမီးလေးကို တစ်ချက်ငုံ့နမ်းလိုက်ပြီး စောင်သေချာခြုံပေးလိုက်လေသည်။
“ရှလွမ် ..ချွင် ..ချွင်”
ဆတ်ခနဲ သူမလန့်နိုးလာသည်။ နာရီကြည့်လိုက်တော့ .. ညသန်းခေါင်1:15 .
“ရွှင် ..ရွှင် ..ချွမ်”
မီးဖိုထဲက အသံပဲ ဘာပါလိမ့် သူမအသာထကာ ကြောက်စိတ်ကိုအားတင်းရင်း မီးဖိုထဲသို့ အသာဝင်လာခဲ့သည်။
“ထောက်”
နံရံမှမီးခလုပ်ကို စမ်းပြီး မီးဖွင့်လိုက်တော့ မီးဖိုခန်း တစ်ခုလုံး လင်းထိန်သွားလေသည်။
“ဟင်”
မီးအလင်းရောင် အောက်တွင် သူမမြင်လိုက်ရသည်က နေ့လည်က အိမ်မက်ထဲမှာလိုလို အပြင်မှာလိုလိုနှင့် တွေ့လိုက်ရသော ခါးကုန်းကုန်းနှင့် အဖွားအို။
သူမအား ကျောပေးကာရပ်နေလေသည်။
သူမ ကြည့်နေစဉ် ထိုအဖွားအို၏လက်သည် မြှောက်တက်သွားပြီး ဇွန်းခြင်းပေါ်တွင် တန်းစီးစိုက်ထိုးထားသော စတီးဇွန်းများပေါ်သို့ လက်တင်လျက် ရှေ့နောက် ဆွဲနေလေသည်။
“ချလွမ် ချွင် ချွင်”
“အား”
သူမ ကြောက်လန့်စွာ အိပ်ခန်းထဲသို့ ဝရုန်းသုန်းကားပြေးဝင်ပြီး ကုတင်ပေါ်ပြေးတက်ကာ သမီးလေးကိုဖက်ထားရင်းမှ သံဗ္ဗူဒ္ဓေ ဂါထာတော်အားတတွတ်တွတ်ရွတ်ဆိုလျက် စောင်ခေါင်းမြီးခြုံထားလိုက်လေတော့သည်။
“ရှပ် ..ရှပ် ..ရှပ် ..ရှပ်”
“တောက်”
ထိုတစ်ညလုံး သူမအခန်းရှေ့တွင်
ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်သံ
မကျေမချမ်း ‘တောက်’ခေါက်သံများကို မိုးလင်းခါနီးထိ ကြားနေရလေသည်။
• • • • • • •
“အဲ့ဒီအိမ်က သရဲခြောက်တယ် အမေ သမီးမနေရဲတော့ဘူး”
ခင်မေ မနက်မိုးလင်းထဲက သမီးကိုခေါ်ပြီး မိခင်အိမ်သို့ထွက်လာခဲ့သည်။
“ဟုတ်ရဲ့လားသမီးရယ် အဲ့ဒီအိမ်က လူမနေပဲ ပိတ်ထားတာကြာပေမယ့် သရဲခြောက်တယ်လို့တော့ အမေလဲ မကြားမိပါဘူး”
“အမေရယ် သမီးတို့လဲ မကြားမိလို့ ငှါးမိတာပေါ့”
“ကဲပါ တစ်ယောက်ထဲမနေရဲရင် နင့်ညီမကို ခေါ်အိပ် အငယ်မ လိုက်သွားပေးလိုက်”
ထိုအခါ ယောက်ကရှာ ညီမဖြစ်သူက လက်သီးလက်မောင်းတန်းလျက်
“မမ ကျွန်တော် လိုက်အိပ်ပေးမယ်”
သူမ သက်ပြင်းချလျက် လက်ခံလိုက်သည်။ ဘာပဲဖြစ်ဖြစ် အားကိုးအားထားစရာ အဖော်တစ်ယောက်ရှိတော့ တော်သေးသည်။ မနက်ဆိုရင်ပဲ မောင်ပြန်လာပြီပဲလေ။
