ဦးဇင်းတစ္ဆေ(စ/ဆုံး)

 

ရွာ၏တည်ထားပုံမှာ ယခင်က ပြောဘူးခဲ့သလိုပင် အရှေ့နှင် အနောက် အလျားလိုက် တည်ထားခြင်းပင်။
အနောက်ဘက်၌ အောင်လှိုင်ရွာ၊သပြုချောင်ရွာတို့နှင့် အတန်းလိုက် တစ်ဆက်တစပ်ထဲ ရှိနေလေသည်။
ထိုအနောက်ဘက်ရွာမှ ခရီးသွားမည့်သူများအားလုံး ကြပ်စဉ်ချောင်းရွာတွင်းမှ ဖြတ်လျက် မြစ်ဆိပ်မှတဆင့် မိမိတို့ သွားလိုရာသို့ ဆက်လက်သွားကြရလေသည်။အများစုမှာ လယ်လုပ်သူ လယ်သမားများသာ ဖြစ်ကြပြီး တစ်ချို့ လယ်ပိုင်မရှိသူများက လယ်စရင်းငှါးလုပ်ကြလေသည်။ မိမိတို့ရွာအတွင်း စရင်းငှါးများ မလိုအပ် တော့လျှင် တနယ်တကျေးသို့သွားရောက်၍ အလုပ်ရှာကာ လုပ်ကိုင်ကြရပြီး အလုပ်ပြီးလျှင် မိမိတို့ရွာသို့ ပြန်လာကြလေသည်။
အောင်လှိုင်ရွာသားအများစုမှာ လယ်စရင်းငှါး လုပ်ကြသူများ၍ တစ်နယ်တစ်ကျေးသို့ သွားရောက် လုပ်ကိုင်ကြသူလည်း များပြားလေသည်။ သူတို့တွေ မည်သည့်အရပ်သို့ သွားရောက်လုပ်ကိုင်ကြသည် ဖြစ်စေ ကြပ်စင်ချောင်းရွာတွင်းမှ ဖြတ်ကာ တခြားအရပ်သို့ သွားကြရသည်ပင်။ ထိုအထဲမှ စောစေးထူးဆိုသူလည်း ပါဝင်လေသည်။ ရွာတွင် အလုပ်မရ၍ အောက်အရပ်သို့သွားကာ လယ်စရင်းငှါး သွားရောက်လုပ်ကိုင်နေ လေသည်။
တစ်ရွာနှင့်တစ်ရွာ တစ်ဆက်တစ်စပ်ထဲမို့ဘတစ်ယောက်နှင့်တစ်ယောက် ရင်းနှီးခင်မင်သိကျွမ်းကြ လေသည်။ ကြပ်စဉ်ချောင်းကျေးရွာမှာ အရှေ့အနောက် အလျှားလိုက်တည်ရှိပြီး ရွာလည်တွင် ချောင်းတစ်ခု ရှိကာ အရှေ့ဘက်ကမ်းရော အနောက်ဘက်ကမ်းပါ လူနေအိမ်ခြေများ တည်ရှိလေသည်။ ရွာ၏ ဘုန်းကြီး ကျောင်းမှာ ချောင်း၏ လက်ဝဲဘက်ကမ်း ရွာလည်၌ တည်ရှိလေသည်။ ထို ဘုန်းကြီးကျောင်းဝင်း အတွင်းမှပင် ရွာလမ်းက ဖြတ်ဖောက်ထားပြီး ချောင်းဖျားမှသူများ ချောင်းဝသို့ သွားချင်လျင်သော် လည်းကောင်း၊ချောင်းဝမှသူများ ချောင်းဖျားသို့ သွားချင်လျင်သော်လည်းကောင်း ထိုကျောင်းဝင်းအတွင်း လမ်းမကြီးမှ ဖြတ်သွားရလေသည်။