သူမခြေသလုံးကို ပွတ်သပ်နေသော ကြမ်းရှရှအေးစက်စက်ကြီးကြောင့် နုရီတစ်ယောက် အိပ်နေရာမှ လန့်နိုးလာလေသည်။ ဘာပါလိမ့် ကြွက်လား
ထိုစဉ် ထိုကြမ်းရှရှအေးစက်စက်ကြီးက ထပ်မံပွတ်ဆွဲပြန်လေသည်။
နုရီ ဆတ်ကနဲထထိုင်ကာ ထိုအရာကို ဆွဲဖမ်းလိုက်လေသည်။
“ဟင် လက် လက်ကြီး…”
နုရီ မော့ကြည့်လိုက်တော့
သူမမျက်နှာရှေ့တွင် သွေးမရှိသော ဖြူဖတ်ဖြူရော် မျက်နှာကြီးနှင့် မျက်တွင်းကဟောက်ပက် မျက်လုံးစိမ်းစိမ်းကြီးများက အပြင်သို့ပြူးထွက်နေကာ နှုပ်ခမ်းသားများက ပါးစပ်တွင်းသို့ လိပ်ကာဝင်နေသော အဖွားအိုကြီးက နုရီ ခြေထောက်ကို ကိုင်ထားလျက်ကြီး ကုန်းကြည့်နေလေသည်။
“အားး”
“ဝုန်း”
ညီမဖြစ်သူနုရီ အော်သံနှင့် ဆူညံသံများကြောင့်
ခင်မေလန့်နိုးလာကာ
“နုရီ နုရီ ဘာဖြစ်တာလဲ”
“သ သရဲမကြီး ကုတင်ပေါ်က ဆွဲချတယ် ငါကြောက်တယ် အီးဟီး ငါကြောက်တယ်”
နုရီ ထိတ်လန့်စွာငိုရင်း
ကုတင်ပေါ်သို့ပြေးတက်လာကာ အမဘေးကပ်၍ငိုနေလေတော့သည်။
“ထွက်သွား ထွက်သွားကြ”
ခြောက်ကပ်အက်ကွဲသော အသံကြီးနှင့် အဖွားအိုကြီးက သူမတို့ကို ကြည့်ကာ အော်ဟစ်ရင်း လက်ကြီးနှစ်ဖက်အား ဆန့်တန်းလျှက် သူမတို့ ရှေ့သို့ တိုးလာလေသည်။
“ထွက်သွား ငါ့အိမ်ထဲက ခုထွက်ကြ သွား ထွက်သွား”
ထိုအခါမှ ခင်မေလဲ ကြောက်လန့်တကြားနှင့် လက်အုပ်ကြီးချီလျက်
“အဖွား အဖွားရယ် ကျွန်မတို့ အဖွားအိမ်ကို အပိုင်စီးမို့မဟုတ်ပါဘူး နေစရာအခက်ခဲဖြစ်လို့ ခဏလေးငှါးနေရုံပါ သမီးတို့မနက်ကျရင် ထွက်သွားပေးပါ့မယ် သမီးတို့ကို မခြောက်ပါနဲ့ ကြောက်လို့ပါအဖွားရယ် အီးဟီးဟီး”
ခင်မေလဲ ကြောက်အားလန့်အားနှင့် ငိုယိုတောင်းပန်လေသည်။
သမီးလေးထက်လွန်းကပါ ကြောက်လန့်တကြား လိုက်ငိုသောကြောင့် တစ်အိမ်လုံး ငိုသံများနှင့် ဆူညံသွားလေတော့သည်။
ထိုအခါ အဖွားအိုကြီးမှ ခင်မေအား စိမ်းစိမ်းကြီး စိုက်ကြည့်လျက် ပျောက်သွားလေတော့သည်။
မိမိခြံရှေ့တွေ ဒိုင်နာကားတစ်စီးပိတ်ရပ်ထားပြီး
ထိုကားပေါ်မှပစ္စည်းများအား တာလပတ်နှင့် အုပ်ကာ ကြိုးချည်နေသော ကားသမား2ယောက်ကို တွေ့ရလေသည်။ ဒီလူ့တွေနှယ် အပေါက်ဝရှေ့တည့်တည့်များ ပိတ်ရပ်ထားရတယ်လို့ …..
ကိုကျော်ခေါင် တွေးပြီး မိမိကားကို ခြံပြင်တွင်ရပ်ခဲ့ကာ ခြံထဲဝင်ခဲ့လေသည်။
“ဟာ နုရီပါ ရောက်နေတာကိုး အတော်ပဲ ဒီမှာရော့ အမေ့ကို ထိုးမုန့်တွေပေးလိုက်အုံး”
အိမ်ရှေ့တွင် ငုတ်တုတ်လေးထိုင်နေသော ခယ်မလုပ်သူကို မုန့်ထုတ် ထိုးပေးခဲ့ရင်း
ကိုကျော်ခေါင် အိမ်ထဲသို့ ဝင်လာလေသည်။
“မေရေ မောင်ပြန်လာပြီ .. ဟင် မေ ဒါ .. ဒါက ဘာတွေလုပ်ထားတာလဲ”
ပစ္စည်းတွေသိမ်းထုတ်ထားသောဇနီးသည်ကိုကြည့်ရင်း သူအံ့သြစွာ မေးလိုက်သည်။
“မေတို့ အမေ့အိမ်ကိုပြန်ရအောင် မောင်”
“ဟာ ဘာလို့လဲ မိန်းမရဲ့ ဒီအိမ်လေးက အစစအရာရာ အဆင်ပြေနေသားနဲ့”
“မေ မနေရဲတော့ဘူး မောင်
မေ ကြောက်တယ်”
“ဟာ မိန်းမကလဲကွာ အဓိပ္ပါယ်မရှိတာ
ငွေကတစ်နှစ်စာချုပ်ထားတာ အဆုံးနော် နေတာတောင် တစ်ပတ်မပြည့်သေးဘူး”
“ငွေဆုံးရင်လဲဆုံးပါစေ လူမဆုံးဖို့ အရေးကြီးတယ်”
မေခင် ဒေါသဖြစ်စွာ ယောင်္ကျားကို ခတ်ဆတ်ဆတ်ပြန်ပြောလိုက်လေသည်။
“မင်းကွာ ငါမပြောင်းဘူး ငါဒီမှာပဲနေမယ် ငါ့ပစ္စည်းတွေထားခဲ့”
“မောင် မပြောင်းဘူးလား”
“မပြောင်းဘူး”
“ဒါဆို မီးဖိုခန်းထဲဝင်ကြည့်လိုက်”
မေခင် သူ့ယောင်္ကျားကို ခပ်တိုးတိုး ပြောလိုက်ရင်း လှည့်မကြည့်ပဲ မီးဖိုချောင်အားလက်ညှိုးထိုးပြလိုက်လေသည်။
သူ မေခင့်ကို ကြည့်ရင်း အူကြောင်ကြောင်ဖြင့် မီးဖိုးခန်းဝမှ အတွင်းသို့ လှမ်းကြည့်လိုက်လေသည်။
“ဟင် .. ဘာ .. ဘာကြီးလဲဟ”
သနပ်ခါးရောင်အင်္ကျီနှင့် နံသာရောင်ထမီဝတ်ထားသော ခါးကုန်းကုန်းအဖွားအိုကြီးသည်
သူ့ကိုကျောပေးထားလျက် တံမြက်စည်းလှဲနေပြီး အဆမတန်ပြူးကျယ်ထွက်နေသော မျက်လုံးစိမ်းကြီးများနှင့် နှုတ်ခမ်းမရှိသော သူမ၏မျက်နှာဖြူစွပ်စွပ်ကြီးကတော့
သူ့ဘက်သို့ တည့်တည့်ကြီးလှည့်၍
ကြည့်နေလေသည်။
သူကြောက်လန့်စွာ မေ့ပြီးကြည့်နေမိစဉ် သူ့ရင်ဘတ်ပေါ်သို့ ဆတ်ကနဲ ဆတ်ကနဲ လာလာတို့နေ၍ ငုံကြည့်လိုက်လေရာ