လမ်း၏ လက်ဝဲဘက်တွင် ဘုန်းကြီးကျောင်းရှိပြီး လက်ယာဘက်တွင် ရေကန်တစ်ကန် ရှိလေသည်။ရေကန်တူးကာစက သောက်ရေကန်ပြုလုပ်ရန်တူးသော်လည်း တူးပြီးသောအခါ ရေများက အဆမတန် ဖန်သောရေများသာ ထွက်လာ၍ သောက်၍လည်းမရ သုံး၍လည်းမရချေ။ ကျောင်း၏ ခေါင်းရင်းဘက်တွင် ရိုးချောင်းလေးတစ်ချောင်း ကန်လန့်ဖြတ်တည်ရှိပြီး ရွာလမ်းပေါ်၌ ရှိနေ၍ တစ်ဖက်သို့ကူးရန် ဝါးတံတား လေးတစ်ချောင်း ထိုးထားလေသည်။ ထိုဘုန်းကြီးကျောင်းတွင်လည်း ကျောင်ထိုင်ဆရာတော် တစ်ပါးသာရှိပြီး ရွာသူရွာသားများမှ တလှည့်စီ ဆွမ်းပို့ပေးကြလေသည်။ နောက်ပိုင်းတွင် ရွာထဲမှ ဦးစောမောင်ရွှေဆိုသူမှာ အသက်အရွယ်ရလာပြီး သားထောက်သမီးခံများ မရှိသူဖြစ်ရကား ထိုကျောင်း၌ ဦးဇင်းဝတ်၍ ဆရာတော်နှင့် အတူအဖော်တစ်ပါးတိုးလာလေသည်။ ဦးဇင်းဝတ်သွားသော်လည်း သူ၏ဘွဲ့မှာ မည်သူမျှမသိပဲ လူဝတ်ဖြစ်စဉ် က နာမည်အတိုင်းပင် ဦးဇင်းစောမောင်ရွှေ ဟုသာ ခေါ်ဆိုကြလေသည်။ ဆွမ်းခံထွက်လျှင် ဦးဇင်းစောမောင်ရွှေ သာ ရွာထဲမှ ကလေးများ၏ အကူအညီနှင့် နေ့စဉ်ဆွမ်းခံထွက်လေသည်။
ထိုသို့ နေလာရာ တစ်နေ့တွင် ဦးဇင်းစောမောင်ရွှေမှာ လေဖြတ်၍ အိပ်ရာထဲ လဲလေတော့သည်။
ရွာသူရွာသားများကပင် ဝိုင်းဝန်းကူညီ ကုသပေးကြ၍ ထူထူထောင်ထောင် ဖြစ်ကာ ပြန်လည်ကောင်းမွန်လာ ပြန်သည်။ သို့သော်လည်း စိတ်ကတော့ ပုံမှန်မဟုတ်တော့ပဲ အနည်းငယ် ကြောင်စီစီ ဖြစ်သွားလေသည်။တစ်ခါတရံ တစ်ယောက်ထဲ စကားတွေပြေနေတတ်ပြီး တစ်ခါတရံ လည်း ငူငူငိုင်ငိုင်နှင် ထိုင်ထား ငိုချင်လျှင် လည်း ငိုနေတတ်ပြန်သည်။ ထိုဘုန်းကြီးကျောင်း၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင်နေထိုင်သော ကိုဗျော့ ဆိုသူသည် မနက်စောစောအချိန် ချောင်ဝဘက်သို့ ကိစ္စတစ်ခုရှိ၍ ထွက်လာလေသည်။ ထိုကြောင့် ဘုန်းကြီး ကျောင်းအတွင်းမှ လမ်းကိုဖြတ်ကာ လျောက်လာပြီး ဘုန်းကြီးကျောင်းခေါင်းရင်းဘက်ရှိ ဝါးတံတားကို ဖြတ်၍ တစ်ဘက်ကမ်းသို့ ကူးရန်အလုပ်တွင် ထိုချောင်းအစပ်နားရှိ လမုပင်ပေါ်သို့ လှမ်းကြည့်မိလိုက်ပြီး…..
“ဟာ….အမလေး..လုပ်ကြပါဦးဗျို့…..”
အသံကုန်အော်ဟစ်ကာ ရှေ့ဆက်မသွားတော့ပဲ နောက်သို့ပြန်လှည့်ပြေးလေတော့သည်။ သူအော်သံကြား၍ အနီးအနားရှိ အိမ်များမှ ရွာသားများ အပြေးအလွားထွက်လာကြလေသည်။
“ဘာဖြစ်လို့လည်း.. ဘာဖြစ်တာလည်း..”
“ကိုဗျော…ဘာဖြစ်လို့လည်း…”
“ဦးဇင်း…..ဦးဇင်း….”
“ဦးဇင်း…ဦးဇင်း ဘာဖြစ်လို့လည်း….”
“ကျောင်းခေါင်းရင်းက လမုပင်မှာ ဦးဇင်းတစ်ပါး ဆွဲကြိုးချပြီး သေနေတာ….ကြိုးတန်းလန်းနဲ့ ချာလပတ် လည်နေတာ တွေ့ခဲ့တယ်”
“ဟာ…ဒုက္ခပဲ..ဦးဇင်းစောမောင်ရွှေထင်တယ်..လေထိပြီးထဲက စိတ်ကမှန်တော့တာမဟုတ်ဘူး… သူပဲဖြစ်လိမ့်မယ်..ကဲ..ကဲ..ရွာလူကြီးတွေ သွားခေါ်ကြ…ငါတို့က အဲဒီကို သွားကြည့်ကြမယ်”
ကိုဗျော့နှင့်အတူ ရွာသားတစ်ချို့ လိုက်လာကြလေသည်။ ထိုနေရာရောက်တော့…..
“ဟုတ်တာပေါ့ ဦးဇင်းစောမောင်ရွှေပဲ…တို့ လူကြီးတွေလာတာ ခဏစောင့်လိုက်ပြီး နောက်မှ ဘာလုပ်ရမလည်း တိုင်ပင်ကြတာပေါ့”
ခဏအကြာတွင် ရွာလူကြီးများရောက်လာကြပြီး လမုပင်ပေါ် ဆွဲကြိုးချကာ ပျံတောမူသွားသော ဦးဇင်းစောမောင်ရွှေအား သွာရောက်ဖြုတ်ယူကြပြီး ကျောင်းသို့ ယူဆောင်လာဘကလေသည်။
ဆရာတော်အား အကြောင်းစုံ ပြောဆိုပြပြီး ဦးဇင်းစောမောင်ရွှေ၏ ဈာပန ကိစ္စဆောင်ရွက်ရန် တိုင်ပင်ပြီး လုပ်ဆောင်စရာများအား ဝိုင်းဝန်းလုပ်ဆောင်ပေးကြလေသည်။ ရပ်ရွာ၏ ထုံးစံအတိုင်ပင် ရက်လည်းဆွမ်းသွပ် တရားနာကို ရွာသားများအားလုံး တက်ညီလက်ညီပင် လုပ်ကိုင်ပေးကြ၍ ကောင်ကောင်းမွန်မွန် ပြီးဆုံးသွားခဲ့ တော့လေသည်။ ထိုကိစ္စကား ဤမျှနှင့်သာ ပြီးဆုံးသွားပြီဟု ရွာသားများက ထင်ထားကြသော်လည်း တစ်နေ့၌……ထိုနေ့က တစ်နယ်၌သွားရောက်၍ စင်းငှါးလုပ်ကိုင်ပြီး အလုပ်ပြီး၍ ရပ်ရွာသို့ ပြန်လာသော စောစေးထူးပင်ဖြစ်လေသည်။ သူပြန်လာရာ ရွာထိပ်ရောက်ချိန်၌ ညနေပင်စောင်းနေလေသည်။