သူငယ်ချင်းထံမှလက်ဆောင်ရထားသည့် မိမိ၏ တန်ဖိုးကြီးဖောင်တိန်လေးအား တို့ကာတို့ကာ ပေးနေသော အရိုးပေါ်အရေတင် ဖြူဖတ်ဖြူရော် လက်ကြီးတစ်ဖက် … ထိုလက်ကြီးကို ကြည့်လိုက်တော့ သူနှင့် 10ပေလောက် အကွာတွင်ရပ်ပြီး တံမြက်စည်းလှည်းနေသော အဖွားကြီး၏ လက်ချောင်းကြီးတစ်ဖက်
“အားးး သ သ သရဲမကြီး အမေရေ့ သားကိုကယ်ပါအုံးဗျ”
ကိုကျော်ခေါင် ထိုအခါမှ ပြေးရမည်ကို သတိဝင်လာပြီး
“ဟ မိန်းမရဲ့ ပစ္စည်းတွေ မြန်မြန်အပြင်ထုတ်ပါဟ
မင့်ကလဲ နှေးလိုက်တာ ဒီမိန်းမတော့”
ကိုကျော်ခေါင် ပုဆိုးမနိုင် လွယ်ထားသော ဘတ်အိတ်မနိုင်ဖြင့် မိန်းမကိုတောင် မစောင့်နိုင်တော့ပဲ အလျင်စလိုအိတ်တွေ ကောက်ထမ်းပြီး အပြင်သို့ ပြေးထွက်သွားလေတော့သည်။
သူမတို့အားလုံးခြံပြင်သို့ရောက်သည်နှင့်
ထိုအိမ်အားလှည့်ကြည့်လိုက်သောအခါ
အဖွားအိုကြီးက ဒေါသကြီးစွာဖြင့် သူ့လက်ထဲမှ ဘောပင်တစ်ချောင်းကို ခြံပြင်ရောက်နေသော သူတို့ရှေ့သို့ ပစ်ပေါက်လွှင့်ပစ်ပေးလိုက်ပြီး
“ဝုန်း ဝုန်း ဒိုင်း ဒုန်း ဂွမ်း”
ထိုအိမ်၏တံခါးပေါက်များသည်
လေမတိုက်ပါပဲနှင့်
တဝုန်းဝုန်း ဆောင့်၍ သူ့အလိုလို ပိတ်ကုန်လေတော့သည်။
“ဟင် ! မိန်းမ ငါ့သမီးလေးရော”
ထိုအခါမှ သမီးကို မေးနေသော ယောင်္ကျားလုပ်သူအား ရယ်ချင်စိတ်ကို မျိုသိပ်ပြီး
“မနက်ထဲက အမေလာခေါ်သွားပြီ တော်ရေ့”
“အင်း …မတတ်နိုင်ဘူး အိမ်ရှင်တွေဆီ အကျိုးအကြောင်းပြောပြရင် ငွေပြန်ရမလား မသိဘူး ဟူးးးး”
ကိုကျော်ခေါင် ပြောရင်း သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။
သူတို့၏ပစ္စည်းများတင်ဆောင်သွားသော ဒိုင်နာကားကြီးနောက်တွင် သူတို့၏ကားလေးလိုက်ပါသွားလေသည်။
သူတို့ဦးတည်ရာကတော့ ဒုက္ခရောက်လာလျှင် အမြဲတစေနားခိုခွင့်ပေးသော အမေ့အိမ်သို့ …..
ပြီးပါပြီ