နောက်ကျနေ၍ ရွာသို့ပြန်ရန် ခြေကုန်သုတ်လျောက်လာလေသည်။ ထိုသို့ပြန်လာ၍ ရွာတွင်းလမ်းမှ ပြန်လျှောက်လာပြီး ဘုန်းကြီးကျောင်းထိပ်အရောက် ဝါးတံတားအား ဖြတ်ရန်အပြင် တစ်ဘက်ထိပ်၌ ဘုန်းကြီးတစ်ပါး ရပ်နေသည်ကို ရုတ်တရက်တွေ့လိုက်ရ၍ မကူးသေးပဲ စောင့်နေလိုက်သည်။
ထိုဘုန်းကလည်း ဝါးတံတားထိပ်၌ ရပ်နေပြီး ကူးမလာသေးပဲ သူ့အားစိုက်ကြည့်နေလေသည်။
ခုဏက သူပြန်လျှောက်လာစဉ် ထိုဘုန်းကြီးအားမတွေ့ပဲ အနားရောက်မှ ရုတ်ရက်တွေ့လိုက်ရ၍ သူအံ့ဩသွားလေသည်။
ရွာပြန်ရောက်ချင်ဇောနှင့် လောလောလျှောက်လာမိ၍ မမြင်မိခြင်းလည်း ဖြစ်နိုင်သည်ဟု တွေးမိ လိုက်သည်။ရုတ်တရက် ထိုဘုန်းကြီးက သူအားလှမ်း၍ မေးလေသည်။
“တကာကြီးက ဘယ်ကလာပြီး ဘယ်ကိုသွားမှာလည်း”
“တပည့်တော်က အနောက်ဘက် အောင်လှိုင်ရွာကပါ ဘုရား….တစ်ခြားမှာ အလုပ်သွားလုပ်ပြီး အခုအလုပ်ပြီး လို့ ပြန်လာတာပါ ဘုရား”
“အောင်လှိုင်ဆိုတော့ ဝေးသေးတာပဲ မှောင်တောင်မှောင်နေပြီ”
“တင်ပါ့..အဲဒါကြောင့် အမြန် ပြန်လျှောက်လာတာပါဘုရား”
နောက်ကျနေရသည့်အထဲ ထိုဘုန်းကြီးက လေဆက်မပြတ်၍ လမ်းဖယ်ပေးလိုပေးငြားပြောမိသော်လည်း ထိုအတိုင်းပင် ရပ်နေလေသည်။
“အင်း..တကာကြီးလည်း ပြန်စရာ ကိစ္စကရှိသေးတယ် မပြန်ခင် ဦးဇင်း တစ်ခုလောက်ကူညီပေးသွားပါဦး”
“တင်ပါ့ ကူညီပါ့မယ်ဘုရား မြန်မြန်သာပြောပါ”
ပြီး..ပြီးရောပြောလိုက်မိသည်။ထိုဘုန်းကြီးအနည်းငယ်ပြုံးသွားပြီး….
“ဦးဇင်း လည်ပင်းအစ်ပြီး အသက်ရှုမရလို့…. ဦးဇင်းလည်ပင်းက ကြိုးလေးဖြုတ်ပေးစမ်းပါကွယ်”
သူ သေသေချာချာ လှမ်းကြည့်လိုက်သော်လည်း လည်ပင်တွင်ဘာကြိုးမှမတွေ ။သူစိတ်ညစ်သွားသည်။ဦးဇင်းတစ်ပါးအနေနှင့် သူအားအချိန်ကြာအောင် အနောက်သင့်ချေ။သူအနည်းစိတ်တိုသွားပြီး……
“ဦးဇင်း လည်ပင်းမှာလည်း ဘာကြိုးမှမရှိပါဘူး..တပည့်တော်ကို မနောက်ပါနဲ့ဘုရား တပည့်တော် ရွာပြန်ဖို့ နောက်ကျနေပြီ”
“ရှိပါတယ်ကွယ့် ဟိုမှာ သေသေချာချာ ကြည့်ပါဦး”
ထိုဦးဇင်း လက်ညိုးညွန်ပြရာ သူလှမ်းကြည့်ရာ ချောင်းစပ် လမုပင်ပေါ်၌ ဆွဲကြိုးချနေသော ဘုန်းကြီးတစ်ပါး ကို လှမ်းမြင်လိုက်သည်။ စိတ်ထဲထိတ်ကနဲ့ ဖြစ်သွားပြီး မျက်နှာကို လှမ်းမြင်ရသောအခါ သူစိတ်ထဲ၌ မြင်ဘူးသလိုလို ထင်မိလေသည်။ ထို့နောက် ရှေ့၌ရှိသော ဦးဇင်းအား ပြန်လှည့်ကြည့်ရာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ဆွဲကြိုးချနေသော ဦးဇင်းနှင့် မိမိရှေ့၌ ရှိနေသောဦးဇင်းမှာ တစ်ပါးထဲ ဖြစ်နေလေသည်။
ထိုအခါမှ သူသဘောပေါက်သွားပြီး အားတကုန်အော်ကာ နောက်သို့လှည့်ပြေးတော့လေသည်။
“အမလေး…လုပ်ကြပါဦးဗျ…သရဲ…သရဲ…ဘုန်းကြီးသရဲ…”
သူ့အော်သံကြား၍ ရွာသားများ အပြေးထွက်လာကြလေသည်။
“ဘာဖြစ်တာလည်း….ဘယ်မှလည်းသရဲ”
“ကျောင်းထိပ်မှာ…ဘုန်ကြီးသရဲ…ဆွဲကြိုးချနေတာ…”
“ဟင်…”
“ဟာ…..”
ထိုအခါမှ ရွာသားများ သဘောပေါက်သွားပြီး ဦးဇင်းစောမောင်ရွှေတစ်ပါးမကျွတ်လွတ်သေးမှန်းသိသွားကြ လေသည်။ စောစေးထူးမှာ ထိုည သူရွာသို့ မပြန်ရဲတော့ပဲ အသိတစ်ယောက်အိမ်၌ ညအိပ်ပြီး မနက်လင်းမှ ရွာသို့ပြန်သွားတော့လေသည်။ ထိုကိစ္စအား ရွာလူကြီးများ တိုင်ပင်ကြပြီး ဆရာတော်ထံသွားကာ အကျိုး အကြောင်း လျှောက်ကြလေသည်။
“ဒီအတိုင်းဆို သူကျွတ်မှာ မဟုတ်ဘူး…အဲဒီအပင်ကိုဖြတ်ပြိး မီးရှို့လိုက်ကြ…ပရိတ်တွေဘာတွေရွတ်ပေးပြီး အမိန့်တော်ပြန်ပေးမှ ရမယ်”
“တင်ပါ့ဘုရား တပည့်တော်တို့ ဆောင်ရွက်လိုက်ပါ့မယ်”
ထို့နောက် ဦးဇင်းစောမောင်ရွှေ ဆွဲကြိုးချခဲ့သော လမုပင်ကြီးအား သွားရောက်ဖြတ်ယူကြလေသည်။
ထိုနောက် ဆရာတော်ကိုယ်တိုင် ဦးဆောင်ပြီး အမိန်တော်ပြန်ကာ ပရိတ်တရားတော်များလည်း ရွတ်ဖတ်ပေးလေသည်။ ထိုနောက် ဖြတ်ယူလာသော လမုပင်အား မီးရှို့လိုက်ပစ်လိုက်ကြလေသည်။
ထိုအချိန်မှစ၍ ဘာမှမတွေ့ကြတော့ပဲ အေးချမ်းသွား၍ ဦးဇင်းစောမောင်ရွှေတစ်ယောက် ကျွတ်လွတ် သွားပြီဟု တစ်ရွာလုံး ယုံကြည်သွားကြတော့လေသည်။